(ဆ)-ပြည်သူ့ဝန်ထမ်းများအား ယနေ့ခေတ်နှင့်လျော်ညီသော ထိုက်တန်သည့် ရာထူးအဆင့်အတန်း အလိုက် ဝန်ထမ်းခံစားခွင့်များ စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁.၂၀၁၃)

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများရဲ့ အခန်းကဏ္ဍမှာ ပုဒ်မ ၂၆ ပုဒ်မခွဲ(ခ)မှာ နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများရဲ့ မီးဖွားခြင်းဆိုင်ရာခံစားခွင့်ရရှိရေးနှင့် အငြိမ်းစား ဝန်ထမ်းများ စားဝတ်နေမှုသက်သာချောင်ချိရေးအတွက် လိုအပ်သည်များကို ဥပဒေပြဋ္ဌာန်းရမယ်လို့ ပါရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၇ မှာ နိုင်ငံတော်ဆိုတာဟာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှု အခွင်‌့အာဏာကိုကျင့်သုံးတဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုတယ်လို့ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုအာဏာကိုကိုင်စွဲတဲ့ အစိုးရအဖွဲ့နှင့် ဥပဒေပြုအာဏာကိုကိုင်စွဲတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း အခြေခံဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(ခ) မှာပါတဲ့ နိုင်ငံ့ဝန်ထမ်း များရဲ့ အခွင့်အရေးနှင့် ခံစားခွင့်တွေကို ရရှိဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး မိန့်မှာတဲ့ သန့်ရှင်းသောအစိုးရဖြစ်ဖို့ဆိုရင် ကောင်းမွန်သော စီမံခန့်ခွဲမှုလုပ်ရမှာဖြစ်တဲ့အတွက် မကြာမီမှာ အဂတိလိုက်စားမှုဥပဒေတွေလည်းပေါ်လာမယ်။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်မှုအတွက် လျော့နည်း ပပျောက်အောင်ဆောင်ရွက်တဲ့နေရာမှာ တရားမျှတမှုရှိဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (င) မှာပါတဲ့ နိုင်ငံတော်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးဆိုတဲ့အချက်ကို ထည်‌့သွင်းစဉ်းစားဖို့လိုအပ်မယ်လို့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့် တရားမျှတခြင်း၊ ညီမျှခြင်းဖြစ်အောင် ပြည်သူ့ဝန်ထမ်းများကို လုံလောက်သော လစာနှင့် နေအိမ်၊ ယာဉ်ကား၊ စက်သုံးဆီကို စီစဉ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါမှသာ ပြည်သူ့ဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့တာဝန်ကို လေးစားပြီးတော့ အလေးထားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို စီမံပေးမှသာ ကျွန်တော်တို့ ပြောနေတဲ့ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုဖြစ်ပြီးတော့ သန့်ရှင်းသော အစိုးရဖြစ်ဖို့အတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ရှေ့မှာမေးသွားတဲ့ ဦးရဲထွန်းနှင့် ဦးတင်မောင်ကြိုင်တို့ ပြောသွားသလိုပါပဲ ကျွန်တော်တို့ အောက်ခြေမြို့နယ်အဆင့်တွေမှာ၊ ခရိုင်အဆင့် တွေမှာ  လုံလောက်မှု မရှိတာတွေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ တကယ်တမ်းပြောမယ်ဆိုရင်တော့ သန့်ရှင်းသော အစိုးရဖြစ်ဖို့အတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုများလိုအပ်နေပါတယ်။ ဒါဘာကြောင့် ပြောရသလဲ ဆိုရင် စီမံခန့်ခွဲမှုအပိုင်းမှာ လွဲချော်မှုလို့လည်း ပြောလို့ရပါတယ်။ လစာမလုံလောက်လို့၊ လစာက အိမ်ငှားတာနဲ့ကုန်သွားပြီဆိုတာနဲ့ အကြောင်းပြချက်တွေနဲ့ လာဘ်ပေးလာဘ်ယူ ကျူးလွန်တာ တွေ၊ ယာဉ်ကားတွေ၊ စက်သုံးဆီတွေကို လုပ်ငန်းနှင့်ဆက်စပ်တဲ့ သူတွေဆီကနေ အကူအညီတောင်းတဲ့ အတွက်ကြောင့် မျက်နှာလိုက်ရတယ်။ မျက်နှာလိုက်ရတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာမှာ စာရွက်စာတမ်းတွေကို မလုံလောက်တဲ့အတွက်ကြောင့် အလှူခံတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါဟာလည်း စာရင်းမဝင်၊ တရားမဝင်ဖြစ်တဲ့အတွက်ကြောင့် လာဘ်ပေးလာဘ်ယူ ကျူးလွန်ခြင်းလည်းမည်ပါတယ်။ ဒါ့ကြောင်‌့ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးအတွက် အစဉ်တစိုက်ပြောဆိုနေကြပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့ ဝန်ထမ်းများအား တိကျစွာအရေးယူမှုမပြုလုပ်မီ ဒီနေ့ခေတ်ကာလနှင့်လျော်ညီသော ထိုက်တန် သည့်လစာ၊ နေအိမ်၊ ရာထူးအဆင့်အတန်းအလိုက် ဆိုင်ကယ်၊ ကားခံစားခွင့်များ၊ အခြားသောဝန်ထမ်း ခံစားခွင့်များကို စီစဉ်ပေးမှသာ တရားမျှတမှုရှိမည်ဟု ထင်မြင်မိပါသဖြင့် ထိုသို့စီစဉ်ပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်
အဖြေ

ပြည်သူ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများအရ တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ အလုပ်တည်မြဲခွင့်၊ ရာထူး၏လစာ ခံစားခွင့်၊ နှစ်တိုးခံစားခွင့်၊ အချိန်မစေ့မီနှစ်တိုးခံစားခွင့်၊ ရာထူးတိုးမြှင့်ခြင်းခံစားခွင့်၊ ဆေးဝါးကုသမှု ခံယူခွင့်၊ ဒေသစရိတ်ခံစားခွင့်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်ထားသည့် ဒေသများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား လစာနှစ်ဆခံစားခွင့်နှင့် ခွင့်ခံစားခွင့်များရရှိပြီး ဖြစ်ကြပါတယ်။ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများတွင် နေအိမ်၊ မော်တော်ယာဉ်၊ ကား၊ မော်တော်ဆိုင်ကယ်စသည့် အသုံးအဆောင်များကို ဝန်ထမ်း၏တာဝန်ထမ်းဆောင်မှုအရ ခံစားခွင့်ပြုခြင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင် နေပြည်တော်ဒေသ၌ ဝန်ထမ်းများအားလုံးအတွက် ဝန်ထမ်းအိမ်ရာများစီစဉ်ပေးခြင်း၊ ဝန်ထမ်းများသွားလာရေးအဆင်ပြေချောမွေ့စေရန်အတွက် ရုံးတက် ရုံးဆင်း မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ အရာထမ်းဝန်ထမ်းများအား လုပ်ငန်းလိုအပ်ချက်အရ တယ်လီဖုန်းများစီစဉ်ပေးခြင်းနှင့် ဌာနပိုင်မော်တော်ယာဉ်များ စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေး ထားပါတယ်။ နေပြည်တော်ဒေသမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ရေး အခက်အခဲရှိသည့် ဝန်ထမ်းများအတွက် အိမ်ခန်းများစီစဉ်ထားရှိပါတယ်။ ထို့အပြင် ဝန်ထမ်းများ နေထိုင်ရေးအထူးခက်ခဲသည့်ဒေသများတွင်လည်း ဝန်ကြီးဌာနအနေဖြင့် မိမိတို့ရရှိသည့် ဘတ်ဂျက် ခွဲဝေချထားငွေအရ ဝန်ထမ်းအိမ်ရာများစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဲ့သို့ ၂၄ နာရီတာဝန်ရှိသည့်ဌာနများတွင် ဝန်ထမ်းများအတွက် အိမ်ခန်းများကို တစ်ပါတည်း စီစဉ် ဆောင်ရွက်ထားရှိပါတယ်။ အလားတူပင် ပြည်သူ့ဝန်ထမ်းများ သွားလာမှု အဆင်ပြေချောမွေ့စေရေး အတွက် ဝန်ကြီးဌာနများအလိုက် မိမိဌာနစွမ်းဆောင်နိုင်မှုအနေအထားအရ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်းများ ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။  ။ မေးပါရစေ။ ဒါက ရှိပြီးသား ဥပဒေမှာ ပါနေတာကိုပဲ ပြောခြင်းဖြစ်ပါတယ်။ တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ ၄၇ ကို ထောက်ထားပြီးတော့ ကျွန်တော်တို့ဟာ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ဟာ ဝန်ထမ်းတွေရဲ့ခံစားခွင့် ကို လိုအပ်နေတာရှိပါတယ်။ တကယ်တမ်း ဆိုင်ကယ်တွေနဲ့သွားကြတယ်။ တကယ်တမ်း ဆီဖိုးမရှိဘူး။ ဆီဖိုး မရှိတဲ့အခါကျတော့ ရှင်းရှင်းပြောလို့ရှိရင်တော့ နယ်တွေကို ဆင်းတဲ့အခါမှာ အချို့ဟာ နယ်က နေပြီးတော့ ပေးရတာတွေရှိတယ်။ စာရေးကိရိယာတွေလည်း တကယ်တမ်းလုံလောက်မှုမရှိဘူး။ လုံလောက်မှုမရှိတာတွေကို လုံလောက်မှုရှိအောင် ဘတ်ဂျက်တွေရေးဆွဲတဲ့အခါမှာ ပြည့်ပြည့်စုံစုံ ရေးဆွဲဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိတဲ့အတွက်ကြောင့် တကယ်လို့ လိုအပ်ရင်လည်း ဥပဒေတွေကို ပြဋ္ဌာန်းပေးရမယ်။ အမိန့်၊ ညွှန်ကြားချက်တွေ ထုတ်ပေးဖို့ လိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတဲ့အတွက်ကြောင့် ထပ်မံတင်ပြခြင်း ဖြစ်ပါတယ်။

 ဒေါက်တာကံဇော်(ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)။                 ။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြဆွေးနွေးသွားတဲ့အတိုင်း ကျွန်တော် တို့အနေနဲ့ ဘတ်ဂျက်များ လျာထားတဲ့အခါမှာ သက်ဆိုင်ရာဘတ်ဂျက်ခေါင်းစဉ်အလိုက် စက်သုံးဆီဖိုး အပါအဝင် ဘတ်ဂျက်လျာထားခြင်း နှစ်စဉ်ပုံသဏ္ဍာန်ရှိပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် ကြီးဆွေးနွေးသွားတဲ့အတိုင်း နယ်များတွင်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးဌာနများတွင်လည်းကောင်း၊ ဝန်ကြီးဌာနများတွင်လည်းကောင်း စက်သုံးဆီဖိုးများ ပြည့်စုံစွာ လျာထားဆောင်ရွက်နိုင်ပါကြောင်းနှင့် လျာထားမှုများအပေါ်မှာ သက်ဆိုင်ရာဘတ်ဂျက်ကို တာဝန်ယူရေးဆွဲလျက်ရှိတဲ့ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြဆောင်ရွက်သွားနိုင်ပါကြောင်း တင်ပြဖြေကြားပါသည်။