မင်းဘူး-အမ်း-မင်းပြား-မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်း-စစ်တွေ မဟာဓာတ်အား လိုင်း၊ ဥသျှစ်ပင်-တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ မဟာဓာတ်အားလိုင်း၊ တောင်ကုတ်-သံတွဲ-ဂွ ဓာတ်အားလိုင်းပြီးတော့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်းတွေ အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ဘဏ္ဍာငွေလျာထားသတ်မှတ်ထားတာကို တွေ့ခဲ့ ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကျွန်တော်တို့ ခွင့်ပြုရန်ပုံတွေကို ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေး တော့မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို စတင်ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ရှိတော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာ ဒီစီမံကိန်းတွေမှာ မည်သည့်လုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီးခဲ့ပြီးတော့ မည်သည့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ကျန်နေသေးလဲ။ ဒါတွေကို ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းက မိဘ ပြည်သူတွေက သိချင်နေကြပါတယ်။ ပြီးတော့ ဘယ်တော့ပြီးမှာလဲ။ ဒါကိုသိချင်နေကြပါတယ်။ ဒါနဲ့ကြောင့် ကျွန်တော်အောက်ပါမေးခွန်းတွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း လိုပါတယ်။ (က) ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုမဟာဓာတ်အားလိုင်းမှတစ်ဆင့် သွယ်တန်း ဆောင်ရွက်နေသော မဟာဓာတ်အားလိုင်းများ၏ စီမံကိန်းလုပ်ငန်းစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း များ မည်မျှဆောင်ရွက်ပြီးပါမည်နည်း။ ဆက်လက်လုပ်ဆောင်ရန် မည်သည့်လုပ်ငန်းများ ကျန်ရှိနေ သေးသနည်း။ (ခ) မည်သည့်အချိန်တွင် လုပ်ငန်းများအားလုံးပြီးစီး၍ ရခိုင်တစ်ပြည်နယ်လုံး မြို့ပေါ်၊ ကျေးလက်ဒေသပါမကျန် လျှပ်စစ်မီး ၂၄ နာရီ သုံးစွဲခွင့်ရရှိပါမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများနဲ့ ဓာတ်အားရယူနိုင်ရန် အိန္ဒိယနိုင်ငံချေးငွေ ဒေါ်လာ ၆၄.၀၇ သန်းဖြင့် အောက်ဖော်ပြပါ စီမံကိန်းများကို လိုအပ်တဲ့ပစ္စည်းများဝယ်ယူရေးအတွက် အိန္ဒိယနိုင်ငံ Power Grid Corporation of India Limited (PGCIL) ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပါတယ်။ (က) ၂၃၀ ကေဗွီ မင်းဘူး-မန်း-အမ်း ဓာတ်အားလိုင်း ၈၀ မိုင်နှင့် ဓာတ်အားခွဲရုံများစီမံကိန်း၊ (ခ)၂၃၀ ကေဗွီ တောင်ကုတ်-မအီ-အမ်း ဓာတ်အားလိုင်း ၇၀ မိုင်နှင့် ဓာတ်အားခွဲရုံများစီမံကိန်း၊ (ဂ) ၂၃၀ ကေဗွီ ဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း ၆၉ မိုင်နှင့် ဓာတ်အားခွဲရုံများ စီမံကိန်း၊ (ဃ) ၂၃၀ ကေဗွီ မအီ-ကျောက်ဖြူ ဓာတ်အားလိုင်း ၄၂ မိုင်နှင့် ဓာတ်အားခွဲရုံများ စီမံကိန်း၊ (င) ၂၃၀ ကေဗွီ သူဌေးချောင်း-ဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း ၇ မိုင်နှင့် ဓာတ်အားခွဲရုံများ စီမံကိန်း။ အထက်ပါ စီမံကိန်းများနှင့် ဓာတ်အားခွဲရုံလုပ်ငန်းများကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ လိုင်းအူကြောင်းတိုင်းတာခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ဓာတ်အားလိုင်းများအတွက် တိုင်နေရာမြေယာရှင်းလင်းခြင်း၊ ကျောက်သဲများဖို့ခြင်း၊ မြေကျင်းတူး ခြင်းစသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ PGCIL ကုမ္ပဏီ မှ တာဝါဖောင်ဒေးရှင်း သံချောင်းများရောက်ရှိနေပြီးဖြစ်လို့ ဖောင်ဒေးရှင်းလုပ်ငန်းများကို တွန်းအား ပေးဆောင်ရွက်လျက်ရှိပါတယ်။ ဓာတ်အားခွဲရုံ လုပ်ငန်းများအတွက် တောင်ကုတ်ခွဲရုံ၊ အမ်းခွဲရုံနှင့် ပုဏ္ဏားကျွန်းခွဲရုံများမှာ မြေနေရာရှင်းလင်းပြီး ခြံစည်းရိုးကာရံခြင်း၊ ဓာတ်အားခွဲရုံဆိုင်ရာ မြို့ပြ အဆောက်အဦလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၈-၃-၂၀၁၃ ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (က)၂၃၀ ကေဗွီ ဥသျှစ်ပင်-တောင်ကုတ်ဓာတ်အားလိုင်း ၁၅ ရာခိုင်နှုန်း၊ (ခ) ၂၃၀ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်း ၁၅ ရာခိုင်နှုန်း၊ (ဂ) ၂၃၀/၃၃ ကေဗွီ၊ အမ်းခွဲရုံ ၃၉.၇၅ ရာခိုင်နှုန်း၊ (ဃ) ၂၃၀/၆၆ ကေဗွီ ပုဏ္ဏားကျွန်းခွဲရုံ ၃၅.၄၆ ရာခိုင်နှုန်း၊ (င) ၂၃၀/၆၆ ကေဗွီ တောင်ကုတ်ဓာတ်အားခွဲရုံ ၁၆ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။
ဒါ့အပြင် ရရှိတဲ့ ချေးငွေပမာဏနှင့် လုံလောက်မှုမရှိတဲ့အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် စီမံကိန်းများမှာတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (က) ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း ၁၁၅.၇၃ မိုင်စီမံကိန်း၊ (ခ) ၂၃၀ ကေဗွီ မအီ-ကျောက်ဖြူ နှစ်ထပ်ဓာတ်အားလိုင်း ၆၀.၆ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ (ဂ) ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ကျောက်တော်ဓာတ်အားလိုင်း ၃၅.၇၁ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ (ဃ) ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- မြောက်ဦးဓာတ်အားလိုင်း ၃၅.၃၇ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ (င) ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ ဓာတ်အားလိုင်း ၂၂ မိုင်နှင့် ဓာတ်အား ခွဲရုံစီမံကိန်း၊ (စ) ၆၆ ကေဗွီ တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်း ၃၀ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းတို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူနိုင်ရန်အတွက် အိန္ဒိယ နိုင်ငံချေးငွေဖြင့် ဆောင်ရွက်မည့်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက် မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ပြိုင်နက် တည်ဆောက်ပြီးစီးရန် လျာထားပါတယ်။ ဒါ့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မူလခွင့်ပြု ရန်ပုံငွေ ကန့်သတ်ချက်အရ ချန်လှပ်ခဲ့ရ၍ အောက်ဖော်ပြပါ ဓာတ်အားလိုင်းစီမံကိန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာ ထည့်သွင်းတောင်းခံရန်လည်း လျာထားပြီးဖြစ်ပါတယ်။ (က) ၆၆ ကေဗွီ ကျောက်ဖြူ-ရမ်းဗြဲဓာတ်အားလိုင်း ၄၁ မိုင်နှင့်ဓာတ်အားခွဲရုံစီမံကိန်း၊ (ခ) ၆၆ ကေဗွီ တောင်ကုတ် ၂၃၀ ကေဗွီခွဲရုံမှ တောင်ကုတ်မြို့သို့ ဓာတ်အားလိုင်း ၉ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ (ဂ) ၆၆ ကေဗွီ တောင်ကုတ်-မအီ ဓာတ်အားလိုင်း ၄၆.၇၈ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းတို့ဖြစ်ပါ တယ်။
အထက်ပါဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ် အတွင်းမှာရှိသော တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေမြို့များနှင့်ဆက်စပ်သည့် မြို့၊ကျေးရွာဒေသများသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေး နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်မည့် ၆၆ ကေဗွီ မြောက်ဦး-မင်းပြား ဓာတ်အားလိုင်း မိုင် ၂၀ နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ ၆၆ ကေဗွီ သံတွဲ-ကျိန္တလီ ဓာတ်အားလိုင်း မိုင် ၄၀ နှင့် ဓာတ်အား ခွဲရုံစီမံကိန်း၊ ၆၆ ကေဗွီ ကျိန္တလီ-ဂွ ဓာတ်အားလိုင်း ၄၄ မိုင်နှင့်ဓာတ်အားခွဲရုံစီမံကိန်းများကို ဆောင်ရွက်ပြီးတော့မှ ကျိန္တလီ၊ ဂွ နှင့် မင်းပြားမြို့များကိုလည်း ဆက်စပ်ကျေးရွာဒေသများ အပါအဝင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
