(ည)လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် စာအုပ်ရိုက်နှိပ်ထုတ်ဝေပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁.၂၀၁၃)

(ည)-လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် စာအုပ်ရိုက်နှိပ်ထုတ်ဝေပေးရန် မည်မျှအချိန်ယူရပါမည်နည်းနှင့် အစိုးရ၏ ပုံနှိပ်တိုက်မှ ကြာမည်ဆိုလျှင် ပြင်ပပုံနှိပ်တိုက်များတွင် အပ်နှံဆောင်ရွက်ရန် ရှိ/မရှိနှင့် အဆိုပါမှတ်တမ်းများအား မည်သည့် အချိန်တွင် တောင်သူလယ်သမားများလက်သို့ ပေးအပ်နိုင်ပါမည်နည်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

လယ်ယာမြေလုပ်ပိုင်ခွင့် ကိစ္စနှင့်ပတ်သက်လို့ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် တစ်ဆက်တစ်စပ်တည်း ၆-၁၁-၂၀၁၂ မှာ ပဉ္စမပုံမှန်အစည်းအဝေးမှာ အဆိုတစ်ရပ်တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကတော့ လယ်ယာမြေကို အာမခံထားပြီးတော့ ကျပ်တစ်သိန်းနှင့် အခြားဘဏ်များကနေပြီးတော့ ချေးပေးဖို့ ဆိုပြီးတော့ ကျွန်တော်အဆိုတစ်ရပ်တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကိုလည်းပဲ ကျွန်တော်တို့ ချေးပေးနိုင် မယ့် အခြေအနေရှိကြောင်းနှင့် ဒီလယ်ယာမြေ ပိုင်ဆိုင်မှုလက်မှတ်ကိုလည်းပဲ လယ်ယာနဲ့ စိုက်ပျိုးရေး ဝန်ကြီးက ထုတ်ပေးမယ့်အကြောင်း ပြောကြားပြီးတော့ ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တစ်စပ်တည်းပဲ ဒါ ထုတ်ပေးနိုင်ဖို့အတွက် နောက်ဆက်တိုက်ထပ်မံပြီးတော့ ကျွန်တော်တို့ ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီမှာ အဓိကကျတာက ဒီနေ့တောင်သူလယ်သမားများ ခံစားနေရတဲ့ ကိစ္စအဝဝမှာ ရာသီဥတုဒဏ်ကြောင့် သီးနှံဈေးနှုန်းများ အဆမတန်ကျဆင်းနေမှုကြောင့် ဒဏ်ခံနေရတဲ့ အချိန်မှာ နိုင်ငံတော်အနေနဲ့ တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်မယ်ဆိုရင် တောင်သူ လယ်သမားများအတွက် ထွက်ပေါက်၊ အသက်ရှူပေါက်ရမှာဖြစ်တဲ့အတွက် ဒါလေးကို တိုက်တွန်းတဲ့ အနေနဲ့ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်။ ဒီငွေချေးဖို့ဆိုတာ ဘဏ်အနေနဲ့ အာမခံမပါဘဲ ချေးလို့ မရပါဘူး။ အာမခံဖြစ်တဲ့အတွက် လယ်ယာမြေပိုင်ဆိုင်မှုကို လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနက လုပ်ကိုင်ပေးမှသာလျှင် အလျင်အမြန် လုပ်ကိုင်ပေးမှသာလျှင် တောင်သူလယ်သမားများအတွက် အထိုက်အလျှောက် အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းမေးလိုတာကတော့ ဒီနေ့ ဒီလယ်ယာမြေလုပ်ပိုင်ခွင့်နှင့်ပတ်သက်လို့ လုပ်ပိုင်ခွင့်စာအုပ် ရိုက်နှိပ်ထုတ်ဝေမည်မှာ မည်မျှအချိန် ယူရပါမည်နည်း။ မည်သည့်နေ့ရက်အချိန်ကာလတွင် ပြီးစီးပါမည်နည်း။ အစိုးရပုံနှိပ်တိုက်မှ ကြာမည် ဆိုလျှင် ပြင်ပပုံနှိပ်တိုက်များတွင် အပ်နှံထုတ်ဝေရန်ရှိ၊ မရှိ။ တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက် အဆိုပါမှတ်တမ်းများအား မည်သည့်အချိန်တွင် တောင်သူလယ်သမားများ၏ လက်သို့ပေးအပ်နိုင်ပါ မည်နည်း။ အချိန်ကြန့်ကြာမည်ဆိုလျှင် မည်သည့်အတွက်ကြောင်‌့ ကြန့်ကြာသွားမည်နည်းဆိုတဲ့ မေးခွန်းကို မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၁၁) အဖြစ် နိုင်ငံတော်သမ္မတက ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၂) ဖြင့် လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် လယ်ယာမြေဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေပုဒ်မ ၄၂ ပုဒ်မ(က)အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်အရ လယ်ယာမြေနည်းဥပဒေများကို လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၂)ဖြင့် ၃၁-၈-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထိုသို့ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် လယ်ယာမြေ နည်းဥပဒေများအား လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ လိုအပ်သလိုလေ့လာဖတ်ရှုဆောင်ရွက် နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၇(က)နှင့် ၁၅၇(က)တို့နှင့် အညီ ၃၁-၈-၂၀၁၂ ရက်နေ့တွင် နာယက ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

          ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၂) ဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကို ၁၆-၁၀-၂၀၁၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၂) ဖြင့်လည်းကောင်း၊ ယင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၂)ဖြင့်လည်းကောင်း ထုတ်ပြန်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်း လက်ရှိကိန်းဂဏန်းများအရ တောင်သူလယ်သမားပေါင်း ၆.၀၄ သန်းနှင့် ဦးပိုင်လုပ်ကွက် ပေါင်း ၁၀.၇ သန်း တို့အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဦးစားပေး အသုံးပြုရမည့် ပုံစံများဖြစ်သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်လွှာ (ပုံစံ-၁) အရေအတွက် ၁၁ သန်း အပါအဝင် လယ်ယာမြေလုပ်ပိုင်ခွင့်စစ်ဆေးချက်၊ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ မှတ်ပုံတင်စာရင်း စသည့် ဆက်စပ် ရေးသွင်းစိစစ်ဆောင်ရွက်ရမည့် ပုံစံစုစုပေါင်း ၁၀ မျိုး ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့် ဆက်သွယ်ညှိနှိုင်း ပုံနှိပ် ရရှိခဲ့ပြီးဖြစ်၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှတစ်ဆင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အသီးသီးထံသို့ ဖြန့်ဝေပေးပို့ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) အရေအတွက် ၁၀ သန်း ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် ဆက်သွယ်ညှိနှိုင်းပုံနှိပ်ဆောင်ရွက်လျက်ရှိနေပြီးဖြစ်၍ အချိန်မီရရှိနိုင်မည် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်စာအုပ်မှတ်တမ်းများအား မည်သည့်အချိန်တွင် တောင်သူများလက်ဝယ်သို့ ပေးအပ်နိုင်မည်နည်းဟူသော မေးခွန်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများထံတွင် ဖြန့်ဝေပေးပို့ထားရှိခဲ့ပြီဖြစ်သော လယ်ယာမြေဥပဒေပုဒ်မနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိရေး စတင်လျှောက်ထားသည်မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးသည်အထိ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းစီအတွက် အချိန်ကာလကို အသေးစိတ် ဖော်ပြထားပြီးဖြစ်သည့်အတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့် စတင်လျှောက်ထားသည်မှ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးသည်အထိ စုစုပေါင်းအချိန်ကာလ ရက်ပေါင်း ၉၀ အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးသွားနိုင်ရေးအတွက် အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

          လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း တို့ကို ဦးပိုင်လုပ်ကွက်အလိုက် ကိန်းဂဏန်းများ ခိုင်မာမှန်ကန်စွာဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့ အပြီးဆောင်ရွက်ရန်နှင့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်းများကို အခြေခံလျက် မြေခွန်စည်းကြပ်ကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှုပြုထားပြီးဖြစ်ပါတယ်။ အချိန်နဲ့ တစ်ပြေးညီပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြေစာရင်း ဦးစီးဌာနမှူးများအား ၁၇-၁၂-၂၀၁၂ ရက်နေ့တွင် အသေးစိတ်ခေါ်ယူ ရှင်းလင်းဆွေးနွေး ဆောင်ရွက် ပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ လုံခြုံရေးအရ အကန့်အသတ်ရှိနေသော နယ်မြေအချို့အပါအဝင် လက်တွေ့မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ရန်အတွက် နယ်မြေလုံခြုံရေးအရ ဆောင်ရွက်နိုင်ခြင်းမရှိသော အချို့သော ကန့်သတ်မြို့နယ်များကို ခြွင်းချက်အနေဖြင့် ချန်လှပ်ထား ရှိရန် လိုအပ်ချက်ရှိပါက၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အဘက်ဘက်မှ သုံးသပ်ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ အသိပေးထားရှိပြီးဖြစ်ပါတယ်။ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များက အနီးကပ်လိုအပ်သလို ကြီးကြပ်ကွပ်ကဲစီမံလုပ်ဆောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လည်း အစိုးရအဖွဲ့အစည်းအဝေးများတွင် အထူးအလေးပေး နှိုးဆော်တိုက်တွန်းဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သတ်မှတ်ကာလအတွင်း စနစ်တကျပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရေး အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ကာယကံရှင် တောင်သူလယ်သမားများအားလုံးမှလည်း မိမိတို့လယ်ယာမြေ များအား ဥပဒေနှင့်ညီညွတ်စွာ သားစဉ်မြေးဆက် အဆက်ဆက် ခိုင်မာစွာလုပ်ကိုင်ခွင့်ရရှိရေးလုပ်ငန်း အပေါ် နိုးကြားစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ျ ဆောင်ရွက်လျက်ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။