(ခ)-ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုနှင့် စိုက်ပျိုးမြေဧရိယာများသည် သစ်ရာပင် ကြိုးဝိုင်းနှင့် သိုက်ထင်းကြိုးဝိုင်းအတွင်းရှိနေသဖြင့် ကျေးရွာအုပ်စုပိုင် မြေနှင့်လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့်မေးခွန်း။
ကျွန်းလှမြို့နယ်က ပြီးခဲ့တဲ့ ၁၉၆၆ ခုနှစ်ကစတင် တည်ဆောက်ပြီး ၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ သဖန်းဆိပ်ဆည်ကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ကျွန်တော်တို့ ကျွန်းလှမြို့အပါအဝင် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီလိုရွှေ့ပြောင်းခဲ့ကြတဲ့အခါမှာ ကျွန်းလှမြို့အပါအဝင် သဖန်းဆိပ်ဆည်ရဲ့အရှေ့ဘက်မှာ ၃၉ ရွာတည်ရှိပြီးတော့ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်မှာ ၈၃ ရွာတည်ရှိပါတယ်။အဲဒီလိုတည်ရှိတဲ့အချိန်မှာ အဲဒီတုန်းကတော့ ကျွန်တော်တို့ ဆည်စီမံကိန်းက နိုင်ငံတော်စီမံကိန်း ွဖစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီတုန်းက တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများအနေနဲ့ ဆည်ကိုပဲအဓိကတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ မြို့ရွာ ပြောင်းရွှေ့ရေးနှင့်ပတ်သက်လို့ သာမညသဘောမျိုးထားပြီးတော့ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ ၁၆ နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ ကျွန်းလှမြို့နယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ သိသိသာသာကူညီစောင့်ရှောက်မှုဆိုတာ လက်ရှိအခြေအနေအထိ ခံစားမှုမရှိရသေးပါ ဘူး။ ဒါကိုလည်း ကျွန်တော်တို့ ကျွန်းလှမြို့နယ်သူ မြို့နယ်သားများအနေနဲ့ ယနေ့အချိန်ထိ မျှော်လင့် စောင့်စားလျက်ရှိပါတယ်။ အဲဒီလိုမျှော်လင့်စောင့်စားပြီးရှိနေတဲ့ အခက်အခဲတွေထဲမှာ အခုကျွန်းလှ မြို့နယ်က ရွှေ့ပြောင်းတဲ့ကျေးရွာတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ကြိုးဝိုင်းတွေအတွင်းမှာ ကျေးရွာတွေရောလယ်ယာမြေတွေရော ချမှတ်ပေးခဲ့ ပါတယ်။ ဒါပေမယ့်လို့ အဲဒီဟာတွေဟာ လက်ရှိအခြေအနေထိ ကျေးရွာပိုင်မြေ၊ လယ်ယာမြေတွေ အဖြစ် သတ်မှတ်ပေးခြင်းမရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉ အုပ်စုနဲ့ စိုက်ပျိုးမြေဧရိယာများသည် သစ်ရာပင်ကြိုးဝိုင်းနှင့် သိုက်ထင်းကြိုးဝိုင်း အတွင်းမှာ ရှိနေတဲ့အတွက်ကြောင့် ကျေးရွာအုပ်စုပိုင်မြေနဲ့ လယ်ယာမြေများအဖြစ် ပြောင်းလဲပေးနိုင် ခြင်း အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
ကျွန်းလှမြို့နယ် အတွင်းမှာရှိတဲ့ သစ်ရာပင်ကြိုးဝိုင်းကို ၁၉၀၉ ခုနှစ်တွင်လည်းကောင်း၊ သိုက်ထင်းကြိုးဝိုင်းကို ၁၉၂၇ ခုနှစ်တွင်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထား သည့် ကျေးရွာအုပ်စု ၉ အုပ်စုနှင့် စိုက်ပျိုးမြေဧရိယာများဟာ အားလုံးသိကြတဲ့အတိုင်း သဖန်းဆိပ်ဆည် ပေါ်ပေါက်လာပြီးတဲ့နောက် ၁၉၉၆ ခုနှစ် ဝန်းကျင်တွင်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဤနေရာတွင် အခုတင်ပြလိုတာကတော့ဖြင့် နိုင်ငံတော်အတွင်း ယခုကဲ့သို့မြေယာကိစ္စရပ်များနှင့်ပတ်သက်သည့် အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းမှာ မြေယာအသုံးချမှုမူဝါဒ (Land Use Policy) နှင့်မြေအသုံးချ စီမံခန့်ခွဲမှုစီမံချက် (Land Use Management Plan) များ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်ကြီး စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍ၊ မြို့ရွာစည်ပင်ဖွံ့ဖြိုးရေးကဏ္ဍပေါင်းစုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏မြေသယံဇာတအားအကျိုးရှိစွာ ရေရှည်စီမံ အုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်၍ မြေယာခွဲဝေအသုံးချမှုစိစစ်ဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော်မှ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက်ရှိပါတယ်။
မယာခွဲဝေအသုံးချမှုစိစစ်ရေးကော်မတီအနေဖြင့် ချမှတ်ထားသည့်ရည်မှန်းချက် တာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ရာ မြေအသုံးချမှုဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ ရေးဆွဲနိုင်ရေးအတွက်မြေအသုံးချမှုဆိုင်ရာ မြေပြင်အချက်အလက်များ ရှေ့ပြေးကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ဇုန် ၄ ဇုန်ခွဲခြား ပြီးတော့ အဖွဲ့ ၄ ဖွဲ့ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
မြေအသုံးချမှုမူဝါဒနှင့် မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်များ စနစ်တကျရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်နိုင်သည်နှင့်အမျှ သစ်တောနယ်မြေများအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လယ်ယာလုပ်ကိုင် ခြင်းစသည့် မြေယာကိစ္စရပ်များ၊ မြေယာဆိုင်ရာအငြင်းပွားမှုများကို အဆင်ပြေစွာ ဖြေရှင်းစီမံ ဆောင်ရွက်နိုင်လိမ့်မည်ဟုယုံကြည်ပါတယ်။ ထို့အတူ မြို့၊ ရပ်ကွက်၊ ကျေးရွာများတိုးချဲ့ပြင်ဆင်ဖွဲ့စည်း ရေးကိစ္စနှင့် ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်စပ် ဌာနများမှစိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက် ရန်လည်း နည်းလမ်းများရှိပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်တွင်ပါရှိသော ကျွန်းလှ မြို့နယ် သစ်တောကြိုးဝိုင်းများအတွင်း ကျေးရွာအုပ်စု ၉ အုပ်စုအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနများမှစိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြဆောင်ရွက်မည်ဆိုပါက သစ်တောကြိုးဝိုင်းများမှ ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးမြေဧရိယာများ ပိုင်ဆိုင်ခွင့်ပြောင်းလဲပေးရေးအတွက် ရေးဆွဲပြဋ္ဌာန်းမည့် နိုင်ငံတော်၏ မြေအသုံးချမှုဆိုင်ရာမူဝါဒနှင့် အစီအမံများနှင့်အညီ ဒေသခံပြည်သူများနေထိုင်လုပ်ကိုင် စားသောက် နိုင်ရန် လယ်ယာများချထားစီမံပေးမည့် မြေယာပြုပြင်ပြောင်းလဲရေး (Land Reform) ကို စနစ်တကျ ပီပြင်စွာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
