ကျွန်တော်တို့နိုင်ငံဟာ ရေမြေတောတောင်ပေါကြွယ်ဝပြီး ဖြစ်တည်ခဲ့သောသဘောတရား အပေါ် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်ပါတယ်။ စိုက်ပျိုးရေးတွင် ရာသီဥတုကို အမှီသဟဲပြုတဲ့အတွက် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းမှာလည်းပဲ သင့်တော်လျောက်ပတ်သော အကြောင်းတရားတစ်ရပ်ပင်ဖြစ်ပါတယ်။ ကျွန်တော် လည်း နားလည်သဘောပေါက်မိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေပေါ၊ ရေပေါသောနိုင်ငံဖြစ်တဲ့ အတွက် ရှေးပဝေသဏီမှ ယနေ့အထိ ရေကြည်ရာမြက်နုရာကို ရှာဖွေပြီး ပြောင်းရွှေ့လုပ်ကိုင်လျက် ရှိနေသေးကြောင်း တောင်ပေါ်ဒေသအချို့တွင် တွေ့မြင်နိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ ပင်လောင်းမြို့နယ်ရဲ့ အဖြစ်အပျက် လေးတစ်ခုကို ကျွန်တော်တင်ပြပါရစေ။ ကျွန်တော်တို့ပင်လောင်းမြို့နယ်ဟာ နေပြည်တော်ဧရိယာ နှင့်ဆက်စပ်လျက်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ အများသိပြီးဖြစ်တဲ့အတိုင်း ပေါင်းလောင်းချောင်းကို အကြောင်းပြုပြီး ပေါင်းလောင်းသစ်တောကြိုးဝိုင်းကို ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံသစ်တောဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ပင်လောင်းမြို့နယ်ရဲ့ဧရိယာ သုံးပုံနှစ်ပုံခန့်ကို သစ်တောဧရိယာအဖြစ် ၂၀၀၂ ခုနှစ်တွင် သတ်မှတ်ခဲ့ပါတယ်။ ပင်လောင်းမြို့နယ် အနောက်ခြမ်း နေပြည်တော်ဧရိယာနှင့် ဆက်စပ်လျက်ရှိသော ဒေသအားလုံးကို ပေါင်းလောင်းချောင်း ရဲ့ ရေဝေရေလဲဧရိယာ သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျွန်တော်တင်ပြလိုတဲ့ အကြောင်းအရင်းကတော့ ၂၀၀၂ ခုနှစ် သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့စဉ်က ကျေးရွာအုပ်စု ၁၀ ခုမှ ကျေးရွာပေါင်း ၇၆ ရွာနှင့် စိုက်ဧကပေါင်း ၁၀၃၀၀ ခန့်က သစ်တောကြိုးဝိုင်းထဲကျ ရောက်သွားပါတယ်။ ၎င်းရွာပေါင်း အားလုံးလိုလိုဟာ နှစ်ပေါင်းမြောက်မြားစွာကတည်းက နေထိုင် လာခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနပြန်တမ်းမှာရော ကိုလိုနီခေတ်က ရေးဆွဲထားသော စစ်မြေပုံ ပေါ်မှာ ဖော်ပြထားခြင်းခံရသော ကျေးရွာများဖြစ်ကြပါတယ်။ ပေါင်းလောင်းဒေသဟာ ကျေးရွာအုပ်စု နှစ်ခုမှ ပါဝင်သော ကျေးရွာအများစုဟာလည်းပဲ ပုဂံခေတ်ကတည်းက အနန္ဒသူရိယအမတ်အား မဲဇာတောင်ခြေ နယ်နှင်တဲ့အခါမှာ ဆွေတော်မျိုးတော်၊ ၎င်းနှင့်ပတ်သက်တဲ့ မိသားစုများမှာ မင်းဘေးမင်းဒဏ်သင့်မှာစိုးလို့ တိမ်းရှောင်ရာမှ ရောက်ရှိလာပြီးရွာများကို တည်ထောင်ခြင်းဖြစ် ကြောင်း လူကြီးစကားလူငယ်ကြားဖြင့် ပြောစမှတ်ပြုကြပါတယ်။ ဒီနေရာမှာသက်သေထူလိုတာက လယ်သမားတွေဟာ လယ်ထွန်ရင်း ဆေးမြစ်အသုံးအဆောင် အိုး၊ ခွက်၊ ပုဂံ၊ လက်ဝတ်ရတနာများ တွေ့ခဲ့ဖူးကြောင်း လွန်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်တုန်းက သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရမိပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ ရွာတွေဟာ မရေတွက်နိုင်သော ရှေးနှစ်ပေါင်းများစွာ အဆင့်ဆင့်သော ဘိုးဘောင်စဉ်ဆက်ကတည်းက နေထိုင်လာခဲ့ကြောင်းကို သက်သေပြသလို ဖြစ်နေပါ တယ်။ သစ်တောကြိုးဝိုင်းသတ်မှတ်စဉ်က လုပ်ကိုင်စားသောက်ရန် စိုက်ပျိုးမြေအချို့ကို ချန်လှပ် ပေးထားပါတယ်။ အသက်ရှူချောင်ရန် ချန်လှပ်ပေးခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံသစ်တော ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (က) အရ ဖော်ပြရမယ်ဆိုရင် (က) ဆိုင်ရာဆိုင်ခွင့် အခွင့်အရေးများကို အမည်နှင့်ဖော်ပြထားသူများသာ ခံစားခွင့်ရှိကြောင်း၊ ၎င်းတို့မှ ဆင်းသက်လာသူများနှင့် မသက်ဆိုင် စေရ။ (ခ) လုပ်ကိုင်ခွင့်ရသည့်လယ်ယာ၊ ဥယျာဉ်ခြံမြေကို အသစ်တိုးချဲ့ခြင်း၊ ရောင်းဝယ်လွှဲပြောင်း ခြင်း၊ ဖလှယ်ခြင်းမပြုရ။ (ဂ) ထင်း၊ ခြံတိုင်နှင့် ဝါးများကို မိမိအတွက် ခွင့်ပြုခြင်းဖြစ်၍ ရောင်းချခြင်း မပြုရ။ ဖောက်ဖျက်ကျူးလွန်ပါက သစ်တောဥပဒေအရ အရေးယူခံရမည်ဟု သတ်မှတ်ခဲ့ပါတယ်။
သစ်တောကြိုးဝိုင်းမသတ်မှတ်မီ ကတည်းက တည်ရှိပြီးဖြစ်နေသော ကျေးရွာများ၏ လုပ်ကွင်းလုပ်ကွက်များကို ပေါ်ထွက်လာပြီဖြစ်တဲ့ မြေယာဥပဒေ၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ စည်းကမ်းချက်ပါ (က) အရဆိုလျှင် ၎င်းတို့မှ ဆင်းသက်လာသူများနှင့်မသက်ဆိုင်စေရဆိုတဲ့ စည်းကမ်းချက်ဟာ ဒီမိုကရေစီခေတ်နဲ့ လိုက်လျောညီထွေမှု ရှိနိုင်ပါ့မလား။ သက်ဆိုင်ရာမိဘများ သေဆုံးလျှင် ရွာနှင့်လုပ်ကွက်များလုပ်ကွင်းများ၊ သစ်တောဧရိယာအတွင်းမှ ဖယ်ရှားပေးရမည့် သဘောမျိုး၊ ရွာဖျက်ပြီး ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ပေးရမယ့်ပုံ ပေါ်နေပါတယ်။ ဒါ့အပြင် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားအချို့ဟာလည်း တောင်း၊ ပလုံး၊ ပလိုင်းစတဲ့ တတ်တဲ့လက်မှုပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေတာကိုလည်း ယနေ့တိုင်တွေ့မြင် နိုင်ပါတယ်။ ကျွန်တော်ခုလို တင်ပြရ ခြင်းဟာလည်း ပြီးခဲ့တဲ့အုပ်ချုပ်ရေးစနစ်တုန်းက သစ်တောဧရိယာ ကျူးလွန်တယ်ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဖမ်းဆီးတရားစွဲဆို ခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့ဖူးလို့ ကျွန်တော် တင်ပြခြင်းပဲ ဖြစ်ပါတယ်။
နှစ်ပေါင်းပရိစ္ဆေဒမြောက်မြားစွာကတည်းက နေထိုင်လာကြသော တိုင်းရင်းသားများ ဒီမိုကရေစီအနှစ်သာရများ မျှဝေခံစားနိုင်ရန် နိုင်ငံသားများမူလအခွင့်အရေး မထိခိုက်မဆုံးရှုံးစေရန် နှင့် ဥပဒေဘောင်နှင့်အညီ နောင်တွင်နေထိုင်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ သူတည်း တစ်ယောက် ကောင်းမှုရောက်ဖို့ဆိုတဲ့ အနန္ဒသူရိယအမတ်ကြီးရဲ့ မေတ္တာစာကို ကျွန်တော့်အနေနဲ့ ကြားယောင်မိလို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတဲ့ မေးခွန်းကတော့ သစ်တောကြိုးဝိုင်း မသတ်မှတ်မီ နှစ်ပေါင်းများစွာကတည်းက တည်ရှိပြီးဖြစ်သော ကျေးရွာများ၊ လုပ်ကွင်းလုပ်ကွက်များကို သစ်တော ဥပဒေစည်းမျဉ်းစည်းကမ်းအရ ဖြေလျှော့မှုပြုနိုင်၊ မပြုနိုင် နောင်တွင် မည်ကဲ့သို့သော အစီအမံများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါ၍ ဤမေးခွန်းကိုမေးရခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အတွင်းမှာရှိနေတဲ့ သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ပြီးတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့ သဘာဝပတ်ဝန်းကျင် တည်ငြိမ် တိုးတက်ကောင်းမွန်ပြီးတော့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့နည်း သက်သာစေရန် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဂေဟစနစ်ညီညွတ်မျှတစေရန်တို့ အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောမူဝါဒများ ရေးဆွဲပြဋ္ဌာန်းပြီးတော့ သစ်တောနယ်မြေများဖွဲ့စည်း၍ စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိပါသည်။ ထိုသို့ အုပ်ချုပ်ဆောင်ရွက်သည့် သစ်တောနယ်မြေများတွင် ကြိုးဝိုင်းတောများ၊ ကြိုးပြင်ကာကွယ်တောများ ပါဝင်ပြီး ၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်ထိ နှစ် ၃၀ ကာလရှည်ရေးဆွဲထားသော အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံတော် ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း အထိတိုးချဲ့ဖွဲ့စည်းရန် သတ်မှတ်ထားရှိပါတယ်။ လက်ရှိကာလ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၂၄.၅၇ ရာခိုင်နှုန်း ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ သစ်တောနယ်မြေများဖွဲ့စည်းဆောင်ရွက်ရာ၌ ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းသည့် သစ်တောဥပဒေပုဒ်မ ၃၊ ၄၊ ၆ နှင့် ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသော သစ်တောနည်းဥပဒေများ ပုဒ်မ ၃ ၊ ၁၉ တို့အရ သစ်တော ဦးစီးဌာနဒေသအုပ်ချုပ်ရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါဝင်သည့်အဖွဲ့များကို စနစ်တကျဖွဲ့စည်း ပြီး ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ကြေညာခြင်း၊ ဒေသခံပြည်သူများအား အသိပေးရှင်းလင်းခြင်း၊ ဆိုင်ရာဆိုင်ခွင့်များကို ရက်ပေါင်း ၉၀ အတွင်း လျှောက်ထားစေခြင်း၊ မှတ်ပုံတင်ခြင်း၊ လျော်ကြေးငွေ၊ တောင်းခံငွေများပြုစုခြင်းနှင့် ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။
သစ်တောကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းရာမှာ မည်သည့်ဒေသနေရာ များ ဖွဲ့စည်းမည့်နေရာဒေသများ၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲခွင့်၊ မြေအသုံးချခွင့် (စားကျက်ချခြင်းများအပါအဝင်) များကို အရေအတွက် အမျိုးအစား၊ ဧရိယာ၊ နယ်နိမိတ်၊ အချိန်ရာသီ ခွင့်ပြုမည့်နည်းလမ်းများ သတ်မှတ်ပေးခြင်း၊ ဖွဲ့စည်းစဉ်တွင် တည်ရှိနေသော ကျေးရွာများ၊ လယ်ယာ မြေများကို ထည့်သွင်းဖွဲ့စည်းခြင်းမပြုဘဲ ချန်လှပ်ခွင့်များသတ်မှတ်ပေးခြင်းတို့ကို စနစ်တကျ မှတ်တမ်းတင်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပင်လောင်းမြို့နယ်အတွင်း ပေါင်းလောင်း ကြိုးဝိုင်းတည်ရှိပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ ၉-၁-၂၀၀၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၄/၂၀၀၂) ဖြင့် ကြိုးဝိုင်းဖွဲ့စည်းခဲ့ပြီးဧရိယာ ၃၅၆၉၃၁ ဧက ရှိပါ တယ်။ အဆိုပါကြိုးဝိုင်းဖွဲ့စည်းတည်ထောင်စဉ်က ဒေသအုပ်ချုပ်ရေးအဖွဲ့ဆက်စပ်ဌာနများနှင့် ညှိနှိုင်း သဘောထားရယူဆောင်ရွက်ခြင်း၊ ဒေသသို့ ကြိုးဝိုင်းများဖွဲ့စည်းမည့် အကျိုးအကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊ ဆိုင်ရာဆိုင်ခွင့်နှင့် သဘောထားတောင်းခံခြင်းများကို အထက်ဖော်ပြပါ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သော်လည်းပဲ လက်ရှိအချိန်တွင် ကြိုးဝိုင်းအတွင်း လူနေအိမ်များ၊ စိုက်ပျိုးမြေများ ဖြစ်ပေါ်လျက်ရှိပါတယ်။ နိုင်ငံတော်အတွင်း လူဦးရေတိုးတက်များပြားလာသည်နှင့် အမျှ ကျေးရွာ၊ ရပ်ကွက်များ၊ စိုက်ပျိုးမြေများလည်းတိုးပွားလာမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများအရ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ဆိုရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စနစ်တကျစိစစ်၍ ပြင်ဆင် ဖွဲ့စည်းခြင်းများကို လုပ်ထုံးလုပ်နည်း နှစ်ရပ်နှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးရွာအုပ်စု၊ ကျေးရွာ များ ပြင်ဆင်ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့၏ အစည်းအဝေးမှတ်တမ်းများနှင့်အတူ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ခြင်း၊ နိုင်ငံတော်သမ္မတရုံးမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တာဝန်ပေး၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးအစီရင်ခံတင်ပြခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးသို့ အမှာစာဖြင့် ပေးပို့တင်ပြခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူညီ ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားပါက မြို့ရွာ၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ဖွဲ့စည်းပြင်ဆင်ခြင်းများကို အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာ ၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ပေါင်းလောင်းကြိုးဝိုင်း အတွင်း ကျရောက်နေသော ကျေးရွာများ လယ်ယာမြေများနှင့်ပတ်သက်၍ အထက်ဖော်ပြပါ လုပ်ထုံး လုပ်နည်းနှင့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့်ဆက်စပ် ဝန်ကြီးဌာနများ ညှိနှိုင်းပြီး ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်သင့်သည့် ဧရိယာများကို စနစ်တကျ စိစစ်ပယ်ဖျက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ထပ်မံဖြည့်စွက်၍ တင်ပြလိုသည်မှာ ဤကိစ္စအပါအဝင် အလားတူ ကိစ္စများသည် နူးညံ့သိမ်မွေ့ပြီးတော့ နိုင်ငံတော်အတွက်ကော တိုင်းသူပြည်သားနှစ်ရပ်လုံးအတွက် ရော အင်မတန်မှအရေးကြီးကိစ္စတစ်ခုဖြစ်ကြောင်း ခံယူနားလည်သဘောပေါက်ထားတာနဲ့အညီ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အကျိုးရှေးရှုပြီးတော့ အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
