(ဋ)လဝကပုံစံ(၄)နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်အမှတ် ၁/၂၀၁၁ အရ ခရီးသွားလာခွင့်ပုံစံ (၄) ရယူပြီးမှသာ ခရီးသွားလာကြရန်ဆိုသည့်  အဲဒီ အချက်မှာ ကျွန်တော်စောစောကတင်ပြသလို နိုင်ငံခြားသားအက်ဥပဒေ ပုဒ်မ၁၀ အရ နိုင်ငံခြားသားများ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ အခွင့်အရာရှိ၏ လက်မှတ်ခွင့်ပြုချက်ဖြင့် ခရီးသွားလာရမည်ဟူသော နိုင်ငံခြားသားများနှင့်သက်ဆိုင်သော ဥပဒေဖြစ်ပြီး နိုင်ငံသားများနှင့် သက်ဆိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသဖြင့် ယခုအခါ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နှင့်အညီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်နေချိန်တွင် နိုင်ငံတော်၏ သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ပြည်သူလူထု၏အကျိုးစီးပွားအတွက် လည်းကောင်း အဟန့်အတားတစ်ခုဖြစ်နေတယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်သုံးသပ်အပ်ပါတယ်။

ထို့ကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏  ၂၀-၆-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၃/၂၁ -၁၀ဦး၁ (၈၃၄)အရမောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ခရီးသွားလာရာတွင် မြို့နယ်ကျော်၊ ပြည်နယ်ကျော်၊ တိုင်းကျော်သွားလာမှုကို ခရီးသွားလာခွင့်ပုံစံ(၄)ရယူပြီးမှ သွားလာကြရန်နှင့် ထိုပုံစံ (၄) မယူဘဲ သွားလာခြင်းပြုလုပ်ပါက ပြစ်မှုဆိုင်ရာဥပဒေ ၁၈၈ အရ ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၂-၇-၂၀၁၁ ရက်စွဲဖြင့် အမိန့်အမှတ်၊ ၁/၂၀၁၁ ကိုထုတ်ပြန်ထားပါတယ်။ မောင်တောခရိုင်အတွင်းရှိ ပြည်ထောင်စုဖွားဒေသခံ မြန်မာ-မွတ်စလင်မဲဆန္ဒရှင်များသည် ရှေးမြန်မာ ဘုရင်အဆက်ဆက်က ၁၈၂၃ မတိုင်မီ ရှေးပဝေသနီကာလမှစ၍နေထိုင်ပြီး မိမိ၏ပင်ရင်းနိုင်ငံအဖြစ် စွဲကိုင်ဘိုးဘွားအစဉ်အဆက်နေထိုင်သူ မြန်မာနိုင်ငံသားများအပေါ် နိုင်ငံခြားသားများအတွက်သာ ပြဋ္ဌာန်းထားသော ဥပဒေကြောင်းအရ လဝကပုံစံ(၄)ဖြင့် အရေးယူအမိန့်ထုတ်ထားကြောင်းကို အစိုးရ အနေဖြင့်သိရှိပါသလား။ သိရှိပါလျှင် မည်သည့်အတွက်ကြောင့် ဤအမိန့်ထုတ်ထားပါသနည်း။ အကယ်၍ မသိရှိပါလျှင် မည်ကဲ့သို့ အရေးယူပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အဖြေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသဟာ ကျွန်တော် စောစောက တင်ပြခဲ့သလိုပဲ တစ်ဖက်နိုင်ငံနဲ့ ၁၅၂ မိုင်ခန့် နယ်နိမိတ်ထိစပ်မှုရှိပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ တစ်ဖက်နိုင်ငံမှာ နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများနဲ့ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံယဉ်ကျေးမှု ရုပ်ရည်သွင်ပြင် ဘာသာစကားကစပြီးတူညီကြတဲ့အတွက် ရှေးအစဉ်အဆက် ကာလများကတည်းက နှစ်နိုင်ငံကြား အပြန်အလှန် ကူးလူးသွားလာဆက်ဆံပေါင်းသင်းမှုများ ရှိခဲ့ကြပါတယ်။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံများဖြစ်တဲ့အလျှောက် တူညီတဲ့အချက်တွေပေါ်မှာ အခြေခံပြီး အထူးသဖြင့် တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးများဟာ ရေမြေသယံဇာတ ပိုမို ကောင်းမွန်ကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံ အတွင်းဘက်ကို တရားမဝင်ထိုးဖောက်ဝင်ရောက်မှုများ ရှိခဲ့ ကြပြီးတော့ ကျွန်တော်တို့နိုင်ငံ အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးစုများနှင့် အပြန်အလှန် အိမ်ထောင်ပြုခြင်း၊ သားသမီးမွေးဖွားခြင်းများရှိလာခဲ့ကြလို့ နိုင်ငံအတွင်းမှာ လူဦးရေရောထွေး နေထိုင်မှုများရှိလာခဲ့ခြင်း၊ ခွဲခြားရန်ခက်ခဲလာခြင်းစတဲ့အချက်တွေဟာ ငြင်းကွယ်လို့မရတဲ့ ဒီကနေ့ ပကတိ အခြေအနေများပင်ဖြစ်တယ်ဆိုတာ အားလုံးအသိပင် ဖြစ်ပါကြောင်း ကနဦးရှင်းလင်းတင်ပြ လိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ရှင်းလင်းတင်ပြခဲ့သလိုပဲ ကာလရှည်ကြာစွာ မြန်မာနိုင်ငံ အတွင်းကို တစ်ဖက်နိုင်ငံမှ တရားမဝင်  ဝင်ရောက်နေထိုင်သူများ အများအပြားရှိလာခဲ့တဲ့အတွက် အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၁၉၇၈ ခုနှစ်အတွင်းက နယ်မြေဒေသလုံခြုံရေးနဲ့ အမျိုးသားရေး လိုအပ်ချက်တွေအရ နဂါးမင်းစစ်ဆင်ရေးအမည်နဲ့ စစ်ဆေးခြင်းတွေ လုပ်ခဲ့ရပါတယ်။ အဲဒီကာလ အတွင်းမှာ စစ်ဆေးဖို့ မခံနိုင်သူ၊ မခံဝံ့သူအချို့ဟာ တစ်ဖက်နိုင်ငံ အတွင်းကို ထွက်ပြေးတိမ်းရှောင် သွားတဲ့အတွက်ကြောင့် ဟင်္သာစီမံချက်အမည်နဲ့ လူဦးရေပေါင်း ၁၈၀၀၀၀ ကျော်ကို ပြန်လည် လက်ခံမှုပြုခဲ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီလူမျိုးများဟာ ၁၉၉၀ ခုနှစ် နှင့် ၁၉၉၁ ခုနှစ်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံကို တစ်ခါထွက်ခွာသွားကြပြန်လို့ နှစ်နိုင်ငံသဘောတူချက်နဲ့ ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တာ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လအထိ ဦးရေပေါင်း ၂၃၀၀၀၀ ကျော် လက်ခံပေးခဲ့ပြီး ဖြစ်ပါတယ်။ သည့်နောက်ပိုင်းမှာ ကျွန်တော်တို့ဘက်က ယနေ့ထက်တိုင် လက်ခံရေး စခန်းဖွင့်လှစ်လက်ခံဖို့ ကမ်းလှမ်းသော်လည်းပဲ တရားဝင်ပြန်လည်ဝင်ရောက်လာသူ မရှိတော့ပါဘူး။ သို့ပါသော်လည်း နည်းမျိုးစုံနဲ့ ရောထွေးပြီး တရားမဝင် ခိုးဝင်မှုတွေကတော့ ယနေ့တိုင်ရှိနေဆဲ ဖမ်းဆီးရမိနေဆဲ ဖြစ်ကြောင်း ဖြေကြားပါသည်။