(ဆ)-ဒေသခံ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

ပထမအကြိမ်ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်များမှ အခြေခံပညာကျောင်းများတွင် ဒေသခံဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းခဲ့ရာ  ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ဒေသခံဆရာ၊ ဆရာမများဦးစားပေးခန့်ထားခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သော်လည်း ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်များ၏ ဒေသခံဘာသာစကားနဲ့ ဓလေ့ထုံးစံကို နားလည်သော ဇာတိနွယ်ဖွား ဒေသခံဆရာ၊ ဆရာမများရရှိအောင် မည်ကဲ့သို့ဆောင်ရွက်လျက် ရှိသည်ကို သိလိုပါကြောင်းမေးမြန်း အပ်ပါတယ်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ဒုတိယမေးခွန်းကို ကျွန်တော့်အနေနဲ့ ဖြေကြားပါ့မယ်ခင်ဗျား။ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တော မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်ခန့်ထားသော ဆရာ၊ ဆရာမအများစုမှာ ဒေသခံများ ဖြစ်ပါတယ်။ အခြားဒေသမှလာရောက်တာဝန်ထမ်းဆောင်သူ အနည်းငယ်သာရှိပါကြောင်း၊ ဇနီး၊ ခင်ပွန်း မိဘများပြောင်းရွှေ့တာဝန်ထမ်းဆောင်ရာသို့ ယာယီလာရောက် တာဝန်ထမ်းဆောင်နေ ကြခြင်းဖြစ်ပါသည်။ တာဝန်ပြီးဆုံးသည့်အခါ မိမိဒေသသို့ ပြန်ကြရမည့်သူများဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအတွင်း ဒေသခံ ဆရာ၊ ဆရာမများသည် မိမိတို့တာဝန်ကျရာ မြို့နယ်များသို့ ရာထူးအလိုက် သွားရောက်တာဝန်ထမ်းဆောင် နေကြခြင်း၊ မိမိတို့မွေးရပ်ဒေသတွင် တာဝန်ထမ်းဆောင်ရသကဲ့သို့ အခြားမြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်ရခြင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းသာ မိမိရာထူးတာဝန် နေရာအလျောက် သွားရောက်တာဝန် ထမ်းဆောင်နေကြပါတယ်။ ထိုနည်းတူ ဘူးသီးတောင်၊ မောင်တော၌ မွေးဖွားသူများလည်း အခြားဒေသတွင် ရာထူးတိုး၍ သွားရောက်တာဝန်ထမ်းဆောင်နေကြသူများ ရှိသကဲ့သို့  အခြားဒေသမှ ဘူးသီးတောင်၊ မောင်တော၌ လာရောက်တာဝန်ထမ်းဆောင်ကြသူများလည်း ရှိပါသည်။ ပညာရေး ဝန်ကြီးဌာန၏ သင်တန်းသားရွေးချယ်ရေး၊ ဝန်ထမ်းခန့်ထားရေးမူအရ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်များမှ ဒေသခံများကိုသာ ရွေးချယ်ခန့်ထားရန် မဖြစ်နိုင်ပါ။ ရခိုင်ပြည်နယ်တစ်ခုလုံးမှ မိမိတို့ ရာထူးနေရာအလိုက် တာဝန်အရသွားရောက် ထမ်းဆောင်ကြရပါတယ်။ အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း တာဝန်အရ မိမိတိုင်းဒေသကြီး မဟုတ်သော်လည်း အဆင်ပြေသောနည်းဖြင့် လုပ်ငန်းကဏ္ဍအလိုက် အဆင်ပြေအောင် သွားရောက်တာဝန်ထမ်းဆောင်နေကြရပါတယ်။ ဒေသခံ ဆရာ၊ ဆရာမများခန့်ထားရေးနဲ့ ပတ်သက်၍ ယခင်က ပညာရေးဌာနတွင် ဆရာ၊ ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသူများ၏ ဆန္ဒပြုလျှောက်လွှာအရ ခန့်ထားခဲ့ပါတယ်။ ယခုအခါ ပညာရေး ကောလိပ်ဆင်းများကိုသာ ရွေးချယ်ခန့်ထားပါတယ်။ ပညာရေးကောလိပ်သင်တန်းတက်ခွင့်ရွေးချယ် ရာတွင် ခရိုင်အလိုက် အချိုးကျခွဲဝေစနစ်ဖြင့် ကျား၊ မ အချိုး၊ ဘာသာရပ်အချိုးအရ ရွေးချယ်၍ သင်တန်းတက်ရောက်စေပြီး သင်တန်းဆင်းများကို နေရာလစ်လပ်မှုအပေါ် မူတည်ပြီး မိမိဒေသ၌ ပြန်လည်၍ ဦးစားပေးခန့်ထားပါတယ်။ သင်တန်းသားရွေးချယ်ရာတွင် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနဲ့ညီညွတ်ပါကမည်သူမဆို စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရှိပါကြောင်းဖြေကြားပါသည်။