(စ)-ရန်ကုန်မြို့တော်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နေ့စဉ်တိုး၍ ချိုးဖောက်နေမှုများ၊ ဟွန်းမတီးရ အမိန့်များကြောင့် ယာဉ်အန္တရာယ်များပို၍ဖြစ်နေခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ (၁၈.၁၀.၂၀၁၂)

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လူဦးရေ   ၆ သန်းခန့် နေထိုင်ပြီး နေ့စဉ် မော်တော်ယာဉ်မျိုးစုံအပါအဝင် လူအများ ရှုပ်ထွေးစွာသွားလာနေ၍ နေရာအတော်များများမှာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ အငှားတက္ကစီယာဉ် များ၊ ဘတ်စ်ကားလိုင်းများ၊ လူငယ်အများစုမောင်းနှင်တဲ့ ကိုယ်ပိုင်မော်တော်ယာဉ်များနှင့် ခြေလျင် လမ်းသွားများဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာဘဲ အရှိန်ပြင်းစွာမောင်းခြင်း၊ တစ်စီးနှင့်တစ်စီး အပြိုင်မောင်းခြင်း၊ လမ်းလုမောင်းခြင်း၊ ကြားဖြတ်ဝင်ခြင်းတို့ကြောင့် ယာဉ်တိုက်ခိုက် မှုများ၊ အသက်ဆုံးရှုံးမှုများ ထိခိုက်ဒဏ်ရာရမှုများ၊ ယာဉ်ထိခိုက်ပျက်စီးမှုများ တစ်နေ့တခြားတိုး၍ တိုး၍ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထုတ်ထားတာအများကြီး ရှိသော်လည်းပဲ ထိန်းသိမ်းကြီးကြပ်မှုအားနည်းသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှု များ များနေရခြင်းဖြစ်ပါတယ်။ ဖမ်းဆီးအရေးယူမှုများ များစွာရှိသော်လည်း ဖမ်းဆီးအရေးယူမှုထက် လွတ်သွားတဲ့အမှုပေါင်းက အများကြီးရှိနေပါတယ်။ အထူးသဖြင့် ရန်ကုန်မှာဆိုလို့ရှိရင် စည်ကားတဲ့ ရွှေဂုံတိုင် မီးပွိုင့်တို့၊ တာမွေမီးပွိုင့်တို့မှာ ယာဉ်ထိန်းရဲများရှေ့မှာပင် စည်းကမ်းတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တယ်။ လမ်းတွေလုမောင်းတယ်။ ကျော်ဝင်တယ်။ အစဉ်အတိုင်းမသွားဘဲနဲ့ မီးပွိုင့်ကိုလုမောင်းတယ်။ အဲဒါတွေဟာ ယာဉ်ထိန်းရဲတွေရှေ့မှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အခုရှိ နေတဲ့ ယာဉ်ထိန်းရဲများရဲ့ အရေအတွက်နဲ့ ရန်ကုန်မြို့မှာ ယာဉ်များနဲ့ အရေအတွက်နဲ့နှိုင်းယှဉ်လို့ရှိရင် ယာဉ်ထိန်းရဲရဲ့ အရေအတွက်က အလွန်အားနည်းနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြောက်ဥက္ကလာပမှာဆိုရင်လည်း မကြာခဏယာဉ်တိုက်မှုများဖြစ်ပြီးတော့ ထိခိုက်မှုများ အများကြီး ရှိခဲ့ပါတယ်။ မယ်လမုဘုရားရှေ့မှာရှိတဲ့ လမ်းဆုံမှာဆိုလို့ရှိရင် မကြာခဏ ယာဉ်တိုက်မှုတွေဖြစ် ပြီးတော့ အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့သော တစ်လက ကျွန်တော်တို့ ‌ြမောက်ဥက္ကလာပ မြို့နယ် NLD က မြို့နယ်ညီလာခံကော်မရှင်ဥက္ကဋ္ဌရဲ့ သမီးနဲ့မြေးဟာဆိုလို့ရှိရင် မယ်လမုဘုရားရှေ့နား မှာ Light Truck ကားတစ်စီးဟာ တိုက်ပြီးတော့ ထွက်ပြေးသွားတာ အခုဆိုလို့ရှိရင် မြေးဖြစ်သူ       ၁၃ နှစ် သားကလေးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်အာရုံကြောမှာ သတိမရသေးဘဲ ရှိနေ ပါတယ်။ တိုက်ပြီးတော့ ထွက်ပြေးသွားတဲ့ Light Truck ကားကတော့ အခုထိ အစဖော်လို့ မရသေး တာရှိနေပါတယ်။ အထူးသဖြင့် လိုင်းဘတ်စ်ကားများဟာ မှတ်တိုင်များမှာ ရပ်ချင်သလိုရပ် ထွက်ချင် သလိုထွက်ပြီးတော့ နောက်ကလာနေတဲ့ ယာဉ်ကို မစောင့်ဘဲ မှတ်တိုင်များမှ ဇွတ်အတင်းထွက်တဲ့ အခါမှာ ဟွန်းမတီးရ အမိန့်ထုတ်ထားတဲ့အတွက် ပိုမိုအန္တရာယ်ဖြစ်နေရပါတယ်။ ဟွန်းမတီးရ ကန့်သတ်ချက်နဲ့ပတ်သက်ပြီးတော့ အနည်းငယ် တင်ပြလိုပါတယ်။ ဟွန်းမတီးရကန့်သတ်ချက်ဟာ ဟွန်းသံဆူညံမှုကို တားဆီး၍ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြစ်ပေါ်စေသဖြင့် အလွန်ကောင်းမွန်သော သတ်မှတ်စည်းကမ်းချက်ဖြစ်ပါတယ်။ သို့ရာတွင် ဟွန်းမတီးရအမိန့်သည် စည်းကမ်းလိုက်နာမှု အားကောင်းသော နေရာများတွင်သာ အံ့ဝင်ပြီး စည်းကမ်းလိုက်နာမှုအားနည်းတဲ့ နေရာများမှာ ယာဉ်အန္တရာယ်များကို ပိုမိုဖြစ်စေနိုင်တာကို တွေ့ရှိနေရပါတယ်။ ဟွန်းမတီးရ အမိန့်ထုတ်ထားသော ဧရိယာအတွင်းမှာ ဟွန်းတီးရန်မလိုတဲ့အခြေအနေများ ဖန်တီးပေးရန်လိုအပ်ပါတယ်။ ထို့ကြောင့် မလိုအပ်ဘဲ ဟွန်းမတီးရ။ စည်းမဲ့ကမ်းမဲ့ ဟွန်းမတီးရဟူ၍သာ အမိန့်ထုတ်သင့်ပါတယ်။ တချို့နေရာ တွေမှာဆိုရင် လုံးဝဟွန်းမတီးရမယ့် အခြေအနေတွေရှိနေပါတယ်။ အဲဒီနေရာတွေကတော့ အဲဒီ ဟွန်းမတီးရ သတ်မှတ်ထားတဲ့ နယ်‌ြမေကို ပိုင်းခြားစိစစ်သတ်မှတ်ပြီးတော့ စည်းကမ်းများ တင်းတင်း ကြပ်ကြပ် ပြဋ္ဌာန်းသင့်ပါတယ်။ ဒီနေရာတွေကတော့ ဆေးရုံကြီးတွေ၊ သာသနာ့ရိပ်သာတွေ၊ စာသင် ကျောင်းတွေနေရာတွေမှာ ဇုန်အလိုက်တားမြစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီနေရာတွေမှာ ဟွန်းတီးမယ်ဆိုရင်တော့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်ပြောလိုတာက လုံးဝဟွန်းမတီးရ အမိန့်အစား ခုနက တင်ပြသလို မလိုအပ်ဘဲ ဟွန်းမတီးရ။ စည်းမဲ့ကမ်းမဲ့ ဟွန်းမတီးရဆိုတဲ့ ကန့်သတ်ချက်ကို သတ်မှတ်သင့်ပါတယ်။ ကျွန်တော်မေးမယ့် မေးခွန်းကတော့ ရန်ကုန်မြို့တော်မှာ အခုလို လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း များကို နေ့စဉ်လိုလို တိုး၍တိုး၍ ချိုးဖောက်နေမှုနှင့် ယာဉ်တိုက်ခိုက်မှုများ သေကြေပျက်စီးမှုများ တိုး၍တိုး၍ ဖြစ်ပေါ်နေခြင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်မှု အားနည်းနေခြင်းနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မည်သို့မည်ပုံ စီမံချက်များ ချမှတ်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်မြို့တော်မှာ နေ့စဉ် မော်တော်ယာဉ် ၃ သိန်းကျော်ခန့် ဝင်/ထွက် သွားလာ နေတဲ့အတွက် မော်တော်ယာဉ်မောင်းများက လမ်းအသုံးပြုစဉ်မှာ အခက်အခဲများရှိပြီး ဟွန်းတီးပါက ဆူညံသံများဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒါကြောင့် ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ အစည်းအဝေးကျင်းပရာ အဆောက်အဦများနှင့် အကြောင်း အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသနေတဲ့ ဝေဒနာရှင်များ စိတ်အေးချမ်းမြေ့စွာ နေထိုင် လုပ်ကိုင်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စည်ပင်သာယာနယ်နိမိတ်တွေဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ကမာရွတ်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်းနှင့် ဆိပ်ကမ်းမြို့နယ် ၃၁ မြို့နယ်မှာ    ၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဟွန်းသံကင်းမဲ့ဇုန်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့သတ်မှတ် ပြီး မည်သည့်အကြောင်းနှင့်မျှ ဟွန်းမတီးကြရန်နဲ့ ယာဉ်တိုက်မှုမဖြစ်စေဖို့အတွက် သတိပြုမောင်းနှင် ကြစေရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယို၊ MRTV-4 ၊ နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ် တွေမှာ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ပြီး သတ်မှတ်ခဲ့တဲ့အတွက် ဟွန်းသံများ ဆူညံခြင်း မရှိတော့ တာကို တွေ့ရှိရပါတယ်။

          ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ မနက် ဝရး၃၀ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးစီးကျင်းပပြုလုပ်တဲ့ နိုင်ငံရေးနှင့်လုံခြုံရေး ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် ၁၈ အရ ခရီးသည်တင်ဘတ်စ်ကားနှင့် အငှားယာဉ် တက္ကစီများ ဟွန်းတီးပါက ယာဉ်မောင်း လိုင်စင်ကို အနည်းဆုံး ၃ နှစ်မှ ရာသက်ပန်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဆုံးဖြတ်ထားရှိပါတယ်။ ဟွန်းတီးတာဟာ ရှေ့မှမိမိအာရုံနှင့်သွားလာနေသူက ဂရုမပြုမိဘဲ ဆက်လက် သွားလာနေလို့ရှိရင် ဆဲဆိုသကဲ့သို့ဖြစ်ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဇာတ်လမ်းမှာ သရုပ်ဆောင်များက ပေါ်လွင်စွာ သရုပ်ဆောင် ပညာပေးထားရှိတာ လည်း ရှိပါတယ်။ ရန်ကုန်မြို့တော်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ စီးပွားရေးမြို့တော် ဖြစ်တာနှင့်အညီ ဟွန်းမတီးရကန့်သတ်ချက်က လမ်းဖြတ်ကူးသူနှင့် ယာဉ်မောင်းသူများအကြားမှာ စိတ်အနှောင့်အယှက်တစ်ရပ် ဖြစ်ပေါ်လျက်ရှိတာကို သိရှိရပါတယ်။ မီးပွိုင့်စိမ်းနေတဲ့ အချိန်မှာ ကားရှေ့ကနေ မထီမဲ့မြင် ဖြတ်ပြေးကူးကြသူများရှိလို့ ယာဉ်မောင်းသူများအနေနဲ့ သတိနှင့် မောင်းနှင် ကြရကြောင်း လေ့လာသိရှိရပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ယာဉ်မောင်းသူများမှာ အရေးယူခံကြရမှာဖြစ်ပါတယ်။ အနှေးယာဉ်များကလည်း စည်းကမ်းစနစ်တကျသွားလာကြရန်နှင့် ကန့်သတ်ထားတဲ့ ဧရိယာအတွင်း ဝင်ရောက်စီးနင်းခြင်းမပြုကြရန်၊ ဒါ့အပြင် လမ်းအသုံးပြုသူများက လည်း လူသွားစြင်္ကံမှသာသွားကြရန်နှင့် လူကူးမျဉ်းကြားနှင့် လူကူးခုံးကျော်တံတားတို့ကသာ လမ်းဖြတ်ကူးကြဖို့လိုအပ်ပါတယ်။ ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းသူများရဲ့ပေါ့ဆမှုကြောင့် ဖြစ်ပွားသကဲ့သို့ ခြေလျင်လမ်းလျှောက်သူများရဲ့ ပေါ့ဆမှုကြောင့်လည်း ဖြစ်ပွားလျက်ရှိပါတယ်။ ဒါကြောင့် စည်းကမ်းမဲ့လမ်းကူးသူများကို အရေးယူခဲ့ရာမှာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ၂၃၇၉၅ ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ လမ်းဆုံမီးပွိုင့် လူကူးမျဉ်းကြားတို့မှာ ယာဉ်များ အတွက် မီးစိမ်းထားချိန်မှာ လမ်းသွားလမ်းလာများအနေနဲ့ လမ်းဖြတ်ကူးခြင်းမပြုဘဲ စောင့်ဆိုင်းရန် နှင့် ယာဉ်များကလည်း လမ်းဆုံမီးပွိုင့်နှင့် လူကူးမျဉ်းကြားမှာ အရှိန်လျှော့မောင်းရန် လိုအပ်ပါတယ်။ လမ်းအသုံးပြုသူ ခြေလျင်လျှောက်သူများအနေနဲ့လည်း လူကူးမျဉ်းကြားကသာ အချက်ပြထိန်းသိမ်းမှု စနစ်အတိုင်း စနစ်တကျ လမ်းဖြတ်ကူးကြရန်နှင့် အချက်ပြထိန်းသိမ်းမှုမရှိတဲ့နေရာမှ လမ်းကူးကြပါက လမ်းရှင်းမှ ကူးတဲ့စနစ်နဲ့ သွားလာလို့ရှိရင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းလာမှာ ဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မြို့တော်မှာ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းလာပြီး လမ်းအသုံးပြုသူများကလည်း စည်းကမ်းလိုက်နာမှု ကောင်းမွန်တိုးတက် လာလို့ရှိရင် ဟွန်းမတီးရအမိန့်နှင့်ပတ်သက်လို့ လိုအပ်တဲ့နေရာများမှာသာ ဟွန်းတီးခွင့်ပြုရန်နှင့် စည်းကမ်းမဲ့ ဟွန်းတီးခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။