(ခ)- ဘဏ်ချေးငွေများ ပြန်လည်ကောက်ခံမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများထုတ်ချေးရာတွင် မိုးရာသီဘဏ်ချေးငွေအတွက် ပြန်လည်ပေးဆပ်ရမယ့် နောက်ဆုံး ရက်ကို နောက်နှစ်မတ်လ  ၃၁ ရက်လို့ဌာနရဲ့ ညွှန်ကြားစာ ပူးတွဲဇယားမှာ ဖော်ပြထားတာကို လေ့လာ တွေ့ရှိရပါတယ်။ ဘဏ်ချေးငွေစာချုပ်များတွင်လည်း တစ်နှစ်အတွင်း ပေးဆပ်ရမယ်လို့ ဖော်ပြထား ကြောင်းတွေ့ရှိရပါတယ်။ သို့သော်လည်းပဲ မိုးရာသီချေးငွေအမှန်တကယ် ပြန်လည်ကောက်ခံရာမှာ မြို့နယ်ဘဏ်ခွဲအသီးသီးက လွန်ခဲ့သော ခုနစ် နှစ်ခန့်မှစ၍ နှစ်စဉ် သတ်မှတ်ချက်ထက်၊ သတ်မှတ်တဲ့ ရက်ထက် တစ်လခန့်ကြိုတင်၍ နောက်နှစ် ဖေဖော်ဝါရီ ၁၅ ရက် သို့မဟုတ် ၂၀ ရက် အတွင်းအပြေ အကြေပေးသွင်းစေခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများမှ မဖြစ်မနေ ပေးဆပ်ခဲ့ကြပါကြောင်း လေ့လာသိရှိရပါတယ်။ ယခုလို မိုးရာသီဘဏ်ချေးငွေကို နောက်ဆုံးရက် ဖေဖော်ဝါရီ ၁၅၊ ၂၀ ရက်အတွင်း မဖြစ်မနေပေးသွင်းစေခြင်းဖြင့် အချို့ ပဲစိုက်တောင်သူများမှာ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံရိတ်သိမ်းဆဲကာလဖြစ်ခြင်း၊ ရာသီဥတုအခြေအနေ၊ လုပ်အားအခြေအနေတွေ ကြောင့် ရိတ်သိမ်းရန် စောင့်ဆိုင်းဆဲကာလဖြစ်ခြင်းတို့ကြောင့် ငွေပေါ်သီးနှံဖြစ်တဲ့ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံများ လှိုင်လှိုင်မပေါ်သေးတဲ့ကာလနှင့် ကြုံလျက်ရှိပါတယ်။ ဘဏ်ချေးငွေ ပေးဆပ်နိုင်ရေး အတွက် ပဲသီးနှံပေါ်ချိန် ရက်ပိုင်း၊ လပိုင်းအလိုကာလမှာပင် သီးနှံကြိုတင်ပေးယူ၍ ပေးဆပ်ရခြင်း၊ ပြင်ပမှငွေတိုးနှုန်း၁၀၀လျှင် ၈ ကျပ်၊ ၁၀ အထိ ငွေတိုးဖြင့် ချေးငှားပေးဆပ်ကြရခြင်းစတဲ့ အခက်အခဲ များနှင့် နစ်နာမှုများကြုံတွေ့ နေကြရပါတယ်။ ယခုကဲ့သို့မိုးရာသီ ဘဏ်ချေးငွေကို နောက်ဆုံးပေးဆပ် ရမည့် သတ်မှတ်ရက်ထက် တစ်လခန့်ကြိုတင်၍ မဖြစ်မနေ ကောက်ခံပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော် ဘက်မှတစ်လတာဘဏ်တိုးငွေ နစ်နာမှုရှိခဲ့သလို တောင်သူလယ်သမားများ ဘက်မှလည်းပဲ ပြင်ပ ငွေရှင်၊ ကြေးရှင်များကို ကြီးမားတဲ့အတိုးငွေ ပေးလိုက်ရတဲ့အတွက် နိုင်ငံတော်ရဲ့စေတနာနဲ့ ဆောင်ရွက်ပံ့ပိုးပေးသော သက်သာတဲ့အတိုးနှုန်းကို မခံစားကြရတော့သလို ဖြစ်ပြီးတော့ နိုင်ငံတော်နဲ့ တောင်သူလယ်သမား နှစ်ဦးနှစ်ဖက်လုံး နစ်နာမှုများရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ယခုနှစ်ထုတ်ချေးပေးထားတဲ့ မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများပြန်လည်ကောက်ခံခြင်းမှစ၍ အပြေအကြေပေးဆပ်ရမယ့်နောက်ဆုံးရက်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြို့နယ်ဘဏ်ခွဲ အသီးသီးရှိဘဏ်ခွဲများမှ မတ်လ ၃၁ ရက် သို့မဟုတ် မတ်လတတိယပတ်အထိ စောင့်ဆိုင်းကောက်ခံ ပေးနိုင်ရေးကို ပဲစိုက်တောင်သူများ၏ အခက်အခဲနှင့် နစ်နာမှုများရှေးရှုပြီးတော့ စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးမြင့်လှိုင် ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ လယ်သမားများထံသို့ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးရာမှာ မိုးရာသီဘဏ်ချေးငွေအတွက် ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၃၁ ရက်ဟု သတ်မှတ် ညွှန်ကြားထားရှိသော်လည်းပဲ ဘဏ်ချေးငွေစာချုပ်များတွင် တစ်နှစ်အတွင်း ပေးသွင်းရန်ဖြစ်ကြောင်း ဖော်ပြထားရှိပါတယ်။ သို့ရာတွင် မိုးရာသီချေးငွေ အမှန်တကယ် ကောက်ခံရာမှာ မြို့နယ်ဘဏ်ခွဲ အသီးသီးက လွန်ခဲ့သော ၇ နှစ်ခန့်မှစ၍ သတ်မှတ်ရက်ထက် တစ်လကြိုတင်ပြီး ဖေဖော်ဝါရီ ၁၅ ရက် သို့မဟုတ် ၂၀ ရက်အတွင်း အပြေအကျေ ပေးသွင်းစေခဲ့သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တောင်သူလယ်သမားများမှာ အခက်အခဲဖြစ်နေရကြောင်း၊ ယခုကဲ့သို့ မိုးရာသီ ဘဏ်ချေးငွေကို နောက်ဆုံးပေး‌ချေရမည့် သတ်မှတ်ရက်ထက် တစ်လခန့်စော၍ ကောက်ခံပေးသွင်း စေခဲ့ဲသဖြင့် နိုင်ငံတော်ဘဏ်ဘက်မှ တစ်လစာ ဘဏ်တိုးငွေနစ်နာမှုရှိသလို လယ်သမားများ ဘက်မှလည်း ငွေရှင်ကြေးရှင်များကို ကြီးမားတဲ့အတိုးငွေပေးလိုက်ရတဲ့အတွက် နိုင်ငံတော်အတွက် ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်မှ စေတနာနှင့် ဆောင်ရွက်ပေးနေတဲ့ သက်သာသော အတိုးနှုန်းများကို မခံစားရဘဲ ရှိနေတဲ့အပေါ်မှာ ဘဏ်ချေးငွေများ အပြေအကျေကောက်ခံရမည့်ရက်ကို မတ်လ ၃၁ ရက် သို့မဟုတ် မတ်လ တတိယပတ်ကုန်အထိ စီစဉ်ပေးနိုင်ဖို့အတွက် တင်ပြထားခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုး၊ ဆောင်း၊ မိုးကြိုရာသီ အလိုက် သီးနှံများကို ငွေထုတ်ချေးရာမှာ ချေးငွေပြန်လည်ကောက်ခံချိန် သတ်မှတ်ခြင်းကို သီးနှံများ မပေါ်ခင် ကောက်ခံပါကလည်း ငွေချေးခဲ့သူတောင်သူများအတွက် ပြန်လည်ပေးဆပ်ရန် အခက်အခဲ ကြုံတွေ့နိုင်သလို သီးနှံများရောင်းချပြီးချိန်မှ တောင်သူများလက်ဝယ်ပြန်ဆပ်ရန် ငွေမရှိတော့တဲ့ အချိန်တွင် ကောက်ခံပါကလည်း ချေးငွေများ အပြည့်အဝပြန်လည်ရရှိရန် ဘဏ်လုပ်ငန်းအနေဖြင့် အခက်အခဲတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် သီးနှံများငွေပေါ်ချိန် လယ်သမားများ လက်ဝယ်မှာ ငွေဝင်ချိန်ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်းမှာ ချေးငွေများကို စတင် ကောက်ခံရန်နှင့် မတ်လကုန်မတိုင်မီ အပြီးသတ်ကောက်ခံရန် ဆောင်ရွက်ထားရှိရခြင်းဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ တောင်သူများစုဆောင်းငွေအပါအဝင် လှည့်ပတ်သုံးစွဲနိုင်တဲ့ ငွေစုစုပေါင်းမှာ ကျပ် သန်း ၆၅၀၀၀ ခန့်သာရှိတဲ့အတွက် လိုအပ်သည့်ငွေ ကျပ်သန်းပေါင်း ၁၆၀၀၀၀ ခန့်ကို နှစ်စဉ် မြန်မာ့စီးပွားရေးဘဏ်မှ တင်ပြထုတ်ယူပြီးတော့မှ ထုတ်ချေးပေးနေရခြင်းဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်မှချေးယူထားတဲ့ ချေးငွေများကို ချေးယူထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ ‌ပြေကျေအောင်ပေးဆပ်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ယူဆောင်ရွက်ရသည့်စနစ်ကို ကျင့်သုံးရခြင်းဖြစ်ပါတယ်။ သို့မှသာလျှင် လာမည့်နောက်တစ်နှစ် ဘဏ္ဍာရေးနှစ်အတွက် ထုတ်ချေးရန် ချေးငွေလျာထားခြင်း၊ မိမိဘဏ်ရဲ့ တိုးပွားလာမည့် ငွေအရင်းအမြစ်များပေါ် တွက်ချက်ခြင်းနှင့် လိုအပ်ငွေချေးယူရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ကြိုတင်တွက်ချက် တင်ပြတောင်းခံရခြင်း ကိစ္စရပ်များကို အချိန်ကိုက်ဆောင်ရွက်နိုင်ရန်၊ စီစဉ်ရန်အချိန်လိုအပ်မှုရှိပါတယ်။ ဖေဖော်ဝါရီလ အတွင်း ပြည်ထောင်စုချုပ်ပြေကျေရေး ကောက်ခံရန်လိုအပ်ချက်အရ ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။        ယခုကဲ့သို့  ဘဏ္ဍာရေးနှစ်အတွင်း ချေးငွေများကို ဘဏ္ဍာရေးနှစ်ကုန်အမီ တစ်ပြည်လုံး အတိုင်းအတာ အနေဖြင့် ဖေဖော်ဝါရီလအတွင်း ကောက်ခံနိုင်မှသာလျှင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်များနှင့်အညီ မတ်လကုန်မှာ စာရင်းချုပ်နိုင်ပြီး စာရင်းရှင်းလင်းမှုများလည်း ဆောင်ရွက် နိုင်မည်ဖြစ်ပါတယ်။ အကယ်၍ မတ်လကုန်အထိ စောင့်ဆိုင်းနေမည်ဖြစ်ပါက စာရင်းရှင်းလင်းရာမှာ ဘဏ္ဍာရေးနှစ်ကျော်လွန်သွားမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်အတွက် ငွေကြေးဆိုင်ရာ စာရင်းဇယား များရေးဆွဲရာတွင် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကြုံတွေ့ရမည် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သီးနှံစိုက်ပျိုးချိန်၊ သီးနှံထွက်ရှိချိန်များ ဒေသအလိုက်မတူညီခြင်းအပေါ် ဘဏ်လုပ်ငန်းမှ အသင့်လျော်ဆုံး စီမံတွက်ချက်ဆောင်ရွက်နေရသလို အခြားတစ်ဖက်မှလည်းပဲ နိုင်ငံတော်၏ ဘဏ္ဍာငွေများဆုံးရှုံးမှု၊ အလွဲသုံးစားမှုများမဖြစ်ရေးကိုလည်း မျက်ခြည်မပြတ် ကြီးကြပ် ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် မတ်လ ၃၁ ရက်နေ့အထိ စောင့်ဆိုင်း ကောက်ခံပေးရန် မေးမြန်းထားခြင်းအပေါ်မှာ ဘဏ်အနေဖြင့် ယခင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အစား ယခုဖေဖော်ဝါရီလ လကုန်ကာလအထိ တောင်သူလယ်သမားများရဲ့ လိုအပ်ချက်အကျိုးကို ရှေးရှု ပြီးတော့မှ ကာလတိုးမြှင့်ခွင့်ပြုပြီး စီစဉ်ကောက်ခံပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။