ယနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အခင်းအကျင်းမှာ မြန်မာနိုင်ငံတော်ကြီးကို ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်ကို မထိပါးစေဘဲ ငြိမ်းချမ်းစွာ၊ သဘောထားကြီးစွာ၊ စည်းကမ်းရှိစွာဖြင့် ဒီမိုကရေစီအခြေခံ ကောင်းတွေနဲ့ချမှတ်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ပြည်သူ့အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ပါသော ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဖြစ်တဲ့ တပ်မတော်အစိုးရကိုလည်း အထူးလေးစားစွာ ကျေးဇူးတင် ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျား။ နောက်ပြီးတော့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လွှတ်တော်အတွင်းမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲမထားဘဲနဲ့ ပြည်သူ့ဆန္ဒများကို အခြေခံလာလို့ရှိရင် တစ်ဦးနှင့်တစ်ဦး အတိုက်အခံမပြုလုပ်ဘဲနဲ့ တစ်ဦးသဘော ကိုတစ်ဦး ရိုးသားစွာနားလည်ကာ လက်ခံသဘောတူမှု ရှိလာအောင် ဦးဆောင်မှုပြုပေးပါသော ကျွန်တော်တို့ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအား လည်းကောင်း၊ ပြည်သူ့အကျိုးကို အပင်ပန်းခံ ပြီးတော့ ကြိုးစားနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလည်းကောင်း ဒီမိုကရေစီအရေးအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပါတယ်ခင်ဗျား။ ဒါဟာ မြန်မာနိုင်ငံရဲ့ ထူးခြားသော၊ မြင့်မြတ် သော သဘောထားဖြင့် ဒီမိုကရေစီဖော်ဆောင်မှုဆိုရင်လည်း မမှားပါဘူးခင်ဗျား။
ပြည်သူအတွင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်နဲ့ ကင်းကွာနေတာဟာ နှစ်ပေါင်း ၅၀ ခန့်ရှိပါတယ်။ ယနေ့ ပြည်သူတချို့ဟာ ဒီမိုကရေစီသဘောတရားစံနှုန်းကျင့်စဉ်များကို သိရှိနားလည်မှုအားနည်းပြီးတဲ့အတွက်ကြောင့် ရိုးသား သော အချို့သော ပြည်သူများကို ဒီမိုကရေစီအလွဲသုံးစားပြုသူများက အသုံးချနေတာလည်း ရှိနေပါ တယ်။ အဲဒီလိုပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်များကို ဒီမိုကရေစီအလွဲသုံးစားပြုသူများ၏ အသုံးချ ခြင်းမခံရအောင် ယနေ့ ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးပြီးတော့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ဒီမိုကရေစီကျင့်စဉ်များ၊ စံနှုန်းများ၊ ကျင့်သုံးပုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှု အကြောင်းများကိုလည်းကောင်း နမူနာလေ့လာရန်သင်ခန်းစာအဖြစ် သင်ကြားပေးမည်ဆိုပါလျှင် နောင်လာမည့် မျိုးဆက်သစ်လူငယ်များသည် အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းကဟု ယခင်တုန်းက ဆိုစကားရှိသလို ဒီမိုကရေစီစည်းကမ်းအစ စာသင်ကျောင်းက ဖြစ်လာပါလျှင် ကျွန်တော်တို့သွားလိုတဲ့ စည်းကမ်းပြည့်ဝတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် ဆီသို့ အမြန်ဆုံးချောချောမောမောရောက်လိမ့်မယ်လို့ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်း ၅၀ ခန့်ကင်းကွာခဲ့သဖြင့် ယနေ့ပြည်သူအချို့သည် ဒီမိုကရေစီသဘောတရားကျင့်စဉ်များကို သိရှိမှု အားနည်းပြီး အံမဝင်ခွင်မကျဖြစ်နေပါသဖြင့် နောင်လာမည့်မျိုးဆက်သစ်များတွင် ဒီမိုကရေစီစနစ်နှင့် အညီ ပြောဆိုကျင့်ကြံနေထိုင်မှုများ စနစ်တကျအားကောင်းလာစေရန် ယနေ့ ပညာရေးစနစ်မှာ လေ့လာရန်သင်ခန်းစာအဖြစ် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အဆင့်မြင့် ပညာအလိုက် သိသင့်သိထိုက်သော ဒီမိုကရေစီစံနှုန်းများကို နိုင်ငံတကာဒီမိုကရေစီကျင့်စဉ်များကို သိရှိလေ့လာ နိုင်ရန် ထည့်သွင်းသင်ကြားပေးမှသာ နောင်လာမယ့်အနာဂတ်လူငယ်များသည် ဒီမိုကရေစီစနစ်နှင့် အညီ ကျင့်ကြံနေထိုင်တတ်ခြင်းအားဖြင့် နိုင်ငံအတွက် ဒီမိုကရေစီစနစ်ရဲ့ အသီးအပွင့်ကို ဆောလျင်စွာ၊ ကောင်းမွန်စွာ ခံစားနိုင်မယ်လို့ ထင်မြင်ယူဆပါသဖြင့် ကျောင်းသင်ခန်းစာများတွင် ကျွမ်းကျင်သော ပညာရှင်များနှင့် တိုင်ပင်ကာ ထည့်သွင်းသင်ကြား ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ဒီမိုကရေစီရဲ့ နိုင်ငံတကာစံနှုန်းက အများကို ကိုယ်စားပြုသော အများ အကျိုးရှေးရှုသောစနစ်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း၊ အစိုးရအုပ်ချုပ်သူများကို ပြည်သူများက ရွေးကောက်တင်မြှောက်ခြင်းတို့ ဖြစ်ပါတယ်။ ထိုသို့ ရွေးကောက်တင်မြှောက်နိုင်ရန် အတွက် ရွေးကောက်ပွဲဥပဒေများရေးဆွဲပြဋ္ဌာန်းရပါတယ်။ နိုင်ငံတော်အစိုးရ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်စေရန်အတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါတယ်။ ဆန္ဒမဲပေးရာတွင် လွတ်လပ်မှုရှိခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရယူပြီးမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ပြုခြင်း၊ သတင်းစာ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိခြင်း၊ အများပြည်သူ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကိုဖော်ဆောင်ပေးခြင်း၊ ကြောက်ရွံ့မှုကင်းခြင်း၊ အများဆန္ဒသဘောထားကို အလေးထား အသိအမှတ်ပြုခြင်းစသည့် လူ့အခွင့်အရေးများဟာလည်း ဒီမိုကရေစီ၏စံနှုန်းများ ဖြစ်ပါတယ်။ အဆိုပါ စံနှုန်းများအတိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများတွင် သက်ဆိုင်ရာ ဆရာ ဆရာမများက ကျောင်းသားများ၊ ကျောင်းသူများကို သိရှိနားလည်စေရန် ယခုအချိန်မှစပြီးတော့ ထည့်သွင်းသင်ကြားပေးလျက်ရှိနေပါပြီ။ ထိုသို့ သင်ကြားပေးခြင်းဖြင့် နောင်အနာဂတ်တွင် ဒီမိုကရေစီ ၏ အသီးအပွင့်များကို ကောင်းမွန်စွာ ခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
မျိုးဆက်သစ်လူငယ်များရဲ့ စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရားမြင့်မားရေးအတွက် စာရိတ္တနှင့် ပြည်သူ့နီတိ၊ စာရိတ္တနှင့် လောကနီတိဘာသာရပ် သင်ခန်းစာများကို အခြေခံပညာအဆင့်အလိုက် သင်ကြားပေးလျက်ရှိပြီးတော့ ဒီမိုကရေစီစိတ်ထား၊ ဒီမိုကရေစီကျင့်စဉ်နှင့်ဆက်နွယ်သော လူ့အခွင့် အလမ်းများ၊ ပညာရေးသင်ခန်းစာများကို အလယ်တန်းအဆင့် ပဉ္စမတန်းမှ အထက်တန်းအဆင့် နဝမတန်းအထိ သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ ယခင်က ဆရာကိုင်စာအုပ်သာရှိခဲ့ပေမယ်လို့ လာမယ့်နှစ်မှစပြီးတော့ ကျောင်းသား ကျောင်းသူများ ကိုင်တဲ့စာအုပ်ပါ ကျွန်တော်တို့ပြုစုပြီးတော့ ကလေးတွေကို ဖြန့်ဝေသွားမှာွဖစ်ပါတယ်။ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရေးတို့ အချိုးညီပြည့်ဝလာစေရေးအတွက် လူမှုစီးပွားရေးနယ်ပယ်တွင် ခိုင်မာစွာ ရှင်သန် နိုင်မည့် တွေးခေါ်ကျင့်ကြံပြုမူနေထိုင်တတ်သည့် အရည်အသွေးများပြည့်ဝလာစေရန် ယခု ပညာသင် နှစ်မှစပြီးတော့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းသား ကျောင်းသူများအား ဗဟိုအဆင့်နှင့် ကျောင်းအဆင့် ကင်းထောက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ ကင်းထောက် ကတိနှင့် ကျင့်ဝတ်များတွင်ပါရှိသည့် သူတစ်ပါးအား အစဉ်ကူညီသည့် ဂုဏ်သိက္ခာသည် ယုံကြည်စိတ်ချရသည်၊ ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ဖြူစင်သန့်ရှင်းသည်ဟူသည့် လူသားတစ်ယောက်ဖြစ်ရေးအတွက် လေ့ကျင့်ပြုစုလျက် ရှိပါတယ်။
အခြေခံပညာ ကျောင်းသား ကျောင်းသူများကို နိုင်ငံ့သားကောင်းအရည်အသွေးများ ပြည့်ဝ စေရေးအတွက် ကျောင်းကောင်စီများ၊ ခေါင်းဆောင်များရွေးချယ်ရာတွင် အရည်အချင်းရှိသူ၊ ကျောင်း နှင့် ကျောင်းသားကျောင်းသူများ၏ အကျိုးကိုသယ်ပိုးဆောင်ရွက်မည့်သူ၊ ကိုယ်ကျင့်တရား ကောင်းမွန် သူများကို ရွေးချယ်ဆန္ဒမဲပေးခြင်း၊ လူအများစု၏ ဆန္ဒအရ ဆန္ဒမဲအများဆုံးရရှိ သူကို ခန့်အပ်တာဝန် ပေးခြင်း၊ လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားခြင်း၊ ရွေးချယ်ခံရသူ၏ လုပ်ဆောင်မှုကို မပြတ် လေ့လာ၍ ရွေးချယ်မှု၊ မှန်ကန်မှုရှိ၊မရှိ ပြန်လည်သုံးသပ်စေခြင်းစသည့် ကျောင်းကောင်စီရွေးချယ်မှု လုပ်ငန်းစဉ်အားလုံးကို ဒီမိုကရေစီကျင့်စဉ်ဆိုင်ရာ အလေ့အကျင့်များဖြင့် ချိတ်ဆက်ပညာပေး ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီမိုကရေစီနိုင်ငံသားတစ်ဦး၏ ဂုဏ်အင်္ဂါ အရည်အချင်းများဖြစ်သည့် အသိဉာဏ်ပြည့်မီအောင်ဆောင်ရွက်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထားပြည့်ဝခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ အများအကျိုးအတွက်ဆောင်ရွက်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက် တတ်ခြင်းစသည်တို့နှင့် ဒီမိုကရေစီနိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများဖြစ်သည့် နိုင်ငံတော်ကို ကြည်ညိုလေးစားခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင်ကြိုးပမ်းအားထုတ် ခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်းစသည့် တာဝန်ကိုသိရှိခြင်းနှင့် တာဝန်ကို ခံယူလိုခြင်းဆိုင်ရာ သင်ခန်းစာများကိုလည်း ရသစာပေနှင့် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များတွင် ထည့်သွင်း သင်ကြားပေးလျက်ရှိနေပါပြီ။ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ပထမနှစ် ကျောင်းသားများအား ဒီမိုကရေစီနှင့်ပတ်သက်ဆက်နွယ်သော သင်ရိုးညွှန်းတမ်းများကို သမိုင်း ဘာသာတွင် ထည့်သွင်းသင်ကြားလျက်ရှိပါတယ်။ ကမ္ဘာ့သမိုင်းဘာသာရပ်ကို သမိုင်းအထူးပြု ကျောင်းသားကျောင်းသူများအတွက် ပထမနှစ်နှင့် သမိုင်းအထူးပြုမဟုတ်သော ကျောင်းသား ကျောင်းသူများအားလုံးအတွက် ပထမနှစ်၊ ဒုတိယနှစ်ဝက်တွင်လည်းကောင်း၊ Modern Myanmar ကို တတိယနှစ်သမိုင်းအထူးပြု၊ ပထမနှစ် ဂုဏ်ထူးတန်း သမိုင်းအထူးပြု ကျောင်းသား ကျောင်းသူ များအတွက်လည်းကောင်း၊ Constitutional History of Myanmar ကို တတိယနှစ်ဂုဏ်ထူးတန်း သမိုင်းအထူးပြု ကျောင်းသား ကျောင်းသူများအတွက်လည်းကောင်း သင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာအထူးပြု ဂုဏ်ထူးတန်းနောက်ဆုံးနှစ်နှင့် မဟာဝိဇ္ဇာအရည်အချင်းစစ် သင်တန်းတွင် ဒီမိုကရေစီနှင့်ဆက်နွယ်သော Political Science; Democracy စသည့် ဘာသာရပ် တွေကို ထည့်သွင်းသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် မကြာခင်မှာ ကျွန်တော်တို့ Political Science ဘာသာရပ်တစ်ခုကို ဌာနအသစ်အနေနဲ့ ထူထောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
