(က)-မေးခွန်းများ မေးမြန်းခြင်းနှင့်ပတ်သက်၍ မည်သို့မည်ပုံဆောင်ရွက်နေကြောင်း၊ အချို့သော လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းအား ၆၊ ၇၊ ၈ ကြိမ်ထိ မေးမြန်းခွင့် အဘယ်ကြောင့် ရရှိကြောင်း သိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ (၁၈.၁၀.၂၀၁၂)

လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတိုင်း မိမိတို့ကို ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ လူထုရဲ့ကိုယ်စား လွှတ်တော်မှာ မေးခွန်းတွေ မေးမြန်းပြီး ဖြည့်ဆည်းပေးနေတယ်ဆိုတာလည်း အားလုံးအသိ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း လွှတ်တော်နှင့် ထိုက်တန်တဲ့ တိုင်းပြည်တစ်ခုလုံးနှင့်ခြုံငုံမိတဲ့မေးခွန်းတွေ တိုင်းဒေသကြီးနှင့်ပြည်နယ်နဲ့ ခြုံငုံမိတဲ့ မေးခွန်းတွေ မေးမြန်းဖို့လိုအပ်သလို မေးခွန်းများ မေးမြန်းစေတဲ့နေရာမှာလည်း အဲဒီလိုမေးခွန်းတွေကို ဦးစားပေး မေးစေသင့်ကြောင်း သုံးသပ်မိပါတယ်။

          လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးမှာ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်အရ မေးခွန်းပေါင်း ၈၈၈ ခု မေးမြန်းထားကြောင်း သိရှိရပါ တယ်။ အဲဒီမေးမြန်းထားသည့်အထဲကနေပြီးတော့ မေးခွန်းမေးမြန်းသူ ၉၆ ဦးက မေးခွန်းပေါင်း ၁၆၆ ခု မေးမြန်းခဲ့တာကို လေ့လာသုံးသပ်မှတ်မိလိုက်ပါတယ်။ တစ်ကြိမ်မေးခွန်းမေးမြန်းခွင့်ရရှိသူ ၆၂ ဦး၊ နှစ်ကြိမ်မေးခွန်းမေးမြန်းခွင့်ရရှိသူ ၁၉ ဦး၊ သုံးကြိမ်မေးခွန်းမေးမြန်းခွင့်ရရှိသူ ၆ ဦး၊ လေးကြိမ်မေးခွန်း မေးမြန်းခွင့်ရရှိသူ ၇ ဦး၊ ငါးကြိမ်မေးခွန်းမေးမြန်းခွင့်ရရှိသူ ၂ ဦး၊ ခုနစ်ကြိမ်မေးခွန်းမေးမြန်းခွင့်ရရှိသူ ၂ ဦး၊ ရှစ်ကြိမ်မေးခွန်းမေးမြန်းသူ ၁ ဦး အသီးသီးမေးခွန်းတွေကို မေးမြန်းခွင့်ရရှိသွားတာကို တွေ့ရပါ တယ်။ ကျန်တဲ့အများစုအနေနဲ့ မေးခွန်းများ မေးမြန်းနိုင်ခွင့်မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ မေးခွန်းများ မေးမြန်းတဲ့အခါမှာ မျှတမှုရှိအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်မယ်လို့ သုံးသပ်မိ ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်အတွင်း မေးမြန်းတဲ့ မေးခွန်းများနှင့်ပတ်သက်ပြီးတော့ မည်သို့မည်ပုံ ဆောင်ရွက်ပေးနေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာစိုးရင်
အဖြေ

ပြည်သူ့လွှတ်တော်ရဲ့ မေးခွန်းတွေ ပို့တဲ့အခါမှာ လွှတ်တော်ရုံးက လက်ခံရရှိတဲ့နေ့စွဲအလိုက်၊ ဝင်စာအမှတ်အလိုက်၊ အစီအစဉ်အလိုက် လက်ခံ ထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်း မေးခွန်းမေးခွင့်ရှိပါတယ်။ မေးခွန်းမေးမြန်းမှု အပေါ်မှာ ကန့်သတ်ထားခြင်းမရှိပါဘူး။ မေးခွန်းမေးတဲ့သူတွေ ပေးပို့တဲ့ ဝင်စာအစီအစဉ်အလိုက် ပြည်သူ့လွှတ်တော်ရုံးက စုစည်းပြီး မေးခွန်းများ ဖြေကြားဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနကို ဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့ရုံးကို ပေးပို့ပါတယ်။ အစိုးရအဖွဲ့ကို မေးခွန်းများပေးပို့တဲ့ အခါမှာလည်းပဲ အရင်ရရှိပြီးတဲ့ မေးခွန်းကို အရင်ပို့ပြီး နောက်မှရောက်တဲ့ မေးခွန်းကို နောက်မှ ပေးပို့ခြင်းရှိပါတယ်။ အစိုးရအဖွဲ့ကို မေးခွန်းတွေပေးပို့တဲ့ ရက်စွဲ၊ စာအမှတ်တွေကို လွှတ်တော်ရုံးမှာ မှတ်တမ်းတင်ထားရှိပါတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ ကြယ်ပွင့်ပြမေးခွန်းများ  ဖြေကြားရန် အဆင်သင့်ဖြစ်ကြောင်း ပြန်ကြားလာတဲ့အခါ လွှတ်တော်အစည်းအဝေးဌာနက နေ့စဉ်အစည်းအဝေး အစီအစဉ်မှာ ညှိနှိုင်းပြီး အစီအစဉ်ရေးဆွဲကာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ လာရောက် ဖြေကြားပေးရန် ရက်နှင့်အချိန်သတ်မှတ်ပြီး အကြောင်းကြားပါတယ်။ လာရောက်ဖြေကြားတဲ့ ဝန်ကြီးဌာနအလိုက် ဖြေကြားမယ့်မေးခွန်းတွေကို စုစည်းပြီး လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းပေးလျက် ရှိပါတယ်။ လွှတ်တော်မှာ မေးခွန်းတွေ ဖြေကြားဖို့ ကြန့်ကြာလျက်ရှိသည်မှာလည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ဖြေကြားရန် အကြောင်းကြားမှု ကြန့်ကြာသောကြောင့် ဖြစ်တာ သိရပါတယ်။ အချို့မေးခွန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားရန် အချိန်ယူစိစစ်ရတဲ့အတွက် အချိန် ကြန့်ကြာတတ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော် နည်းဥပဒေမှာ ပြဋ္ဌာန်းချက်တွေအရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေးတစ်ကြိမ်လျှင် မေးခွန်း ၁၀ ခုအထိ မေးခွင့်ရှိပါ တယ်။ ဒါကြောင့်မို့လို့ မေးခွန်းမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းအရေအတွက်အလိုက် ဖြေကြားခွင့်ရရှိခြင်း ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ မေးခွန်းတွေကို ထိန်ချန်ခြင်း၊ မေးခွန်းမေးတဲ့ ပုဂ္ဂိုလ်များကို ကန့်သတ်ခြင်း ဆောင်ရွက်ထားမှု လုံးဝမရှိပါဘူး။ ဒါကြောင့်မို့လို့ မေးခွန်းအရေအတွက် အနည်းအများ ဖြစ်ခြင်းသည် မေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းအနည်းအများပေါ် မူတည်ပြီးတော့ မေးခွန်းတစ်ခုမှ ရှစ်ခုအထိ ဝန်ကြီးဌာနရဲ့ ဖြေကြားမှုနှင့် ဖြေကြားခြင်း ဖြစ်ပါတယ်။ မေးခွန်းမေးမြန်းမှုပေါ်မူတည်ပြီးတော့ မေးခွန်းဖြေကြားတဲ့ အစီအစဉ်အနေနဲ့ အနည်းအများ ရှိနိုင်ပါ ကြောင်း ဖြေကြားပါသည်။