(ဈ)-ထောက်ကြန့်မြို့အဝင်ရှိ ရန်ကုန်-ပြည် လမ်းမကြီးနှင့် ရန်ကုန်-မန္တလေး လမ်းမကြီး (အမှတ်-၁) လမ်းကို ဆက်သွယ်သော ရှောင်လမ်းရှိ ရပ်ကွက်များ အတွက် လမ်းမီးများ ထွန်းပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁.၂၀၁၃)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့သည် ရန်ကုန်မြို့တော်သို့ အဝင်မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့အဝင်မှာ ရန်ကုန်-ပြည် လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းကို ဆက်သွယ်ထားတဲ့ ၂ မိုင် ၂ ဖာလုံအရှည် မြို့ရှောင်လမ်းတစ်ခုကို နိုင်ငံတော်ကနေပြီးတော့ ဖောက်လုပ်ပေးထားပါတယ်။ ၎င်းမြို့ရှောင်လမ်းရဲ့ အရှေ့ဘက်ခြမ်းဟာ မှော်ဘီမြို့နယ်ဖြစ်ပါတယ်။ ၎င်းမြို့နယ်အနောက်ဘက်ခြမ်းဟာ ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ် ရပ်ကွက်များရှိပါတယ်။ မကြာသောကာလမှာလည်း ကျွန်တော်တို့ ရန်ကုန်တစ်မြို့လုံးကို ဖြန့်ဖြူးတဲ့ ကုန်စိမ်းဈေးကြီးကို အဲဒီမြို့ရှောင်လမ်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ပြည်သူလူ ထုများ သွားလာရေးအဆင်ပြေရန်နှင့် မလိုလားအပ်တဲ့ ဒုစရိုက်များမဖြစ်ပေါ်စေရန်အတွက် လမ်းမီးတန်းများထွန်းပေးပါရန်နှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ရန်ကုန်မြို့တွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းမီးများထွန်းညှိနိုင်ရန် လမ်းမီးတိုင်နှင့် လမ်းမီးကြိုးများ စိုက်ထူသွယ်တန်း ခြင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပြီး လမ်းမီးများထွန်းညှိခြင်းကိုတော့ ရန်ကုန် မြို့တော်စည်ပင်သာယာကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အဓိကလမ်းမကြီးတစ်ခုဖြစ်သော ရန်ကုန်-ပဲခူးလမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းဆုံရာ ထောက်ကြန့်လမ်းဆုံမှ မင်္ဂလာဒုံမြို့နယ် ဗိုလ်ရွေးတပ်ဖွဲ့အထိပင် လမ်းမီးများ ထွန်းညှိနိုင်ခြင်း မရှိသေးပါ။ နိုင်ငံတော်ဘတ်ဂျက် လျာထားမှုမရှိသော်လည်း ပြည်သူများသွားလာရေး အဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိဌာန၏ သီးခြားထုတ်ငွေစာရင်း ရန်ပုံငွေမှသုံးစွဲပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မင်္ဂလာဒုံမြို့နယ်ရဲ့ လမ်းမီးများထွန်းညှိနိုင်ခြင်းမရှိ သေးတဲ့ ရန်ကုန်-ပြည်လမ်းနှင့် လှော်ကားလမ်းဆုံမှ ထောက်ကြန့်လမ်းဆုံအထိ ၃၀၆၀ ပေ၊ ထောက်ကြန့်လမ်းဆုံမှ ရန်ကုန်-ပဲခူးလမ်းဆုံအတိုင်း ရန်ကုန်မြို့ဝင်ဆိုင်းဘုတ်အထိ ၆၆၆၀ ပေ၊ လှော်ကားလမ်းဆုံမှ ရွှေညောင်ပင်အထိ ၈၄၆၀ ပေနှင့် မြို့နယ်လျှပ်စစ်ရုံးမှ ပိတောက်လမ်းအထိ ၄၃၂၀ ပေတို့ကို တည်ဆောက်ပေးခဲ့ပါတယ်။ သို့သော်လည်း မြို့တော်စည်ပင်မှ လမ်းမီးများထွန်းညှိ ပေးရန်သာကျန် ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ မြို့ရှောင်လမ်း၊ လမ်းမီး ထွန်းညှိရေးနှင့် ပတ်သက်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ လျာထားငွေမပါရှိခဲ့ပါ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ၎င်းလမ်းအတွက် ဘတ်ဂျက်လျာထားငွေ မရှိခဲ့ပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။