ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးချယ်ခန့်ထားရာ၌ ပြည်ထောင်စုလွှတ်တော်ျဥပဒေအမှတ်(၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေနှင့် ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် (၃၈၆/၂၀၁၂)ဖြင့် ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် ၃၀-၁၁-၂၀၁၂ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ရွေးချယ်ခဲ့ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(ခ) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော အာဏာအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် (၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်တာဝန်ပေးအပ်ရာ၌ ပါတီနိုင်ငံရေး ကင်းရှင်း ရမည်ဟုလည်းကောင်း၊ အသက်၄၅နှစ် အထက် ဖြစ်ရမည်ဟုလည်းကောင်း အမိန့်ကြော်ငြာစာ၊ အမိန်၊့ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ထား ပါသလား။ (၂) ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ပုဒ်မ၂ ပုဒ်မခွဲ (ဃ)၊ နည်းဥပဒေပုဒ်မ ၆၊ နည်းဥပဒေပုဒ်မ၈တို့နဲ့အညီ ဆောင်ရွက်ခြင်းများ မရှိခဲ့သည်ကိုသိရှိပါသလား။ သိရှိလျှင်မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပါမည်နည်း။ (၃) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ရာ ၌ အစိုးရဝန်ထမ်းများအား ဆန္ဒမဲပေးပိုင်ခွင့်မရှိဟုလည်းကောင်း၊ အစိုးရဝန်ထမ်းများ၏ အိမ်ထောင်စုဝင် အစိုးရဝန်ထမ်း မဟုတ်သူများအား ဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ပိုင်ခွင့် မရှိဟု လည်းကောင်း အမိန့်ေြက်ာငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန် ထားပါသလား။ ထုတ်ပြန်ထားမှုမရှိဘဲ ဆောင်ရွက်ခဲ့လျှင် မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပါမည်နည်း။ (၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရန်အတွက် လည်းကောင်း၊ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ရာ၌ လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ ဝင်ရောက်ခြယ်လှယ်ခွင့်ရှိပါသလား။ ရှိလျှင်မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နည်း။ (၅) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(ခ) အရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများရှိ၊ မရှိ။ ရှိလျှင်အသေးစိတ် သိရှိလိုပါ၍ ဖြေကြားပေးနိုင်ပါရန်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ရွေးချယ်ရာ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းများရှိ၊ မရှိ။ ရှိလျှင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်း ပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ၆နဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေ ၃ မှာ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရန်အတွက် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညို လေးစားပြီး သြဇာတိက္ကမရှိသည့် ရပ်မိရပ်ဖငါးဦးကိုရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ကြီးကြပ်ရေးအဖွဲ့ ကို ရွေးချယ်တာဝန်ပေးအပ်ရာမှာ ပါတီနိုင်ငံရေးကင်းရှင်းရမည်၊ အသက် ၄၅ နှစ် အထက်ဖြစ်ရမည် ဆိုတဲ့ အမိန့်၊ ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းမရှိပါ။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ၂ နည်းဥပဒေခွဲ(ဃ)၊ ၃၊ ၆၊ ၈ တို့နဲ့အညီမဆောင်ရွက်ခဲ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခြင်းများမရှိတဲ့အတွက် ၎င်းအချက် နှင့်ပတ်သက်၍ မသိရှိနိုင်ပါ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေ အရ ဆောင်ရွက်ခြင်းမရှိကြောင်းသိရှိလို့ရှိရင် အချက်အလက်ပြည့်စုံစွာနဲ့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ် ရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနများကို တိုင်ကြား နိုင်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၅ (ည)မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ခြင်းလို့ ဖော်ပြထား ရှိတဲ့အတွက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းများက ဆယ်အိမ်စုကိုယ်စားလှယ်များ အဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့်မရှိပါ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ အတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းရာမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ အများ ကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိတဲ့ ရပ်မိရပ်ဖ ငါးဦးကို ရွေးချယ်ပြီး ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်ဆိုပြီး ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေများ ထုတ်ပြန်ထားရှိပြီးဖြစ်လို့ လုံလောက်မှုရှိတဲ့ အတွက် သီးခြား အမိန့် ကြော်ငြာစာနဲ့ အမိန့်များ ထုတ်ပြန်ထားခြင်းမရှိပါ။ သို့ပေမဲ့လည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက် သွားဖို့ ညွှန်ကြားထားရှိပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ညီညွှတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းများရှိပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အချက်အလက် ပြည့်စုံစွာနှင့် တင်ပြတိုင်ကြားနိုင်ပါတယ်။ တိတိကျကျတိုင်ကြားမှုများရှိပါက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီး မှန်ကန်ရင်ဝန်ထမ်းဖြစ်လို့ရှိရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ထမ်းမဟုတ်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)။ ။ ကျွန်တော်တို့ နည်းဥပဒေ ၁၁၆ (ဃ) အရ ကျွန်တော့် အနေနဲ့ တစ်ဆက်တစ်စပ်တည်း မရှင်းလင်းသော မေးခွန်းကို မေးမြန်းခွင့်ပြုပါရန် လေးစားစွာ ပန်ကြားအပ် ပါတယ်ခင်ဗျား။ ကျွန်တော်၏ မေးခွန်းနံပါတ် (၃) မှာ ပြည်ထဲရေးဒုတိယဝန်ကြီးဖြေကြားသွားတဲ့အထဲမှာ ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ည) ကို ကျွန်တော့်အနေနဲ့ နားလည်သိရှိထားပြီး ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတာက အစိုးရဝန်ထမ်းများအား ဆန္ဒမဲပေးပိုင်ခွင့်မရှိဆိုတဲ့ဟာမျိုး၊ နောက်အစိုးရဝန်ထမ်းများရဲ့ အိမ်ထောင်စု ဝင် အစိုးရဝန်ထမ်းမဟုတ်သူတွေကို အိမ်ထောင်စုကိုယ်စားလှယ်အဖြစ်၊ အစိုးရဝန်ထမ်းရဲ့ အိမ်ထောင်စုဝင်တော့ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အိမ်ထောင်စုဝင်ဟာ အစိုးရဝန်ထမ်း မဟုတ်ပါ ဘူး။ အဲဒီ အိမ်ထောင်စုဝင် အစိုးရဝန်ထမ်းမဟုတ်သူတွေကို ဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ပိုင်ခွင့်ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော့်အနေနဲ့ မရှင်းလင်းတဲ့အတွက် ပြန်လည်ဖြေကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ပြည်ထဲရေးဒုတိယဝန်ကြီးအနေနဲ့ ဖြေနိုင်ရင်ဖြေပါ။ မဖြေနိုင်လည်း သီးခြား ဖြေပါ။
