မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration-IOM)၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာ ပြီးနောက် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖတ်ရှုရပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်နေသူ ၂.၅ သန်းခန့် ရှိပြီး ၁.၂ သန်းအတွက် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ တရားမဝင်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်သည် ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကျန်ရှိနေသေးပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အဆင်မပြေမှုနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား များ ဥပဒေနှင့်အညီရရှိသင့်သည့် အခွင့်အရေးများရရှိရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားသည်၊ မည်ကဲ့သို့ အစီအမံများရှိသည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။
ပြည်ပသို့ မြန်မာအလုပ်သမားများ စနစ်တကျသွားရောက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန် ပြည်ပမှ ရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျပြန်လည် အသုံးချရန် ရည်ရွယ်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီအပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၁၅၇ ခု ဖြင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနိုင်ငံစသည့် ပြည်ပနိုင်ငံများ သို့စေလွှတ်လျက်ရှိပါတယ်။ ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်ခြင်း၊ အလုပ်သမားများ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း၊ အကျိုးခံစားခွင့်များ ရရှိရေးတို့အတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီ တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူး ဖြစ်ပါတယ်။ အဆိုပါကော်မတီ၏ လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အကျိုးခံစားခွင့်ရရှိရေးလုပ်ငန်း ကော်မတီ၊ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပါတယ်။ ပြည်ပတွင်သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရဲ့ အလုပ်သမား များနဲ့ တန်းတူအကျိုးခံစားခွင့်ရရှိရေးနဲ့ အလုပ်သမားများအခွင့်အရေးများရရှိရေး၊ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ပိုမိုဆောင်ရွက်နိုင်ရန် ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့အလုပ်သမားများအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်း၍ အလုပ်သမားများခန့်ထားခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနယ်စပ်စခန်း ၃ ခုနှင့် ရနောင်းမြို့များတွင် စခန်းများဖွင့်လှစ်ကာ နိုင်ငံသား စိစစ်ခြင်း၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ ပြည်ပအလုပ်သမား သက်သေခံကတ်ပြား ထုတ်ပေးခြင်းတို့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းတို့ဖြင့် လုပ်ငန်းစဉ် များ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ် မတ်လဆန်းအထိ ၇သိန်းခန့် ထုတ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရသစ်ကာလမှာ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမုတ်ပရာကန်၊ ဆူရတ်ဌာနီ ၅ နေရာတွင် စခန်းများဖွင့်လှစ်ကာ ယာယီမြန်မာနိုင်ငံကူး လက်မှတ်များထုတ်ပေးရေးဆောင်ရွက်ခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယခုအချိန်ထိ ၆ သိန်းခန့် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သို့ပါ၍ စုစုပေါင်း ၁.၃ သန်းခန့် ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါ တယ်။ အလုပ်သမားများ၏ လုပ်ခလစာမှာ တစ်ရက်တွင် ဘတ် ၃၀၀ ခန့်ရရှိနေပြီး လုပ်ငန်းခွင် အခက်အခဲများကိုလည်း မြန်မာသံရုံးနှင့် Labour Attache တို့မှ လိုက်လံဖြေရှင်းပေးလျက် ရှိပါတယ်။ Driving License, Bank Account ဖွင့်ခွင့်ရရှိခြင်းတို့က ၎င်းတို့အတွက် လူနေမှုဘဝကို ပိုမိုတိုးတက် စေခဲ့ပါတယ်။ ကျန်တဲ့အလုပ်သမား ၈ သိန်းမှ ၁ သန်းခန့်ကိုလည်း ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်း ဆွေးနွေးပြီး တရားဝင်အလုပ်သမားဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံဥပဒေအရ အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို Registration ပြုလုပ်ရာတွင် သက်တမ်းမတိုးပေးတော့ဘဲ အလုပ်သမားများအား နယ်စပ်သို့ ပြန်လွှတ်ကာ MOU အလုပ်သမားအဖြစ် ပြန်လည်လက်ခံခဲ့မှုအစီအစဉ်ကို ထိုင်းဘက်မှ အဆိုပြု လာခဲ့ပါတယ်။
မြန်မာအလုပ်သမားတွေ သွားလာမှုလုံခြုံရေး၊ စရိတ်စကများသာမက ထိုင်းအလုပ်ရှင်တွေ ကလည်း အခက်အခဲအနည်းနှင့်အများ ကြုံတွေ့လာနိုင်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်နှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်တွင် တွေ့ဆုံစဉ် သမ္မတကြီးကိုယ်တိုင် ဆွေးနွေးတောင်းဆိုချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်မှ အချိန်ကာလ သုံးလထပ်မံတိုးမြှင့်ဆောင်ရွက်ပေးရန် သဘော တူညီမှုရရှိခဲ့ပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းများ ယခင် ၅ ခုကို ပိတ်သိမ်း၍ ယခု ၁၀ အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါထိုင်းနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းမှုအရ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက် စမုတ်ပရာကန်၊ စမုစခွန်(မဟာချိုင်)၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနပူရီ၊ နခွန်ရတ်ခ်ျစီမာ၊ ခွန်ခန်နှင့် ဆွန်ခလာမြို့များတွင် စခန်းများအားလျာထား၍ အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် ဒေသအခြေအနေ၊ မှတ်ပုံတင်လာရောက်ပြုလုပ်မှု အခြေအနေပေါ်မူတည် ၍ အတည်ပြုရွေးချယ်သွားမှာဖြစ်ပြီး စခန်းများဖွင့်လှစ်၍ အထောက်အထားထုတ်ပေးရေးလုပ်ငန်း စဉ်များကို ၂၀၁၃ ခုနှစ် မတ်လမတိုင်မီ စတင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါတယ်။ ထိုသို့ ဆောင်ရွက်နိုင်မှုကြောင့် ထိုင်းနိုင်ငံအတွင်းရှိအထောက်အထားမဲ့ အလုပ်သမားများအနေဖြင့် ယာယီ နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များအား ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့နှင့် နီးစပ်ရာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများတွင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အလုပ်အကိုင်မပျက် အထောက်အထားပြုလုပ်နိုင်ခြင်း၊ နယ်စပ် စခန်းများသို့ ပြန်သွားရပါကတွေ့ကြုံရမည့် လမ်းခရီးအန္တရာယ်များမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေစဉ် အထောက်အထားမဲ့မြန်မာအလုပ်သမားတွေ ထပ်မံမတိုးပွားလာအောင် မြန်မာ-ထိုင်းနှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားအသစ် ၄၀၀၀၀ ကျော် MOU စနစ်နဲ့ စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ သားသမီးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများထုတ်ပေးရေးနှင့် ကလေးများ ပညာသင်ကြားပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်တို့အနေနဲ့ ထိုင်းနိုင်ငံရောက်အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်ဖြစ်လာအောင်နဲ့ Labour Right ကို ထိုင်းနိုင်ငံသားနှင့်မခြားရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် ကြောင်း တင်ပြလိုပါတယ်။
ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများတွင် အလုပ်သမားသံအရာရှိများထားရှိပြီး အလုပ်သမားစေလွှတ်သောနိုင်ငံများ၏ တာဝန်ဝတ္တရားနှင့်အညီ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမား ဥပဒေအရ ကာကွယ်ပေးခြင်း၊ လူမှုအာမခံစနစ်၊ ကျန်းမာရေးအာမခံစနစ်များရရှိအောင် ဆောင်ရွက် ပေးခြင်း၊ အခါအားလျော်စွာ စက်ရုံအလုပ်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ လုပ်ခလစာများ သင့်မြတ်ကောင်းမွန်စွာရရှိရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နစ်နာမှုများအတွက် ရထိုက်သည့်အခွင့်အရေးများ ရရှိအောင်ဆောင်ရွက် ပေးခြင်းနှင့် အလုပ်ပြောင်းလဲခြင်းအတွက် ကူညီပေးခြင်း၊ မိခင်နိုင်ငံသို့ပြန်လည်ထွက်ခွာခြင်းအတွက် အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ Labour Attache များကိုလည်း မြန်မာ အလုပ်သမားအများစုရှိတဲ့ နိုင်ငံတွေကို ထပ်မံစေလွှတ်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မလေးရှား၊ ကူဝိတ်နိုင်ငံများသို့လည်း မကြာမီစေလွှတ်နိုင် တော့မှာ ဖြစ်ပါတယ်။ ၂၇-၁၁-၂၀၁၁ ရက်နေ့မှာ မြန်မာနိုင်ငံအနေနဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး ရွှေ့ပြောင်းအလုပ်သမား ရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါတယ်။ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်လို့ ပြည်ပသို့ စေလွှတ်တဲ့ လုပ်ငန်းများ လွယ်ကူမြန်ဆန်စေရေး၊ အလုပ်အကိုင် မှန်ကန်စွာရရှိစေရေး၊ ကုန်ကျစရိတ် အနည်းဆုံးနှင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေစဉ်ဖြစ်ပေါ်လာသော ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခုတင်ပြချက်များဟာ နိုင်ငံရပ်ခြား ရောက်မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဥပဒေနှင့် အညီ ရရှိသင့်တဲ့ အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းပဲ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
