ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ တောင်သူလယ်သမားတွေပဲဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းခွင်မှာအသုံးပြုတဲ့ သွင်းအားစုဓာတ်မြေ သြဇာဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးရဲ့ ၁၄ ရက် မြောက်နေ့ ၂၄-၃-၂၀၁၁ နေ့မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဌေးဦး မှလည်း နိုင်ငံတော်အစိုးရအနေနဲ့ တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာနှင့် ပတ်သက်ပြီး ၁-၇-၂၀၀၂ ခုနှစ်မှာ ဓာတ်မြေသြဇာဥပဒေ၊ ၁-၁၀-၂၀၀၂ ခုနှစ်မှာ ဓာတ်မြေသြဇာနည်းဥပဒေများကို ထုတ်ပြန်ကာ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းသိရှိရပါတယ်။ နိုင်ငံတော်အနေဖြင့်လည်း တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာများကို စလေဓာတ်မြေသြဇာစက်ရုံ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ၊ ကျော်စွာဓာတ်မြေသြဇာစက်ရုံ၊ ၂၀၁၀ ခုနှစ်မှာ မြောင်းတကာဓာတ်မြေသြဇာ စက်ရုံနဲ့ ၂၀၁၁ ခုနှစ်မှာ ပုသိမ်ဓာတ်မြေသြဇာစက်ရုံတို့ဖြင့် ထွက်ရှိသောဓာတ်မြေသြဇာများကို လယ်သမားများအား ဖြန့်ဝေပေးနေကြောင်းကိုလည်းသိရှိရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်မေးချင်တဲ့ မေးခွန်းကတော့ (က) နိုင်ငံတော်၏ဓာတ်မြေသြဇာစက်ရုံမှထုတ်လုပ်သော ဓာတ်မြေသြဇာများကို နိုင်ငံတော်အတွင်းရှိလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူလယ်သမားများအား ဖြန့်ဝေပေးနေပါ သလား။ (ခ) ဖြန့်ဝေပေးသည်ဆိုပါကတိုင်းဒေသကြီးနဲ့ ပြည်နယ်များကိုမည်ကဲ့သို့ ဖြန့်ဝေပေးပါသလဲ။ (ဂ) တိုင်းဒေသကြီးနဲ့ ပြည်နယ်များကိုဖြန့်ဖြူးပေးမယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရဲ့ အသားတင်စိုက်ပျိုးမြေဧက ၁၃၃၃၆ ဧကကိုလုပ်ကိုင်နေကြသော တောင်သူလယ်သမားများအား မည်ကဲ့သို့ ဖြန့်ဝေပေးသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံပိုင်စွမ်းအင် ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဓာတ်မြေသြဇာစက်ရုံများဖြစ်ကြသော စလေဓာတ်မြေသြဇာစက်ရုံ၊ ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံ၊ ကျော်စွာဓာတ်မြေသြဇာစက်ရုံအပါအဝင် ၂၀၁၀ ခုနှစ်မှာ ထပ်မံ တည်ဆောက်ခဲ့တဲ့ မြောင်းတကာဓာတ်မြေသြဇာစက်ရုံနှင့် ၂၀၁၁ ခုနှစ်မှာထပ်မံတည်ဆောက်ဖွင့်လှစ် ခဲ့တဲ့ ပုသိမ်ဓာတ်မြေသြဇာစက်ရုံများမှ ယူရီးယားဓာတ်မြေသြဇာများကို တောင်သူများအသုံးပြု နိုင်ရေးအတွက် ထုတ်လုပ်ဖြန့်ဖြူးပေးမှုဆောင်ရွက်လျက်ရှိပါတယ်။ ယခင်ကာလက လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော ဓာတ်မြေသြဇာများကို ထုတ်လုပ်ပေးမှုအရင်းခံဖြစ်သော စွမ်းအင်ဝန်ကြီးဌာနကနေ တိုက်ရိုက်လက်ခံ ရယူပြီး တောင်သူလယ်သမားများထံသို့ဖြန့်ဖြူးပေးတဲ့စနစ်ကို ၂၀၀၅ ခုနှစ် ကာလအထိ ဆောင်ရွက်ခဲ့မှုရှိပါတယ်။ ၂၀၀၆ ခုနှစ်ကနေစတင်ပြီးယနေ့ကာလအထိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာစိုက်ပျိုးကြမယ့် သီးနှံများ အပေါ်မှာမူတည်ပြီး ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ ဝါ၊ ကြံ၊ ဂုန်လျှော်စသည့် သီးနှံအမယ်အလိုက် ယူရီးယားဓာတ်မြေသြဇာလိုအပ်ချက်များနှင့် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့လုပ်ငန်းဌာနများ၏ စိုက်ခြံများ၊ စိုက်ကွင်းများ၊ စိုက်ပျိုးကြမယ့် သီးနှံများအတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာစာရင်းဇယားများကိုသာ ပြုစုပြီး၊ စာရင်းဇယားလိုအပ်ချက်အရ စွမ်းအင်ဝန်ကြီးဌာနသို့ စာရင်းဇယားအရသာလျှင် ညှိနှိုင်း ပေးပို့ခြင်းဆောင်ရွက်ပေးလျက်ရှိတဲ့စနစ်ကိုကျင့်သုံးပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ များက မိမိပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း တောင်သူလယ်သမားများ စိုက်ပျိုးကြမယ့် သီးနှံများအတွက် ယူရီးယားဓာတ်မြေသြဇာလိုအပ်ချက်ကို စွမ်းအင်ဝန်ကြီးဌာနနှင့် တိုက်ရိုက် ဆက်သွယ်ဝယ်ယူကြပြီး ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းများ၏ အစီအစဉ်အားဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီကြီးများမှ စွမ်းအင်ဝန်ကြီးဌာနသို့ တိုက်ရိုက်တင်ပြ လျှောက်ထားဝယ်ယူကြပြီး တောင်သူလယ်သမားများလက်ဝယ်သို့ ဖြန့်ဖြူးသည့်စနစ်ဖြင့် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ဆန်စပါးလုပ်ငန်းရှင်များအသင်းအဖွဲ့များမှလည်းပဲ စွမ်းအင်ဝန်ကြီးဌာနမှ ယူရီးယားဓာတ်မြေသြဇာလိုအပ်ချက်များကို စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တိုက်ရိုက်တင်ပြလျှောက်ထားဝယ်ယူပြီး ဒေသတောင်သူလယ်သမားများ လက်သို့ တိုက်ရိုက်ဖြန့်ဖြူးပေးတဲ့စနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။ စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေနဲ့ ဓာတ်မြေသြဇာထုတ်လုပ်ရေးတာဝန်ကို အဓိကထား တာဝန်ယူဆောင်ရွက်နေတဲ့ဌာန ဖြစ်ပါတယ်။ ဒီဌာနကနေ ထုတ်လုပ်ရောင်းချတဲ့ ဈေးနှုန်းမှာ ၅၀ ကီလိုဂရမ်တစ်အိတ်ကို ၁၄၄၀၀ ကျပ်နဲ့ တစ်တန်လျှင် ၂၈၈၀၀၀ ကျပ်နှုန်းနဲ့ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ယခင်က ပြည်နယ်နဲ့ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တစ်ဆင့် တောင်သူများ၊ လယ်သမားများလက်သို့ အကြွေးစနစ်ဖြင့်ဖြန့်ဖြူးရောင်းချခဲ့တဲ့စနစ်ကို ကျင့်သုံးခဲ့ရာမှာ အကြွေး ၃၈.၁၅ ဘီလီယံကျပ်ကျန်ရှိနေခဲ့ပြီး ဒီအကြွေးများကို ပြန်လည်ပေးဆပ်မှု အနေဖြင့် ယနေ့ထိ ၅.၇၀ ဘီလီယံကျပ်ကြွေးကျန်လျက်ရှိနေဆဲဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့တဲ့ ကိန်းဂဏန်းများအရတင်ပြအပ်ပါ တယ်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အဆင့်၊ကျေးရွာအဆင့်အပါအဝင် တောင်သူလယ်သမား တစ်ဦးချင်းဆီသို့ တိုက်ရိုက်ရောင်းချပေးနိုင်သည့်စနစ်ကိုကျင့်သုံးနေခြင်းမရှိဘဲ ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရအဖွဲ့များနှင့် တောင်သူလယ်သမားများအား တိုက်ရိုက်အကျိုးပြုသော ဆန်စပါး အထူးပြုကုမ္ပဏီများမှတစ်ဆင့် လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း၊ လတ်တလောလိုအပ်ချက် အရ ၆ လဆိုင်း အကြွေးစနစ်ဖြင့်လည်းကောင်းရောင်းချပေးလျက်ရှိကြောင်းသိရှိရပါတယ်။ ပြည်တွင်း စက်ရုံများမှထုတ်လုပ်တဲ့ ဓာတ်မြေသြဇာများအားလုံးကိုလည်းပဲ နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်း လုံးဝမပြုလုပ်ဘဲ ပြည်တွင်းလိုအပ်ချက်အတွက်သာလျှင် ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရှိရ ပါတယ်။ နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဓာတ်မြေသြဇာ သုံးစွဲမှုပမာဏမှာ စိုက်ဧကနှင့်ချိန်ထိုးပါကအလွန်နည်းပါးလျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိစစ်လေ့လာတွေ့ရှိရပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်၊ စိုက်ပျိုးရေး ရာသီကာလအတွင်း ဓာတ်မြေသြဇာကို နိုင်ငံခြားမှတန်ချိန် ၈၀၀၆၈၄.၈၉ မက်ထရစ်တန် တင်သွင်း ခဲ့ပြီးတော့မှ ပြည်တွင်းထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၃၅၂၉၃.၅၀ မက်ထရစ်တန်ရှိတဲ့အတွက်ကြောင့် စုစုပေါင်း ၈၃၅၉၇၈.၃၉ မက်ထရစ်တန်သာလျှင် ဖြန့်ဖြူးအသုံးပြုနိုင်ခဲ့မှုရှိကြောင်းတွေ့ရှိရပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း စုစုပေါင်းသီးနှံစိုက်ဧကမှာ ၅၈.၃၆ သန်းရှိတဲ့အတွက်ကြောင့် ဓာတ်မြေသြဇာသုံးစွဲမှုပမာဏကို နှိုင်းယှဉ်ချိန်ထိုးကြည့်ပါကသီးနှံစိုက်ဧက တစ်ဧကလျှင် ဝ.၂၈ အိတ်နှုန်း တစ်နည်းအားဖြင့် သီးနှံစိုက်ဧကလေးဧကတွင် တစ်အိတ်နှုန်းသာလျှင် ပျမ်းမျှသုံးစွဲနိုင်ခဲ့မှု ရှိကြောင်းဆန်းစစ်တွေ့ရှိရပါတယ်။ နိုင်ငံတော်၏အဓိကသီးနှံအမယ်ဖြစ်သည့် ဆန်စပါးသီးနှံတစ်မျိုး စိုက်ပျိုးမှုအရပင်လျှင် မိုးစပါးဧက ၁၇ သန်းနှင့် နွေစပါးဧက သုံးသန်းရှိနေသည့်အတွက် စပါးစိုက် ဧကစုစုပေါင်း သန်း ၂၀ အတွက် ဓာတ်မြေသြဇာလိုအပ်ချက်အနေဖြင့် တစ်ဧကလျှင် တင်းတစ်ရာနှုန်း အထက်ထွက်ရှိနိုင်ရန် ယူရီးယားနှစ်အိတ်၊ တီဆူပါတစ်အိတ်နှင့် ပိုတက်ရှ်အိတ်ဝက်ခန့်နှုန်းဖြင့် စုစုပေါင်းတန်ချိန်သုံးသန်းခန့် အမှန်လိုအပ်ချက်ရှိပါတယ်။ ထို့ကြောင့် နိုင်ငံပိုင်စက်ရုံများထုတ်လုပ်မှု အပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်းပဲ ပြည်တွင်းသို့ ဓာတ်မြေသြဇာများပိုမို တင်သွင်းရင်းနှီးမြှုပ်နှံခြင်းအားဖြင့်လည်းကောင်း၊ ပြည်တွင်း၌ ပုဂ္ဂလိကကဏ္ဍမှဓာတ်မြေသြဇာ စက်ရုံများတည်ထောင်နိုင်ရေး အားပေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ဓာတ်မြေသြဇာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံအသုံးပြုနိုင်ရေးအတွက် အထူးလိုအပ်ချက်ရှိနေကြောင်းတင်ပြလိုပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ၁၀-၈-၂၀၁၁ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေ အကျဉ်းချုပ်ကိုတင်ပြရမယ်ဆိုရင် ကယားပြည်နယ်သို့တန်ချိန် ၂၅၀၊ ကရင်ပြည်နယ်သို့ ၂၅၆.၅၀ တန်၊ မွန်ပြည်နယ်သို့ ၃၉၆၃.၅ တန်၊ ရခိုင်ပြည်နယ်သို့ ၅၆၀.၁ တန်၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တန်ချိန် ၁၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ တန်ချိန် ၂၈၅၀ တန်၊ မန္တလေးတိုင်းဒေသကြီးသို့ တန်ချိန် ၁၂၇၅.၈၅ တန်၊ မကွေးတိုင်းဒေသကြီးသို့ တန်ချိန် ၁၂.၅ တန်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ တန်ချိန် ၄၅၇၂.၈၀ တန်၊ ပဲခူးတိုင်းဒေသကြီးအနောက် တန်ချိန် ၄၆၇၀.၇၅ တန်၊ ဧရာဝတီတိုင်းဒေသကြီး တန်ချိန် ၁၉၂၈၂.၅၅ တန်၊ ရန်ကုန်တိုင်းဒေသကြီး တန်ချိန် ၃၁၆၃.၇၅ တန်နဲ့ နေပြည်တော်ခရိုင်မှာ တန်ချိန် ၁၁၂၅ တန် စုစုပေါင်း ၄၂၀၈၃.၃၀ တန် ဖြန့်ဖြူးဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းများအရတင်ပြအပ်ပါတယ်။ ယခု ဘဏ္ဍာရေးနှစ်မှာ စွမ်းအင်ဝန်ကြီးဌာနလက်အောက်မှာရှိနေတဲ့ ဓာတ်မြေသြဇာစက်ရုံများမှာ လျာထားချက်များအတိုင်း ပြည့်မီအောင်ကြိုးပမ်းထုတ်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါ သော်လည်းပဲ နိုင်ငံတော်၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပကတိအမှန်လိုအပ်ချက် ရှိနေသော နှစ်စဉ်ဓာတ်မြေသြဇာတန်ချိန်သုံးသန်းခန့်လိုအပ်ချက်အပေါ်တွင် နိုင်ငံတော်အပိုင်းမှ စက်ရုံများ ပိုမိုတည်ဆောက်တိုးတက်ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနည်းလမ်းအပါအဝင် ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများအား ထိထိရောက်ရောက်ဖိတ်ခေါ်ပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးသီးနှံများပိုမိုတိုးတက်ထွက်ရှိနိုင်ရေးလိုအပ်ချက်ဖြစ်သော အခြေခံသွင်းအားစု မြေဆီ/ မြေသြဇာလိုအပ်နေမှုအပေါ် ထိထိရောက်ရောက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေး အမှန် လိုအပ်လျက်ရှိနေကြောင်းတင်ပြအပ်ပါတယ်။ သွင်းအားစုမြေသြဇာလိုအပ်ချက်အပေါ် လက်တွေ့စီမံ အကောင်အထည်ဖော်ပေးလာနိုင်သည်နှင့်အမျှ မိမိတို့နိုင်ငံ၏အဓိကသီးနှံ ဆန်စပါးပိုမိုတိုးတက် ထုတ်လုပ်နိုင်မှုရည်မှန်းချက်အပါအဝင် လယ်ယာထုတ်ကုန်သီးနှံများအပေါ် တစ်ရှိန်ထိုးပိုမိုတိုးတက် ထွက်ရှိလာမည့်် လက်တွေ့အကျိုးကျေးဇူးများ ဖြစ်ထွန်းခံစားရရှိလာနိုင်စေမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
