(ဂ)-အကျဉ်းထောင်များရှိ အထူးအကျဉ်းသားများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၉-၉-၂၀၁၁)

မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသော အကျဉ်းသားများအနက် အချို့သောအကျဉ်းသားများသည် အကျဉ်းထောင်လက်စွဲစာအုပ် ပါအကျဉ်းသားများရပိုင်ခွင့်ဖြစ်သည့် လျှော့ရက်များခံစားခွင့်မရှိခြင်း၊ ထောင်ချဝရမ်းတွင်ပါရှိသည့် သတ်မှတ်ထားသောထောင်မှ ဝေးလံသောထောင်များသို့ ရွှေ့ပြောင်းခံရခြင်း၊ ထို အကျဉ်းသားများကို အထူးအကျဉ်းသားများကဲ့သို့ထားရှိသော်လည်း ၎င်းနဲ့လျော်ညီသောအခွင့်အရေးများ အပြည့်အဝမရ ရှိခြင်း၊ မိသားစုနဲ့ထောင်ဝင်စာတွေ့ဆုံရာတွင် တစ်လတစ်ကြိမ်သာတွေ့ခွင့်ပေးပြီး၊ ၁၅ မိနစ်သာ အချိန် ပေးခြင်းတို့ကို တွေ့ကြုံနေရကြောင်း ကြားသိရပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ထိုသို့ ဖြစ်ပေါ်နေခြင်းများ နဲ့ ပတ်သက်၍ ဥက္ကဋ္ဌကြီးခွင့်ပြုချက်အရ အောက်ပါမေးခွန်းနှစ်ရပ်ကို မေးမြန်းလိုပါသည်။ မေးခွန်း (၁)မြန်မာပြည်ရှိအကျဉ်းထောင်များတွင် သာမန်ထောင်ကျအကျဉ်းသားများနဲ့ ရောနှောမထားရှိဘဲ၊ အခန်းကျဉ်းတိုက်များတွင် သီးခြား၊ ခွဲခြားချုပ်နှောင်ထားသည့် အထူးအကျဉ်းသားများကဲ့သို့ ထားရှိခံ ရသူတို့အား အကျဉ်းထောင်လက်စွဲ Jail Manual အရ သာမန်ထောင်ကျအကျဉ်းသားများ ခံစားခွင့်ရှိ သောရပိုင်ခွင့်များကို ခံစားခွင့်မပြုဘဲထားရှိသည့်အကြောင်းကိုသိရှိလိုပါသည်။ မေးခွန်း (၂) ထိုသို့ ခံစားခွင့်များကို ပေးနိုင်၊ မပေးနိုင်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲဥပဒေနဲ့ အညီ   အကျဉ်းသားရပိုင်ခွင့်တွေကို  ခွင့်ပြုပေးလျက်ရှိပါတယ်။ အကျဉ်းသားတွေကို ပြစ်ဒဏ်ကာလ တိုတောင်းစေရန်အတွက်   ဥပဒေနဲ့အညီ စည်းကမ်းသတ်မှတ်ပြီးတော့မှ ပြစ်ဒဏ်မှနုတ်ပယ်ရတဲ့ သာမန်လျှော့ရက်နဲ့ အထူးလျှော့ရက်တွေကို ခံစားခွင့်ပေးလျက်ရှိပါတယ်။ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ ၈၃၈ မှာ သာမန်လျှော့ရက်တွေကို အကျင့်စာရိတ္တကောင်းမွန်ခြင်း၊  အကျဉ်းထောင် စည်းမျည်းစည်းကမ်းများကို လိုက်နာခြင်းအတွက် တစ်လလျှင်နှစ်ရက်၊ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းနဲ့ နေ့စဉ်သတ်မှတ်ထားတဲ့လုပ်ငန်းတွေကို ကျေပွန်စွာ ထမ်းဆောင်ခြင်းအတွက် တစ်လလျှင် နှစ်ရက်ခွင့်ပြုပေးဖို့အတွက် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အကျဉ်းထောင် လက်စွဲဥပဒေ ပုဒ်မ ၈၄၁ မှာ စနေ၊ တနင်္ဂနွေနေ့များနဲ့ အစိုးရရုံးပိတ်ရက် များဖြစ်တဲ့ အကျဉ်းထောင်ပိတ်ရက်တွေမှာ အကျဉ်းထောင်ရဲ့နေ့စဉ်လုပ်ငန်းများဖြစ်တဲ့ ထမင်းချက်၊ တံမြက်စည်းလှည်းစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ အကျဉ်းသားများကိုလည်း သုံးလမှာတစ်ကြိမ် သာမန်လျှော့ရက်သုံးရက် ခံစားခွင့်ပြုဖို့ ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၈၄၈ မှာ အထူးလျှော့ရက်တွေကို ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူးအရာရှိ၊ ထောင်တာဝန်ခံအရာရှိတွေက သတ်မှတ်ချက် များနဲ့အညီ ခွင့်ပြုပေးလျက်ရှိပါတယ်။ ဒီလိုအထူးလျှော့ရက် ခံစားခွင့်ပြုတဲ့နေရာမှာ အကျဉ်းသား တိုင်းဟာ သာမန်လျှော့ရက် ခံစားခွင့်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ယခုဆက်လက်တင်ပြသွားမယ့် အထူးဆောင်ရွက်ချက်များအတွက် အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၈၄၇ နဲ့အညီအထူးလျှော့ပေါ့ ရက်တွေကိုလည်း ခံစားခွင့်ပြုကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒီအချက်တွေကတော့ (က) သူတို့သတ်မှတ်ထားတဲ့ အကျဉ်းထောင်စည်းမျည်း၊ စည်းကမ်းချိုးဖောက်မှုတွေကို ဖော်ထုတ်ပေးခြင်းနဲ့ ကာကွယ်ခြင်းတွေကို ကူညီထောက်ပံ့ပေးခြင်း၊  (ခ) လက်မှုပညာသင်ကြားမှုမှာ အောင်မြင်ခြင်း၊ အလုပ်လုပ်ရာမှာ အထူးကောင်းမွန်သောပစ္စည်း အရည်အသွေးတွေရရှိစေခြင်း သို့မဟုတ် ထုတ်လုပ်မှုအရေအတွက် တိုးတက်အောင်ဆောင်ရွက်ခြင်း၊ (ဂ) အကျဉ်းထောင်အရာရှိအား တိုက်ခိုက်မှုမှကာကွယ်ပေးခြင်း၊ အကျဉ်းထောင်အရာရှိအား မီးဘေးကိစ္စပေါ်ပေါက်ရာတွင် သို့မဟုတ် အလားတူအရေးပေါ်ကိစ္စတွင် ကူညီဆောင်ရွက်ပေးခြင်း၊ (ဃ) အဝတ်အစားဝတ်ဆင်ရာတွင် ခြိုးခြံခြွေတာခြင်း၊ (င)ကူးစက်ရောဂါ သို့မဟုတ် ကပ်ရောဂါကျရောက်သည့် အခါတွင်လူနာများအား ပြုစုကြည့်ရှုပေးခြင်းဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။ ဒါတွေကတော့ ဒီ အကျဉ်းသား‌တွေအပေါ်မှာ လျှော့ပေါ့ခံစားခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မ‌တွေ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်တစ်ချက်က ဒီအကျဉ်းသားများအပေါ်မှာ အကျဉ်းသီးခြား တိုက်ခန်းတွေနဲ့ချုပ် နှောင်ထားတဲ့ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်များမှာ တိုက်ခန်းများထားရှိခြင်းနဲ့ပတ် သက်ပြီးတော့ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၈၆၀ မှာသီးခြားတိုက်ခန်းတွင် ချုပ်နှောင်ရန်နှင့် အလုံတိုက်ပိတ်ရန်အတွက် တတ်နိုင်လျှင် အကျဉ်းထောင်တိုက်၌ တိုက်ခန်းများထားရှိပေးရမည်။ သတ်မှတ်စံချိန်ပုံစံ သို့မဟုတ် စစ်ဆေးရေးမှူးချုပ်မှ သင့်တော်သည်ဟုထောက်ခံချက်အရ အသုံးပြုမည့် တိုက်ခန်းကို အလုံချထားရန်အတွက် အသုံးပြုရမည်။ တိုက်ခန်းတိုင်းသည်အကျဉ်းသားအား အခြား အကျဉ်းသားများနဲ့ ဆက်သွယ်မှုပြုလုပ်ရန် နည်းလမ်းမရရှိစေပဲ အကျဉ်းသားအား လေကောင်းလေ သန့်ခံစားခွင့်ရရှိစေရန်အတွက် ကွက်လပ်ခြံမြေကို တိုက်နဲ့ဆက်သွယ်ထားရှိရမည်။ တိုက်ခန်းများအား အောက်ပါအတိုင်းအသုံးပြုရမည်။ (က)ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၃ နှင့် ၇၄ တို့အရ အလုံထောင်ချ သည့်အပြစ်များကိုဆောင်ရွက်ရန်၊ (ခ)အကျဉ်းထောင်ဥပဒေအရ သီးခြားချုပ်နှောင်ခြင်းနှင့် တိုက်တွင်း ချုပ်နှောင်ခြင်းတို့အတွက် ဆောင်ရွက်ရန်၊ (ဂ) အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၄၃၈ အရ အကျဉ်း ထောင်တာဝန်ခံ၏ ထင်မြင်ယူဆချက်နှင့် အကျဉ်းသားတစ်ဦးသည် အခြားအကျဉ်းသားများနဲ့ ရောရောနှောနှောပူးပူးပေါင်းပေါင်းနေထိုင်ခြင်းသည် စည်းကမ်းငြိမ်ဝပ်ပိပြားခြင်းကို ထိခိုက်အန္တရာယ် ဖြစ်စေနိုင်သည် သို့မဟုတ် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ရန်လှုံ့ဆော်သည် သို့မဟုတ် ဆွဲဆောင်သွားနိုင် သည်ဟုထင်မြင်လျှင် ယင်းအကျဉ်းသားကို တိုက်တွင်သီးခြားထားရှိနိုင်သည်။ (ဃ)ရူးသွပ်နေသူများ အားအခြေအနေစောင့်ကြပ်ကြည့်ရှုရန်၊ (င) ကျန်းမာရေးအခြေအနေကို စောင့်ကြပ်ကြည့်ရှုရန်နဲ့ ဝမ်းဗိုက်မကောင်း၍ ဝမ်းပျက်နေသူများ သို့မဟုတ် အခြားနာမကျန်းမှုများ သို့မဟုတ် မိမိကိုယ်မိမိ    နာမကျန်းစေရန် သို့မဟုတ် အနာဖြစ်စေရန်အတွက် ကိုယ်ခန္ဓာနဲ့စိတ်အား ဘေးဖြစ်စေတတ်သော နည်းလမ်းများဖြင့်ပြုလုပ်သူများ သို့မဟုတ် ကူးစက်ရောဂါဖြစ်ပွားနေသူ သို့မဟုတ် ကိုယ်ခန္ဓာအစိတ် အပိုင်းတွင်ထိခိုက်နေသော အကျဉ်းသားများအားထားရှိရန်၊ (စ) သေဒဏ်ချမှတ်ခံရသူများအားချုပ် နှောင်ထားရှိရန်တို့ ပြဋ္ဌာန်းထားပါတယ်။ ဒီအချက်များနဲ့ကိုက်ညီလို့ရှိရင် ခုနကပြောတဲ့ သီးခြားတိုက် ခန်းတွေမှာထားရှိသွားတာဖြစ်ပါတယ်။ အဲတော့ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၄၂၀ မှာတော့ အကျဉ်းသားတွေကို A Class, B Class နဲ့ C Class အတန်းသုံးမျိုး ခွဲခြားသတ်မှတ်ထားသော်လည်း တော်လှန်ရေးကောင်စီအစိုးရ တရားရေးရာဝန်ကြီးဌာနရဲ့ ၁၅-၁-၁၉၆၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၂) နဲ့ အတန်းအစားသုံးမျိုးခွဲခြားထားခြင်းအားရုပ်သိမ်းပြီးတော့ တစ်တန်းတစ်စားတည်းသာ ထားရှိရန်သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအကျဉ်းထောင်အများစုဟာ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် ထိုခေတ်နယ်မြေအသီးသီးမှာရှိတဲ့ လူဦးရေနဲ့ပြစ်မှု ကျူးလွန်သူအချိုးအစားကို ကိုက်ညီစေရန်အတွက် အကျဉ်းထောင်တွေကို ဆောက်လုပ်ထားတာဖြစ်ပါ တယ်။ သို့သော်လည်း တစ်နှစ်ထက်တစ်နှစ် ဒါလူဦးရေများပြားလာပြီး ပြစ်မှုကျူးလွန်သူများ များပြား လာတဲ့အတွက် ၎င်းတို့အားထားရှိဖို့အတွက် အကျဉ်းထောင်အသစ်တွေကိုလည်း တိုးချဲ့ဆောက်လုပ် ခဲ့ရပါတယ်။ သို့သော်လည်း တချို့အကျဉ်းထောင်တွေမှာ လူဦးရေကြပ်တည်းမှုတွေဖြစ်ပေါ်လာခဲ့လို့ တချို့အကျဉ်းသားတွေဟာ လူဦးရေနည်းပါးတဲ့ အကျဉ်းထောင်တွေကိုလည်း ရွှေ့ပြောင်းပြီးတော့ ပို့ဆောင်ရတာတွေရှိပါတယ်။ လူဦးရေကြပ်တည်းလာတာနဲ့အမျှ အကျဉ်းထောင်များတွေကို ဖြန့်ခွဲထား ရှိပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေဟာ မီးရထား၊ မော်တော်ကား၊ လေယာဉ်တို့နဲ့လုံခြုံ အေးချမ်းစွာသွားလာနိုင်တဲ့ ခရီးအကွာအဝေးတွေမှာပဲ ဖွင့်လှစ်ထားရှိပါတယ်။ မိသားစုများအနေနဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့တဲ့နေရာမှာ တချို့နယ်အကျဉ်းသားတွေကိုတော့ ရက်သတ္တပတ် တစ်ပတ်လျှင်တစ်ကြိမ်၊ ထောင်ကျအကျဉ်းသားတွေကိုတော့ နှစ်ပတ်လျှင်တစ်ကြိမ် တွေ့ခွင့်ပြုထား ပြီးဖြစ်ပါတယ်။ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၇၈၄/၅ အရ သာမန်အားဖြင့်ဧည့်တွေ့ခြင်းကို ခွင့်ပြုချိန်ဟာ မိနစ် ၂၀ ထက်မကျော်လွန်စေရလို့ ပါရှိပါတယ်။ သို့သော်လည်း အကျဉ်းထောင် တာဝန်ခံရဲ့ ဆန္ဒဆုံးဖြတ်ချက်နဲ့ တိုးမြှင့်ခွင့်ပြုနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ အကျဉ်းထောင် ကြီးတွေမှာတော့ အချုပ်သားနဲ့ အကျဉ်းသားဦးရေဟာများပြားတဲ့အတွက် လာရောက်တွေ့ဆုံတဲ့ ထောင်ဝင်စာ၊ ဧည့်တွေ့မိသားစုတွေဟာ များပြားလွန်းတဲ့အတွက် ဧည့်တွေ့ချိန်ကိုသတ်မှတ် ပေးထား ရခြင်းပဲဖြစ်ပါတယ်။ အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေမှာတော့ အကျဉ်းသားနည်းတဲ့အတွက် ဧည့်တွေ့ချိန်ဟာ ပိုမိုရပါတယ်။ ဘဝသစ်စခန်းတွေမှာ ဆိုလို့ရှိရင်တော့ မိသားစုနဲ့အတူတောင် ညအိပ် ညနေခွင့်ပြုပေးလျက်ရှိပါတယ်။ အဲဒီတော့အကျဉ်းသားတွေကို လျှော့ပေါ့ရက်တွေနဲ့ ပတ်သက်ပြီး တော့နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့ အမိန့်အမှတ် ၂၈/၂၀၁၁နဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးထားပြီးတော့ ဒီအမိန့်နဲ့အညီ သာမန်လျှော့ရက်များအပြင် အထူးလျှော့ရက်ကိုတစ် နှစ်စီထောင်ကျအကျဉ်းသားတွေလည်း ခံစားခွင့်ရရှိထားပြီးဖြစ်ပါတယ်။ အဲတော့ မြန်မာနိုင်ငံအကျဉ်း ထောင်များမှာ အကျဉ်းသားများရပိုင်ခွင့် အခွင့်အရေးကို အကျဉ်းထောင်လက်စွဲဥပဒေနဲ့ အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လျှော့ရက်တွေကိုလည်း အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းများလိုက် နာခြင်းရှိလျှင် လိုက်နာသလိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကျဉ်းထောင်လုပ်ငန်းတွေမှာပါဝင် ဆောင်ရွက်ခြင်းတို့အတွက်လည်း လျှော့ရက်များ ခွင့်ပြုပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။