(ည)-သစ်ရာမြိုင်ရပ်ကွက် အ‌ြခေခံပညာအလယ်တန်းကျောင်းမြေနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းမြေကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတင်ပြလိုပါတယ်။ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမြေဧရိယာဟာ ယခင်က ၅.၅၈ ဧက ရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က သဖန်းဆိပ်ဆည်ရေလှောင်တမံစီမံကိန်းကြောင့် ကျွန်းလှမြို့ဟာ ရွှေ့ပြောင်းလာခဲ့တဲ့အတွက် ကျောင်းမြေရဲ့အနောက်ဘက်ခြမ်း ၂.၀၇ ဧကကို လမ်းမြေအဖြစ်ပေးခဲ့  ရတာကြောင့် ကျောင်းမြေရဲ့ဧရိယာဟာ ၃.၆၁ ဧကသာကျန်ရှိပါတော့တယ်။ သို့ဖြစ်ပါ၍ ကျောင်း၏ တောင်ဘက်တွင် တစ်ဆက်တစ်စပ်တည်းရှိပြီး အသုံးပြုခြင်းမရှိတော့တဲ့ ယခင်သစ်ရာပင်ရဲစခန်း ဟောင်းမြေနေရာ ၂.၂ ဧကနဲ့ ကုန်သွယ်လယ်ယာမြေ ဝ.၃ဧကကို ကျောင်းဝင်းမြေအဖြစ် သတ်မှတ်ပေးနိုင်ပါရန်အခြေအနေ ရှိ၊ မရှိ၊ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမြေနှင့်ကပ်လျက်ရှိသော ကုန်သွယ်လယ်ယာမြေ ဝ.၃ ဧကသည် လက်ရှိအသုံးမပြုတော့သည်မှာမှန်ကန်ပါတယ်။ ကုန်သွယ်လယ်ယာမြေနှင့်ကပ်လျက် သစ်ရာပင်ရဲစခန်းဟောင်းမြေနေရာ ၂.၂ ဧကတွင် သစ်ရာပင်ရဲစခန်းမရှိတော့သော်လည်း ရဲကင်း အဖြစ်ဆက်လက်တည်ရှိပြီး ကျွန်းလှမြို့နယ်၊ ရဲတပ်ဖွဲ့မှထုတ်နှုတ်အင်အားဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်းနှင့် ၂၀၀၆ ခုနှစ်က ရဲစခန်းမြေအဖြစ်ဂရန်ပေါက်ပြီးဖြစ်ပါကြောင်း ဖြေကြားအပ် ပါတယ်။ ကုန်သွယ်လယ်ယာမြေ ဝ.၃ ဧကနှင့် သစ်ရာပင်ရဲစခန်းဟောင်းမြေ  ၂.၂ ဧကတို့အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။