(က)-တောင်သူလယ်သမားများ ချေးငွေအား တစ်ဧက ကျပ်တစ်သိန်းအထိ ချေးပေးပါရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၅.၈.၂၀၁၂)

 

လွန်ခဲ့တဲ့ ၄ နှစ် ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက စတင်ခဲ့တဲ့ စီးပွားပျက်ကပ်ဆိုး ကြီးဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ ၎င်းစီးပွားပျက်ကပ်ကြီးဟာ အာရှတိုက်တစ်တိုက်လုံးကို အထူးရိုက်ခတ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာလည်းပဲ ၎င်းကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကို အပြင်းအထန်ခံခဲ့ရပါတယ်။ မူလကတည်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံငယ်၊ နိုင်ငံကြီးများအနေဖြင့် ပြန်လည်နာလန်ထဖို့မြန်ဆန်ခဲ့ပေမယ့် ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဆင်းရဲတဲ့နိုင်ငံများအဖို့ ပြန်လည်နာလန်ထမှု နှေးကွေးနေပါတယ်။ ၎င်းရဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဒေါ်လာဈေးများ ကျဆင်းခဲ့ခြင်းနှင့် ကမ္ဘာရှိ ဆန်နဲ့ကောက်ပဲသီးနှံဝယ်ယူတဲ့ နိုင်ငံများရဲ့ ဝယ်ယူလိုအားဟာ ကျဆင်းခဲ့ကြပါတယ်။ အထက်ပါ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဆန်နှင့်ကောက်ပဲသီးနှံဈေးများဟာ မကြုံစဖူး ကျဆင်း ခဲ့ရပါတယ်။ အဲဒီကျဆင်းမှုကြောင့် တောင်သူလယ်သမားများ ပင်ပန်းကြီးစွာ ကြိုးစားရုန်းကန် အလုပ် လုပ်ခဲ့ကြသော်လည်း ကြီးစွာသောအရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၈ မှ ၂၀၁၂ အထိ လေးနှစ် တိုင်တိုင် ဆက်တိုက်အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုရင် မထောင်းသာသော်လည်း လေးနှစ်တိတိ ဆက်တိုက်အရှုံးနှင့်ရင်ဆိုင်ခဲ့ကြရတဲ့အတွက် ၎င်းတို့၏ စားဝတ်နေရေးဟာ များစွာကြပ် တည်းနေမှုနှင့် ကြုံတွေ့နေကြရပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ် စိုက်ပျိုးရာသီမှာလည်း တချို့ဒေသ များမှာ မိုးကြီးပြီးတော့ စပါးခင်းများ ရေမြုပ်ပျက်စီးခြင်း၊ မြန်မာပြည် အလယ်ပိုင်းတစ်ခုလုံးနီးပါး မိုးအထူးခေါင်ခဲ့၍ နှမ်းနှင့် ပဲမျိုးစုံစိုက်ခင်းများ ညှိုးခြောက်ပြီးတော့ ပျက်စီးခြင်း၊ လုံးဝမစိုက်ပျိုးနိုင် ခဲ့ခြင်း စသည့်အဖြစ်ဆိုးများနှင့် ဆက်လက်ကြုံတွေ့နေခဲ့ရပါတယ်။ တောင်သူလယ်သမားများအဖို့  ဖောင်စီးရင်း ရေငတ်နေကြရပါတယ်။ ပေါင်စရာလည်း ရွှေမရှိတော့ဘူး။ အတိုးနဲ့ ငွေချေးမယ့်သူက လည်း ယခင်အကြွေးများ မကျေတဲ့အတွက်ကြောင့် ငွေချေးမယ့်သူကလည်း မရှိတော့ပါဘူး။ ဒါကြောင့် ဒီအခက်အခဲများ ကျော်နိုင်ဖို့ နိုင်ငံတော်က ပို၍ကူညီမှဖြစ်မယ့်အခြေအနေကို ဆိုက်ရောက်နေပါ တယ်။ နိုင်ငံတော်မှာလည်းပဲ ယခင် တစ်ဧက ၂၀၀၀၀၊ ထို့နောက် ၄၀၀၀၀၊ ထို့နောက် ၅၀၀၀၀ ကျပ် အထိချေးငွေများကို တိုးပေးတာကိုတွေ့ရပါတယ်။ ဒါတောင်မှ ဒီလိုချေးငွေများပေးခဲ့ရာမှာ ကျန်တောင်သူ များက သူတို့အတွက် လုံးဝချေးငွေမရပါဘူးလို့ ပြောတာကိုလည်း ကြုံတွေ့ရပါတယ်။ ဥပမာ  မန္တလေး တိုင်း အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်ပါတယ်။ သူတို့အတွက်လည်း ထည့်သွင်းစဉ်းစားပေးပါ လို့ တောင်းဆိုမှုရှိနေကြပါတယ်။ ထို့အပြင် နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများချ၍ လုပ်ဆောင်ပေးနေသည်ကို တောင်သူလယ်သမားများက အထူးပဲကျေးဇူး တင်နေကြပါတယ်။ သို့သော်လည်း ယခု နောက်ဆုံးတိုးမြှင့်ချေးငွေ ၅၀၀၀၀ ကျပ်ဟာလည်း တောင်သူ လယ်သမားများ တစ်ဧကလိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံပဲရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီချေးငွေ ထုတ်ပေးတဲ့ လဟာလည်းပဲ နောက်ကျတယ်လို့ သိရပါတယ်။ ယခင်က ၅ လပိုင်းမှာ စတင်ထုတ်ချေး ခဲ့၍ ယခု ၇ လပိုင်းမှ ချေးငွေများ စတင်ထုတ်ချေးတဲ့အတွက် နောက်ကျနေပြီးတော့ တကယ်လိုအပ်တဲ့ အချိန်မှာ သုံးလို့မရဖြစ်နေပါတယ်။ အထက်ပါအကြောင်းကြောင်းတို့ကြောင့် တောင်သူလယ်သမား များဟာ ဆင့်ပါးစပ်နှမ်းပက်တဲ့ကိန်းနဲ့ ကြုံနေရပါတယ်။ ဒါကြောင့်မို့ ဒီအကြပ်အတည်း၊ ဒီအဖြစ်ဆိုး ဒီတောင်မှကျော်နိုင်ဖို့ တစ်ဧကမှာ ကျပ် ၁၀၀၀၀၀ အထိ ချေးငွေ ချေးပေးဖို့ လိုလားနေကြပါတယ်။ ထိုသို့ချေးပေးနိုင်ခြင်း ရှိ/မရှိကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် တောင်သူလယ်သမားများအတွက် ယခုနှစ် ၂၀၁၂  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ အဖြစ် စပါးသီးနှံကို တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ ၂၀၁၀ မိုးရာသီထုတ်ချေးငွေထုတ်ချေးခဲ့စဉ်က စပါးသီးနှံ တစ်ဧကကို ကျပ် ၂၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧက ကျပ် ၁၀၀၀၀ နှုန်းဖြင့် ချေးငွေပေါင်း ငွေကျပ် ၁၆၅.၈၃၂ ဘီလီယံ ထုတ်ချေးခဲ့ရာ သတ်မှတ် ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရာနှုန်းပြည့်ကျေပြေစွာ ကောက်ခံ ရရှိခဲ့ပါတယ်။ ၂၀၁၁ မိုးရာသီချေးငွေကို စပါးသီးနှံကို တစ်ဧက ၄၀၀၀၀ ကျပ်နှုန်းထိ တိုးမြှင့်ထုတ်ချေးခဲ့ပြီး အခြားသီးနှံတစ်ဧက ၁၀၀၀၀ ကျပ်နှုန်းဖြင့် ချေးငွေပေါင်း ငွေကျပ် ၃၁၂.၁၁၂ ဘီလီယံ ထုတ်ချေး ပေးခဲ့ပါတယ်။ သတ်မှတ်ကာလ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ငွေကျပ် ၂၇၉.၃၈ ဘီလီယံ သာ ကောက်ခံရရှိပြီး ငွေကျပ် ၃၂.၇၃ ဘီလီယံ ကျန်ရှိသည့်အတွက် ၈၉.၅၁ ရာခိုင်နှုန်းသာ ပြန်လည် ကောက်ခံရရှိခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်၊ ဇူလိုင်လကုန်အထိ ရာနှုန်းပြည့်ပြေကျေခြင်းမရှိသေးဘဲ ငွေကျပ် ၃.၈၅ ဘီလီယံ ကျန်ရှိနေ ပါသေးတယ်။ သို့သော်လည်း တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်ထုတ်ချေးပေးခဲ့ရာ ယခုနှစ် ၂၀၁၂  မိုးချေးငွေ ကိုလည်း စပါးသီးနှံတစ်ဧကကို ၅၀၀၀၀ ကျပ်နှုန်းအထိ တိုးမြှင့်ထုတ်ချေးပေးလျက် ရှိပါတယ်။ ယခုနှစ်အတွက် ငွေကျပ် ၅၀၀ ဘီလီယံအထိ ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ တစ်ပြည်လုံးအတိုင်းအတာ အနေဖြင့် ငွေထုထည်ပမာဏ အလွန်ပင်များပြားနေကြောင်းကို သိရှိနိုင်ပါ တယ်။ ၎င်းချေးငွေများသည် နိုင်ငံတော်ဘဏ္ဍာငွေများဖြစ်ပါ၍ အဆုံးရှုံးခံ၍ မရသည့်အပြင် ဘဏ် အနေဖြင့်လည်း တောင်သူလယ်သမားများ၏အပိုင်းမှ တာဝန်ကျေပြန်လည် ပေးဆပ်နိုင်စွမ်းအားနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးလည်ပတ်မှု ထုထည်ပမာဏအခြေအနေတို့ကို သက်ဆိုင်ရာ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနနှင့် ညှိနှိုင်းတွက်ချက်ဆောင်ရွက်ရခြင်းဖြစ်ပါ၍ စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းအထိ တိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။