(ဈ)-တောင်ပေါ်ဒေသကျေးရွာများလျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ (၁-၁၁-၂၀၁၁)

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အရှေ့ပိုင်းဒေသဟာ ‌တောင်ပေါ်ဒေသဖြစ်ပြီးတော့ ပထဝီအနေ အထားအရ တော၊ တောင်ထူထပ်တဲ့ဒေသဖြစ်သော်လည်း နိုင်ငံ‌တော်ရဲ့ဖွံ့ဖြိုး‌ရေးစီမံကိန်းများကြောင့် ကျွန်တော်တို့ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုဖြစ်တဲ့ မော်‌တော်ကားလမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံများ စသဖြင့်စည်ကားလျက်ရှိပါတယ်။ နေပြည်တော်နဲ့လည်း လွယ်လွယ်ကူကူဆက်သွယ်သွားလာလို့ ရရှိနေပါတယ်။ သို့သော်လည်း ဒေသရဲ့ပထဝီအနေအထားအရ အဆင်းအတက်များတဲ့ တောင်တန်‌း ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိ ရေးဟာ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ အ‌ြခေအနေပေးတဲ့တချို့ဒေသတွေမှာ စေတနာရှင်များက နေပြီးတော့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ခဲ့ပါတယ်။ ဒါ ကျွန်တော်‌့ဘေးမှာ ရှိနေတဲ့ စေတနာရှင်အစ်ကိုကြီးရဲ့ကျေးဇူးကြောင့် ရွာတစ်ရွာမှာဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား ရရှိနေပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံလေးနဲ့။ သို့သော်လည်း ဒေသအများအပြားမှာတော့ ဓာတ်အားလိုင်း သွယ်တန်းရရှိမှုအခက်အခဲကြောင့် လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေပါတယ်။ နိုင်ငံတော်အနေနဲ့ အဆိုပါဒေသတစ်ဝိုက်မှာ မဂ္ဂါဝပ် ၁၄၀ ရှိတဲ့ အထက်ပေါင်းလောင်းလျှပ်စစ် စီမံကိန်း၊ နောက် မဂ္ဂါဝပ် ၄၀ ထွက်မယ့် ကျွန်တော်တို့ နမ်ချိုရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းများပြီးစီးတဲ့အခါမှာတော့ အနီးအနားတစ်ဝိုက်မှာရှိတဲ့ကျေးရွာ များဟာ လျှပ်စစ်ဓာတ်အားရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ရရှိမယ်လို့လည်း ယုံကြည် နေကြပါတယ်။ သို့သော်လည်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ဝေးတဲ့ ဆက်သွယ်မှုခက်ခဲတဲ့ရွာကြီး တချို့မှာတော့ လျှပ်စစ်ဓာတ်အားရရှိရန် အခက်အခဲရှိနေအုံးမှာဖြစ်ပါတယ်။ ဒီဒေသက ကျေးရွာကြီး တွေမှာ ကျွန်တော်တို့ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်တချို့ တပ်ဆင်ပေးနိုင်မယ် ဆိုလို့ရှိရင် ကျေးရွာအတွင်းအများနဲ့သက်ဆိုင်တဲ့နေရာ၊ ဒေသတချို့မှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ပြီးတော့ လူမှုရေး၊ သတင်းဆက်သွယ်ရေးအပါအဝင် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပေးနိုင်ဖို့ အနေအထားကိုလည်း သိရှိလိုကြပါတယ်။ သို့ပါ၍ ကျွန်တော်တို့ ပျဉ်းမနားမြို့အရှေ့ပိုင်းတောင်ပေါ်ဒေသလျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မည်သို့စီစဉ်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ နေပြည်တော်၊ ပျဉ်းမနားမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်‌ ဦးလှမြင့်ဦး မေးမြန်းသောမေးခွန်းနဲ့ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ ပျဉ်းမနားမြို့နယ်အရှေ့ပိုင်းတောင်ပေါ်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပျဉ်းမနားမြို့ အရှေ့ဘက် ၂၆ မိုင်အကွာ ပေါင်းလောင်းမြစ်ပေါ်မှာ လျှပ်စစ်ဓာတ်အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိမယ့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကိုလည်းကောင်း၊ ပျဉ်းမနားမြို့အရှေ့ဘက် ၁၆ မိုင် အကွာ နမ်ချိုချောင်းပေါ်မှာ ၄၀ မဂ္ဂါဝပ်ထွက်ရှိမည့် နမ်ချိုရေအားလျှပ်စစ်စီမံကိန်းကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ အထက်  ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းမှာ ၄၇.၂၇ ရာခိုင်နှုန်း၊ နမ်ချိုရေအားလျှပ်စစ်စီမံကိန်းမှာ ၆၇.၆၈ ရာခိုင်နှုန်း  ပြီးစီးနေပြီဖြစ်ပါတယ်။ စီမံကိန်းနှစ်ခု စလုံး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရှိရပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းထားသော ပျဉ်းမနားမြို့နယ်အရှေ့ပိုင်း တောင်ပေါ်ဒေသများအနက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်၍ ဖြစ်ပေါ်လာမည့် ရေမြုပ်ဧရိယာမှာရှိသော ကျေးရွာ ၂၂ ရွာကို အထက်ဖော်ပြပါအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့်ဆက်စပ်၍ စီမံဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဆိုပါရေအားလျှပ်စစ်စီမံကိန်းများက နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း နှင့်ပို့လွှတ်ရမှာဖြစ်ပြီး အဆိုပါရေအားလျှပ်စစ်စီမံကိန်းများတွင် ဓာတ်အားဖြန့်ဖြူးရေးဓာတ်အားခွဲရုံ များကိုပါ ထည့်သွင်းတည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားခွဲရုံမှ တစ်ဆင့် ထိန်ပင်ကျေးရွာအုပ်စု၊ ဖိုကုန်းကျေးရွာသို့  ၃၃ ကေဗွီဓာတ်အားလိုင်း မိုင် ၆၀ နဲ့ ၃၃/၁၁ ကေဗွီ၊ ၂ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ခြင်း၊ ၎င်းခွဲရုံမှရွာကြီးသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း မိုင် ၃၀၊ လိန်းလီသို့ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၀ မိုင်စသည်တို့ကို တည်ဆောက်ခြင်းဖြင့် ဖိုကုန်း ကျေးရွာအနီးတစ်ဝိုက် ၂၀ မိုင်ဝန်းကျင်သို့ ဓာတ်အားဖြန့်ဖြူးရမှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ ရေမြုပ်ဧရိယာမှာရှိသော ကျေးရွာ ၂၂ ရွာကို လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရေအားလျှပ်စစ်စီမံကိန်းများနှင့်ဆက်စပ်ပြီး တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နည်းပညာပိုင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ကျွန်တော်တို့  အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပူးပေါင်းတည်ဆောက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်အားစနစ်မှဝေးကွာသော အခြားတင်ပြပါ တောင်ပေါ်ဒေသကျေးရွာများကို လည်း လတ်တလောအခြေအနေအားဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေးစနစ်၊ ဇီဝဓာတ်ငွေ့သုံးစက်ရုံတည်ဆောက်၍ ဓာတ်အားပေးခြင်း၊ ဒီဇယ်ဓာတ်အား ပေးစက်တပ်ဆင်၍ ဓာတ်အားပေးခြင်းတို့ကို တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာဒေသတို့၏ အစီအစဉ် ဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လိုအပ်ပါက နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။