ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာ မြို့နယ်ခွဲအဆင့်ရှိတဲ့မုန်းမြို့ဟာ ရပ်ကွက် ၁၁ ခု၊ အိမ်ထောင်စု ၂၁၀၀ ရှိပြီးတော့ အစိုးရအထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းနဲ့ နယ်မြေခံတပ်ရင်းကြီး နှစ်ရင်း၊ ရှေ့တန်းစစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်များရှိတဲ့ ကျယ်ပြန့်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ မုန်းမြို့နယ်ခွဲမှာ ၃၅ နှစ်ကျော်၊ နှစ် ၄၀ နီးပါးခန့် ဌာနအနေနဲ့အခြေစိုက်ပြီးတော့ စကိုဒါ ၁၀၀ ကေဗွီမီးစက်ဟောင်းတစ်လုံးကို အသုံးပြု ပြီးတော့ မြို့ပေါ်ရပ်ကွက်လေးခု၊ လျှပ်စစ်မီတာ ၂၃၅ လုံးတို့နဲ့ ည ၇ နာရီကနေ ၉ နာရီထိညပိုင်း နှစ်နာရီခန့်သာ လျှပ်စစ်မီးပေးနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့လစဉ် စက်သုံးဆီဒီဇယ်ဂါလံ ၄၀၀ ခန့်ကုန်ကျလျက်ရှိကြောင်းလည်းပဲသိရှိရပါတယ်။ ဒီနေရာဟာ အင်မတန် လုံခြုံရေးအရအရေးကြီးတဲ့ မဟာဗျူဟာအချက်အချာကျတဲ့နေရာဖြစ်တဲ့အပြင် နယ်မြေဖွံ့ဖြိုးရေး အတွက်လည်း ပဲခူးတိုင်းမှာနောက်အကျဆုံးဒေသတစ်ခုဖြစ်ပါတယ်။ လက်ရှိစကိုဒါစက်ဟာ အင်မတန် ဟောင်းနွမ်းနေတဲ့အတွက် ၇၀ ကေဗွီအေအင်အားကိုပင် အနိုင်နိုင်ပေးနေရတဲ့အတွက် ကျန်တဲ့ ရပ်ကွက်အများအပြားနဲ့ အစိုးရအဆောက်အဦ၊ တပ်ရင်းတပ်ဖွဲ့မိသားစုများကို ပေးနိုင်ခြင်းမရှိပါဘူး။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ပဏာမတိုင်းတာချက်အရ ဖြူးမြို့ကမုန်းမြို့ထိ ၁၆ မိုင်အကွာအဝေးကို မဟာဓာတ်အားလိုင်းမှ ၃၃/၁၁ ကေဗွီလိုင်းနဲ့ သွယ်တန်းပေးမည်ဖြစ်ကြောင်း ကြိုတင်ပြီးတော့ ကျွန်တော် သိရှိရပါတယ်။ တကယ်လို့ မီးသွယ်တန်းရေးကို အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်မယ်ဆိုရင် မြို့ရွာမီးလင်းရေး၊ မြို့ရွာလုံခြုံရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးရေးပါအထောက်အကူပြုပြီးတော့မှ ကျွန်တော်တို့ မုန်းမြို့နယ်ခွဲ မီးလင်းရေး ကော်မတီကလည်းပဲ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ငွေအား၊ လူအားနဲ့ပူးပေါင်းပြီးတော့မှ ပံ့ပိုးဆောင်ရွက်သွားဖို့ အစီအစဉ်များရှိပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖြူးမြို့မှမုန်းမြို့သို့ မဟာ ဓာတ်လိုင်းမှတဆင့် လျှပ်စစ်ဓာတ်အားသွယ်တန်းဖြန့်ဖြူးရန်အစီအစဉ် ရှိ၊ မရှိသိရှိလိုပါတယ်။ နောက်တစ်ချက်ကတော့ အစီအစဉ်ရှိပါကမည်သည့်ကာလတွင် လုပ်ငန်းစတင်ရန်အစီအစဉ် ရှိသည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနှင့် ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲတွင် ၁၀၀ ကေဗွီအေစကိုဒါဓာတ်အားပေးစက် ၁ လုံး၊ ၃၆ ကေဗွီအေ စကိုဒါဓာတ်အားပေးစက် ၁ လုံး တို့နဲ့ မီးသုံးသူ ၂၆၃ ဦးတို့အား နေ့စဉ် ၁၉း၀၀ နာရီမှ ၂၁း၀၀ နာရီထိ ၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ မုန်းမြို့နယ်ခွဲသို့ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဖြူးမြို့မှာ ရှိသော ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှတစ်ဆင့် ၁၁ ကေဗွီအေဓာတ်အားလိုင်းအသစ် ၁၉ မိုင်တည်ဆောက်ပြီး မုန်းမြို့အတွင်း ၁၁/ဝ.၄ ကေဗွီ ၃၁၅ ကေဗွီအေထရန်စဖော်မာ ၃ လုံးနဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃.၁၈ မိုင် တည်ဆောက်ဓာတ်အားပေးရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်လျာထား ရရှိမှုအပေါ် ဦးစားပေးအစီအစဉ်အရမူတည်ပြီး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
