(င)-ဝါးဘလောက်သောက်ကျေးရွာတွင်လျှပ်စစ်မီးပြန်လည်ရရှိရေးနှင့် ကျေးလက်ဒေသမီးလင်းရေးနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ (၁-၁၁-၂၀၁၁)

ပထမမေးခွန်းအနေနဲ့ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာမှာ ၁၉၉၀ ခုနှစ်ကစပြီးတော့ လျှပ်စစ်မီး ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း သစ်သားတိုင်များပြိုလဲပျက်စီးပြီးတော့ လျှပ်စစ်မီးရရှိမှု ပြတ်တောက်သွားခဲ့ရပါတယ်။ သို့ပါ၍  ဝါးဘလောက်သောက်ကျေးရွာမှာ လျှပ်စစ်မီးပြန်လည်ရရှိရန် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကိုသိရှိလိုပါတယ်ခင်ဗျား။

ဒုတိယမေးခွန်းအနေနဲ့ကတော့ အခုအခါမှာ နိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားတိုးချဲ့ထုတ်လုပ် နိုင်ပြီဖြစ်သဖြင့် မြို့များတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးသုံးစွဲနိုင်ပြီဖြစ်ပြီး ကျေးလက်နေ ပြည်သူများက ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် လိုလားတောင့်တလျက်ရှိပါ တယ်။ သို့ဖြစ်ပါ၍ သန်လျင်မြို့နယ်အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ ကျေးရွာအုပ်စု ၄၃ ခုတွင် ကျေးလက်ဒေသမီးလင်းရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင် သည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ပထမမေးခွန်းဖြစ်တဲ့ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးဖို့အတွက် ၁၉၉၂ ခုနှစ်မှာ နိုင်ငံတော်မှ ၁၀၀ ကေဗွီအေထရန်စဖော်မာနဲ့ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၉.၅ မိုင်အတွက် လိုအပ်သည့်လိုင်းကြိုး၊ ကြွေသီးများကျခံပြီး ကျေးရွာပြည်သူလူထုက ဓာတ်တိုင်နဲ့ သစ်သားလက်တန်းများကို ကိုယ့်အားကိုယ်ကိုးစိုက်ထုတ်တည်ဆောက် ဓာတ်အားပေး ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ လေပြင်းဒဏ်ခံရတဲ့အတွက် မူလတည်ဆောက်စဉ် အသုံးပြုခဲ့တဲ့တိုင် ၂၄၇ တိုင်အနက် ၁၉၇ တိုင်ပျက်စီးသွားတဲ့အခါ ကျေးရွာကဓာတ်တိုင်ပြန်လည် အစားထိုးစိုက်ထူမှုမပြုလုပ်နိုင်တဲ့အတွက် ဓာတ်အားလိုင်းကြိုးများကို ဌာနမှပြန်ယူသိမ်းဆည်း ထားပေးခဲ့ပါတယ်။ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အနေနဲ့ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများနဲ့ အစားထိုးတပ်ဆင်ရေးလုပ်ငန်းများကို ရန်ပုံငွေခွင့်ပြုနိုင်မှုအခြေအနေအရ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ အခု ဝါးဘလောက်သောက်ကျေးရွာအတွက် ဓာတ်တိုင်များပြန်လည် အစားထိုးတည်ဆောက်မှုကိုလည်း ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအလိုက် လျာထား ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ သန်လျင်မြို့နယ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အပါအဝင် မြို့အားလုံးကိုလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ကျေးရွာ ၂၁၁၄ ရွာရှိတဲ့အနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းနဲ့ ဆက်သွယ်ပေးရန်လွယ်ကူတဲ့ ကျေးရွာ ၃၂၃ ရွာကိုလည်း မီးလင်းပေးပြီးဖြစ်ပါတယ်။ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အနေနဲ့ ၂၀၀၆ ခုနှစ်တွင် ကျေးရွာ ၈၀ ရွာကိုဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး နှစ်အလိုက်ကျေးရွာများအား တိုးချဲ့ဓာတ်အားဖြန့်ဖြူး ပေးခဲ့ရာမှာ ၂၀၁၁ ခုနှစ်အထိ အရှေ့ပိုင်းခရိုင်မှာ ကျေးရွာကိုးရွာ၊ အနောက်ပိုင်းခရိုင်မှာ ကျေးရွာ ခြောက်ရွာ၊ တောင်ပိုင်းခရိုင်မှာ ကျေးရွာ ၁၂၁ ရွာနှင့် မြောက်ပိုင်းခရိုင်မှာ ကျေးရွာ ၁၈၇ ရွာ၊ စုစုပေါင်း ကျေးရွာ ၃၂၃ ရွာ တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ လောလောဆယ်မှာ တောင်ပိုင်းခရိုင်အတွင်း ကျေးရွာမီးလင်းရေးဆောင်ရွက်ဆဲကျေးရွာ ၂၂ ရွာရှိပါတယ်။ အဲဒီရွာများက တော့ သန်လျင်မြို့နယ်မှ ကရင်ဆိပ်၊ ဘော့သပြေကန်ရွာ၊ ခရမ်းမြို့နယ်မှ ရွှေဘိုစု၊ ဒေးပေါက်၊ တမံကြီး၊ မကျည်းကန်ရွာ၊ သုံးခွမြို့နယ်မှ ပျဉ်းမကန်၊ ရေပေါ်ကန်၊ တာကော၊ ဆင်ခိုး၊ သူကြီးပတုတ်၊ မုဒိတာရွာ၊ ကျောက်တန်းမြို့နယ်မှ ဇွဲဘာကုန်းတန်း၊ ပန်းတော၊ တွံတေးမြို့နယ်မှ လာကပုံ၊ အလတ်ချောင်း၊ ပေါက်တော၊ ကွမ်းခြံကုန်းမြို့နယ်မှ ဝက်ကိုက်၊ ကောဒွန်း၊ ကမာပါရွာ ကော့မှူးမြို့နယ်မှ မဆယ်ဆိတ်၊ တံတားမြို့နယ်ခွဲမှ စင်မကော်ရွာတို့ပါဝင်ပါတယ်။  ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဟာ ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးချဲ့တည်ဆောက်အကောင်အထည်ဖော်ရာမှာ ကျေးရွာမီးလင်းရေး ကိစ္စများကိုလည်း နှစ်စဉ်ခွင့်ပြုရရှိတဲ့ ရန်ပုံငွေအခြေအနေအရ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရန်ပုံငွေခွင့်ပြုအနေအထားအရ ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေထက် ဆောလျင်စွာဓာတ်အား ရရှိလိုပါက ဒေသအာဏာပိုင်တို့ရဲ့ခွင့်ပြုထောက်ခံချက်ရယူပြီး ပြည်သူလူထု၏ခိုင်ခိုင်မာမာဖွဲ့စည်း ထားသော ကိုယ့်အားကိုယ်ကိုးကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းပြီး သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံး များမှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကျေးရွာ မီးလင်းရေးအတွက် မူဘောင်သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ကျေးရွာများကို မီးလင်းရေးခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်တဲ့နည်းပညာပိုင်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။