ဗန်းမောက်မြို့နယ်ဟာ ကဒူးကနန်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီးတော့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်ဟာ ကုန်းတွင်းပိတ်မြို့နယ်ဖြစ်တဲ့အတွက် ဆက်သွယ်ရေးအနေနဲ့ ခက်ခဲပြီးတော့ ဗန်းမောက်-အင်းတော် ၂၉ မိုင်ရှည်လျားတဲ့ လမ်းကိုသာအဓိကအားထားပြီးသွားလာနေကြပါတယ်။ အဆိုပါ ၂၉ မိုင်အတွင်းမှာဆိုရင် တံတားကြီး/ငယ်ပေါင်း ၇၁ စင်းရှိပါတယ်။ ဗန်းမောက်မြို့နယ်မှာ မိုးရွာသွန်းမှုများပြားပြီး တောင်ကျချောင်းရေများပြားတဲ့အတွက်ကြောင့် မိုးရာသီကာလမှာ လမ်း တံတားများပျက်စီးလေ့ရှိပါတယ်။ ပေ ၁၈၀ ရဲ့အထက်မှာရှိတဲ့ တုံစီချောင်းတံတား၊ လေးတိုင်ချောင်း၊ နံ့သာချောင်းတံတားတွေပျက်စီးပါက ဗန်းမောက်မြို့နယ်ရဲ့လမ်းပန်းဆက်သွယ်ရေးဟာ ပြတ်တောက် သွားတာကို အမြဲတမ်းကြုံတွေ့ခဲ့ရပါတယ်။ လမ်းပိုင်းအနေနဲ့ ကတ္တရာလမ်း ၂၁ မိုင်၊ အမာခံလမ်း ၈ မိုင်ရှိသော်လည်း မိုးတွင်းရာသီမှာ ရေများစိမ့်ဝင်တဲ့အတွက်ကြောင့် ကတ္တရာလမ်းများလည်း ပျက်စီး လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာရှိတဲ့ ပေ ၁၈၀ အထက်တံတား၊ ချောင်းကူးတံတားများကို ကွန်ကရစ်တိုင်နဲ့ ဘေလီတံတားတည်ဆောက်ပေးခြင်း၊ လမ်းပိုင်းအနေနဲ့ ပေ ၃၀ အကျယ်ချဲ့ပြီးတော့ ကျောက်ချောလမ်းအဖြစ်ခင်းပေးမယ်ဆိုရင် ဒေသဟာဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ထို့ကြောင့် ဒေသခံပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုပြီးတော့ ဗန်းမောက်-အင်းတော်လမ်းပိုင်းရှိ လမ်းနှင့်တံတားများအား နိုင်ငံတော်မှပြုပြင်တည်ဆောက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ။ ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ဆက်လက်ပြီး ဒုတိယမေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီလမ်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက နေပြီးတော့မေးမြန်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဗန်းမောက်- အင်းတော်လမ်းပိုင်းဟာ ၂၉ မိုင်ရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တာဝန်ယူလျက် ရှိသော ကသာ-အင်းတော်-မံစီလမ်းပိုင်းမှာပါဝင်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့လမ်းအခြေအနေ ကတော့ ကတ္တရာလမ်း ၂၁ မိုင်၊ ကျောက်လမ်း ၈ မိုင်၊ စုစုပေါင်း ၂၉ မိုင်သာရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကနေ အောက်ပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကတ္တရာလမ်းအနိမ့်အမြင့်ဖြေခြင်းနဲ့ ရေပိတ်လွှာလောင်းခြင်း၊ ၂ မိုင် ၃ဖာလုံ၊ ကတ္တရာရေပိတ်လွှာလောင်းခြင်းက ၅ မိုင် ၂ ဖာလုံ၊ ဘေလီတံတားများ ကြမ်းခင်းဘီး လမ်းများလဲခြင်းက ၂၂ စင်း၊ သစ်သားတံတားများ တိုင်စင်၊ ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်းသစ်များ လဲလှယ်ခြင်းဟာ ၁၂ စင်း၊ သစ်သားရေပြွန်တည်ဆောက်ခြင်းက ၃ စင်းတို့ဆောင်ရွက်လျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကသာခရိုင်၊ ဗန်းမောက်-အင်းတော် လမ်းပိုင်းဟာ မိုးများတဲ့ဒေသဖြစ်တဲ့အပြင် အဓိကအားဖြင့် ရွှေထွက်ရာဒေသလည်းဖြစ်ပါတယ်။ ရွှေတူးဖော်တဲ့ ယန္တရားကြီးများဟာ စက်သယ်ယာဉ်များကိုအသုံးမပြုဘဲ ယန္တရားကြီးများအလိုက် လမ်းများပေါ်မှာ သွားလာတဲ့အတွက် လမ်းများဟာပျက်စီးရခြင်းဖြစ်ပါတယ်။ ဗန်းမောက် - အင်းတော်လမ်းပိုင်းမှာ တုံစီ ချောင်းတံတား၊ နံ့သာချောင်းကူးတံတား၊ လက်ပန်တံတားတို့အား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သံကူကွန်ကရစ်တံတားများအဖြစ်ပြီးစီးရန်အတွက် ရန်ပုံငွေလည်းလျာထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရရှိရန်ပုံငွေပေါ်မှာမူတည်ပြီး ၎င်းလမ်းအား ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
