(ခ)-ဝန်းသိုမြို့နယ် နမ်းခမ်းဘူတာနှင့် ချောင်းဆုံဘူတာကြား ရထားလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဟာ မြန်မာနိုင်ငံအထက်ပိုင်းဒေသနဲ့ မြန်မာနိုင်ငံတစ်ဝန်းဆက်သွယ်တဲ့ အဓိကကျသော မီးရထားလမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းရဲ့ မော်တော်ကားလမ်းများ ပြုပြင်ဆဲကာလ၊ တည်ဆောက်ဆဲကာလဖြစ်တဲ့အတွက် သွားလာမှုအနေနဲ့ အဓိကအားကိုးပြီး သွားလာနေရတဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။ အဆိုပါ မီးရထားလမ်းကြောင်းမှာ ဆိုးရွားခက်ခဲသောလမ်းအပိုင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဘူတာနှင့်ဘုံချောင်းဘူတာ အကြားလမ်းအပိုင်းပဲဖြစ်ပါတယ်။ လမ်းအပိုင်းအတွင်းမှာ မီးရထားလမ်းရဲ့တစ်ဖက်မှာ မြင့်မား မတ်စောက်လှတဲ့ ကျောက်တောင်၊ ကျောက်နံရံများရှိသလို အခြားတစ်ဖက်မှာလည်း နက်ရှိုင်း လှတဲ့ချောက်ကမ်းပါးများတည်ရှိပါတယ်။ မိုးရာသီကာလ  မိုးရွာသွန်းမှုများပြားတဲ့ အခြေအနေတွေမှာ  ကျောက်တောင်ပြိုကျမှုကြောင့် မီးရထားလမ်းပိတ်ဆို့ခြင်း၊ ချောက်ကမ်းပါးရေစီးတိုက်စားမှုကြောင့် လမ်းပိုင်းများပဲ့ကျခြင်း၊ မီးရထားလမ်းချော်ခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိရာမှာ မီးရထားဖြင့် သွားလာဆက်သွယ်မှု ယာယီအားဖြင့် ပြတ်တောက်လေ့ရှိပါတယ်။ နိုင်ငံတစ်ဝန်းမှမီးရထားဖြင့် ခရီးသွားကြသူများအနေနဲ့ သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေး ဒုက္ခဖြစ်ကြရပါတယ်။      ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ အဆိုပါလမ်းပိုင်းအတွင်းမှာ မြန်မာ့မီးရထားလုပ်ငန်းရဲ့ ဆိုးရွားတဲ့သမိုင်းဖြစ်စဉ်များနဲ့လည်းကြုံတွေ့ခဲ့ရဖူးပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက်မှာ ကျောက်တောင်ကိုကွင်းပြီး ကွင်းလမ်းဖောက်ရန် လမ်းအူကြောင်းရှာခဲ့ကြောင်းလည်းသိရှိရ ပါတယ်။ အဲ့ဒီ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းရဲ့ဆိုးရွားလှတဲ့ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဘူတာနှင့် ဘုံချောင်းဘူတာကြားလမ်းပိုင်းအား လမ်းအူကြောင်းရှာဖွေပြီးကွင်းလမ်းဖောက်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အကယ်၍ ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကလည်း ယခုလက်ရှိလမ်း အား လုံခြုံစိတ်ချရသောလမ်းပိုင်းအဖြစ် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

နမ်းခမ်း - ဘုံချောင်းလမ်းပိုင်းဟာ တစ်ဖက်တွင် ကျောက်တောင်၊ တစ်ဖက်တွင်ချောင်းရှိသဖြင့် ကွေ့ ၃၇ ကွေ့ဖြင့် ခက်ခဲစွာဖောက်လုပ်ထားတဲ့လမ်း ဖြစ်ပါတယ်။ ရထားအန္တရာယ်ကင်းစွာပြေးဆွဲနိုင်ရေးအတွက် အမြဲပြုပြင်ထိန်းသိမ်းမွမ်းမံနေရတဲ့ လမ်းပိုင်းဖြစ်သည်မှာမှန်ကန်ပါတယ်။ ထိုလမ်းပိုင်းကို ယခင်နှစ်ကမွမ်းမံပြင်ဆင်မှုများ၊ ချောင်းနံရံ ကျောက်စီ၍ ရေလမ်းထိန်းသိမ်းကာကွယ်ခြင်းများဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုနှစ်တွင်ကွေ့ဖြေခြင်း၊ သံလမ်းလဲလှယ်ခြင်း၊ ကျောက်ဖြည့်ပေးခြင်းစသည့်လုပ်ငန်းများဖြင့် ရထားလမ်းပိုင်းကိုပိုမိုကောင်းမွန် စေရန်ဆောင်ရွက်လျက်ရှိပါတယ်။ ယခု မြန်မာ့မီးရထားမြေတိုင်းအဖွဲ့တစ်ဖွဲ့ဟာ ၎င်းနယ်မြေသို့ ရောက်ရှိလျက်ရှိပြီး ပိုမိုကောင်းမွန်သောလမ်းအူကြောင်းသစ်များကိုရှာဖွေနေပြီဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းအသစ်သည် ကျောက်တောင်နဲ့ ချောင်းကိုရှောင်ကွင်းသွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်မှု ရှိပါက ပွင့်လင်းရာသီတွင် ဖောက်လုပ်ပေးသွားရန်အစီအစဉ်ရှိပါကြောင်း ဖြေရှင်းပါသည်။