(ဃ)-သတင်းဆက်သွယ်မှု နည်းပညာနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် စီမံကိန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၃-၉-၂၀၁၁)

မျက်မှောက်ကာလတွင် နိုင်ငံတော်၏ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးရေးတွင်လည်းကောင်း၊ နယ်မြေ ဒေသတစ်ခုချင်းအလိုက် အတူတကွကြီးပွားတိုးတက်မှု  Growth together ရရှိရေးတွင်လည်းကောင်း၊ သတင်းဆက်သွယ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော၊ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ သို့ပါ၍ သတင်းဆက်သွယ်မှုနည်းပညာနှင့်စပ်လျဉ်းသော နိုင်ငံတော်အဆင့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေမှုရှိပါသလား။ ရှိပါက လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မယ့်အစီအမံများကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် ရှင်းလင်းဖြေကြားပေးစေလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ လူမှုစီးပွားဘဝနှင့် လူတို့ရဲ့ နေထိုင်လုပ်ကိုင်ပုံတို့ကိုပါ တိုးတက်ပြောင်းလဲစေတဲ့ အခန်းကဏ္ဍမှပါဝင်နေတယ်ဆိုတာ မှန်ကန် ပါကြောင်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ ဘယ်စီးပွားရေးစနစ်မှာမဆို ကုန်ထုတ်လုပ်မှုဆောင်ရွက်မယ် ဆိုရင် မြေသယံဇာတသော်လည်းကောင်း၊ ရေ၊ လေသယံဇာတသော်လည်းကောင်း၊ နောက်ဆုံးမှာ နေရောင်ခြည်စွမ်းအင်သယံဇာတဆိုတဲ့ မည်သည့်စီးပွားရေးစနစ်မှာမဆို ကုန်ထုတ်လုပ်မှုမှာ သဘာဝ သယံဇာတ သို့မဟုတ် လူလုပ်သယံဇာတ ဒါကိုအသုံးပြုရတာဖြစ်ပါတယ်။ ဒီလို သယံဇာတပစ္စည်းများကို အသုံးပြုပြီးတော့ ကုန်ပစ္စည်းထုတ်လုပ်တဲ့အနေအထားက ယခု ICT ဟာဆိုလို့ရှိရင် လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးတော့ သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုး တိုးတက်မှုကိုအခြေခံတဲ့ လူတွေရဲ့စိတ်ကူးစိတ်သန်းများနဲ့ ဖန်တီးဆန်းသစ်မှုကိုအသုံးပြုပြီးတော့မှ ထုတ်လုပ်တဲ့ စီးပွားရေးပုံစံ၊ စီးပွားရေးစနစ်သစ်ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် ကမ္ဘာမှာအချို့က ဒီဟာကို New Economy စီးပွားရေးစနစ်သစ်လို့လည်းတင်စားခေါ်ကြပါတယ်။ ထို့အတူပဲ Digital  စီးပွားရေး စနစ်လို့လည်းခေါ်ကြပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ အစိုးရများအနေဖြင့် ICT for Development ICT ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ဟာကို  ပိုမိုအလေးထား အာရုံစိုက်ဆောင်ရွက်လာကြတာကိုလည်း တွေ့ရှိရပါတယ်။ ဒီ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်းပဲ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးမှုအတွက် ယခင့်ယခင်ကာလများကတည်းက စီမံကိန်းများချမှတ်ပြီးတော့ ဆောင်ရွက်ခဲ့ ကြတာကိုတွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ထင်သာမြင်သာရှိတဲ့ ပထမစီမံကိန်းဟာ   National  ICT  Master  Plan  2005  to  2010 ဖြစ်ပါတယ်။  ဒီစီမံကိန်းကို  မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ICT ကွန်ယက်တွေတည်ဆောက်တာ၊  ICT လုပ်ငန်းတွေကိုတိုးတက်အောင်လုပ်တာ၊ ICT လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးအောင်လုပ်တာ၊ ထို့အတူပဲ E-Government , E-Commerce, E-Education စသည်ဖြင့် ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများကိုဆောင်ရွက်တဲ့ Legal Frame Work ဆိုတဲ့နည်းဥပဒေပိုင်းတွေကို ဆောင်ရွက်တာနဲ့ ICT Standardization ဆိုတဲ့ စံပြုအသုံးအနှုန်းမှုတွေကိုပါဝင်ခဲ့ပါတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများအနက် ကျွန်တော်တင်ပြခဲ့တဲ့အပိုဒ်(၁)ပါ ICT Infrastructure ကွန်ရက်တည်ဆောက်ခြင်းအပိုင်းကို ပြန်လည်ပြီးတော့ လေ့လာသုံးသပ်တဲ့အခါမှာ ဘဏ္ဍာငွေရရှိတဲ့ အချိန်ဖြင့် ကျေနပ်ဖွယ်ရာကောင်းတဲ့အထိ  အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ သုံးသပ်ရရှိပါတယ်။ တစ်နိုင်ငံလုံးနီးပါး Fiber Optic Cable များခင်းခြင်း၊ Microwave ဆက်ကြောင်းများတည်ဆောက် ခြင်း၊ Fiber Optic Cable နှင့် Microwave လက်လှမ်းမမီတဲ့နေရာတွေမှာ ဂြိုလ်တုဆက်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းစသည့် Infrastructure တွေကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ICT Industry နှင့် ICT လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း သင့်တင့်စွာဆောင်ရွက်နိုင်ကြောင်း သုံးသပ်ရရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ  Myanmar Info-Tech လို၊ ပြင်ဦးလွင်မှာ ရတနာပုံ Teleport လိုစတဲ့ ICT Industry လုပ်ငန်း‌တွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာတွေဖြစ်ပေါ်လာခဲ့ ပါတယ်။ အဲဒီကတဆင့် ICT Human  Resources Development  ဆိုတဲ့  ICT လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်  ပြည်တွင်းမှာ၊ ပြည်သူတွေအတွင်းမှာ ICT  Awareness ပိုမိုရှိလာပြီးတော့ ဒီကဏ္ဍအပေါ်မှာ အထူးသဖြင့် လူငယ်၊ လူလတ်များဟာ ပိုမို စိတ်ဝင်စားမှုများပြားလာခဲ့ကြောင်း  လေ့လာသုံးသပ်ရရှိပါတယ်။  ဒီဟာကို မှန်ကန်တယ်ဆိုတာလည်း ယနေ့ထုတ် ဂျာနယ်အားလုံးလိုလိုမှာ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ စာမျက်နှာဟာ မဖြစ်မနေထည့်သွင်း ရေးသားလာကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

E-Government, E-Commerce, E-Education ကဏ္ဍအပိုင်းမှာတော့ ရိုးရှင်းစွာတင်ပြ ရမယ်ဆိုရင် ထိရောက်အောင်မြင်မှု ကန့်သတ်ချက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ နိုင်ငံတော် အနေဖြင့် Master Plan ပါအတိုင်း အခြေခံကွန်ရက်‌တွေတည်ဆောက်ပေးတယ်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ICT  Awareness ရှိအောင်ဆောင်ရွက်ပေးမှု၊ လက်တွေ့အသုံးချမှုအတွက် ဝန်ကြီး ဌာနတွေမှာ EDMS လို့ခေါ်တဲ့ (Electronic Document Management System)   နှင်‌့   GPMS လို့ခေါ်တဲ့ (Government Personal Management System) စတဲ့ စနစ်တွေအတွက် Server တွေ Online တွေ၊  ချိတ်ဆက်မှုတွေဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီစနစ်အပေါ်အသုံးချမှုပိုင်းမှာ အားနည်းတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲလို့ သုံးသပ်လေ့လာကြည်‌့တဲ့ အခါကျတော့ ကျွန်တော်တို့တွေ့ရှိရတာတွေကတော့ နံပါတ်(၁)အနေနဲ့ ဌာနဆိုင်ရာရော အားလုံး အတွင်းမှာပါ သတင်းဆက်သွယ်မှုနည်းပညာဆိုင်ရာ Awareness ၊ ICT Awareness လိုအပ်နေ    သေးတာ။ နောက်အားလုံးအတွင်းမှာ ICT လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် ကန့်သတ်ချက် ရှိနေသေးတာ၊ နောက်အရေးကြီးတဲ့တစ်ချက်ကတော့ ဌာနဆိုင်ရာမှာရော၊ ပုဂ္ဂလိကမှာပါ ဘဏ္ဍာငွေ သုံးစွဲနိုင်မှုခေါင်းစဉ် သီးခြားလိုအပ်နေသေးတာ၊ နောက် Electronic Business လို့ဆိုတဲ့ Online Business တွေ ဖြစ်ပေါ်ထွန်းကားမှုအားနည်းသေးတာနဲ့၊ နောက်တစ်ချက်ကတော့ သမရိုးကျနည်းပညာ ကိုသုံးနေတဲ့အခြေအနေကနေပြီးတော့  နည်းပညာအသစ်ဖြစ်တဲ့ E-Government ဆိုတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးမှုမှာ လက်ခံနိုင်မှုအားနည်းသေးတာနဲ့ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကပိုင်းမှာ       Online အသုံးပြုရမယ့်အခြေခံပစ္စည်းများ ကျောထောက်နောက်ခံတောင့်တင်းမှု ကန့်သတ်ချက် ရှိနေတာကြောင့်ဖြစ်တယ်လို့သုံးသပ်ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ဒီစနစ်ကိုထပ်မံပြီးတော့ ပီပီ ပြင်ပြင်အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ သိပ္ပံနှင်‌့နည်းပညာဝန်ကြီးဌာနနဲ့ တခြားဝန်ကြီးဌာနများအားလုံး ပူးပေါင်းပြီးတော့ ပုဂ္ဂလိကပိုင်းမှာပါဝင်စေပြီးတော့ E-Government လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်ရေးဆွေးနွေးပွဲကိုထပ်မံပြီးတော့ ဆွေးနွေးကျင်းပပြုလုပ်ပြီးသုံးသပ်ခဲ့ကြပါတယ်။

ဒီလိုသုံးသပ်ခဲ့တဲ့အခါမှာ ဒီစနစ်အောင်မြင်ဖို့ဆိုရင် ပထမဦးဆုံးလုပ်ရမယ့်အချက်က မူဝါဒ ဆိုင်ရာ ပေါင်းစပ်ကြီးကြပ်ပေးနိုင်မည်‌့ ဦးဆောင်ကော်မတီ Steering Committee တစ်ရပ်ထားရှိဖို့၊ နောက် E-Government လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့်မှ ဦးဆောင်တဲ့  E-Government  စီမံကိန်း Project များကိုထပ်မံပြီးတော့ဆောင်ရွက်ဖို့၊ E- Government လုပ်ငန်းတွေအောင်မြင်ဖို့အတွက် ဝန်ကြီးဌာနတွေမှာ CIO (Chief Information Officer) တွေ ခန့်အပ်ပေးထားပါတယ်။ သူတို့အနေနဲ့ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုစတဲ့ လုပ်ပိုင်ခွင့်တွေကိုသတ်မှတ်ပေးဖို့နဲ့ နှစ်စဉ်ဝန်ကြီးဌာနအသီးသီးကိုလည်း နိုင်ငံတော်ကနေပြီးတော့    ဘဏ္ဍာငွေအသုံးစရိတ်မှာ IT ကိစ္စများနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ဖို့ အတွက် ဘတ်ဂျက်အသုံးစရိတ်ကို သင့်တင့်တဲ့အချိုးလျာထားသတ်မှတ်ပေးဖို့နဲ့ နောက်အဖွဲ့အစည်း အသီးသီးရဲ့ E-Government လုပ်ငန်းစဉ်တွေ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ Legal Framework ဆိုတဲ့ဟာကို နိုင်ငံတော်အဆင့်ဦးဆောင်အဖွဲ့အစည်းတစ်ရပ် ရပ်မှအတည်ပြုပြီးတော့ သတ်မှတ်သုံးစွဲရေးဆွဲသွားဖို့ဆိုတဲ့ အချက်တွေရယ်၊ နောက်အဖွဲ့အစည်း အသီးသီးရဲ့ E- Government ဆောင်ရွက်မှုအခြေအနေကို အမြဲမပြတ်သုံးသပ်နိုင်တဲ့ E- Government Monitoring Mechanism တစ်ခုကို အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာ  Ministry တွေမှာထားရှိပြီးတော့   Monitor လုပ်သွားဖို့ဆိုတဲ့ဟာတွေကို ဆွေးနွေးသုံးသပ်ရရှိခဲ့ပါတယ်။ ဘာ့ကြောင့်ဒီလို Monitor လုပ်ရသလဲလို့ဆိုရင် E-Government ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံလာရတာက အချို့သောဌာန ဆိုင်ရာဝန်ထမ်းများနဲ့ ပုဂ္ဂလိကဝန်ထမ်းများ အချို့ဟာ E-Government နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက် လိုတဲ့ စိတ်ထားနည်းတဲ့သူများကိုလည်း တွေ့ရှိရပါတယ်။  ဘာ့ကြောင့်နည်းသလဲလို့ သုံးသပ်ကြည့် တဲ့အခါမှာ E-Government ဟာ ကိုယ်စားလှယ်တော်ကြီးဆွေးနွေးတဲ့ နည်းပညာအသစ်ဖြစ်တဲ့         ICT ကိုအသုံးပြုထားပါတယ်။ ခေတ်မီနည်းပညာဖြစ်ပါတယ်။ အဲဒီအခါမှာ နည်းပညာအဟောင်း၊ ခေတ်နောက်ကျနေတဲ့ နည်းပညာကိုပဲ တတ်မြောက်ကျွမ်းကျင်ကြသူများအဖို့ E-Government နည်းပညာအသစ်ကြောင့် သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းလျော့သွားမှာ၊ ပျောက်သွားမှာစိုးရိမ် ပြီးတော့ E-Government ဆောင်ရွက်လိုစိတ်အားနည်းမှုဟာလည်း ကျော်လွှားရမယ့် ကန့်သတ်ချက် တစ်ခုလို့သုံးသပ်ရရှိခဲ့ပါတယ်။ တကယ်တော့ E-Government စနစ်ဆိုတာ နိုင်ငံတော်အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ စနစ်မဟုတ်ပါဘူးလို့တင်ပြလိုပါတယ်။ Government ဆိုတာကိုက အစိုးရနဲ့ ပြည်သူဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် E-Government လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူများကလည်း အ‌ရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်သူများထဲက ပုဂ္ဂလိကကဏ္ဍရဲ့ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ လူအင်အား၊ နည်းပညာ ဖောက်သည်များအပေါ်ဝန်ဆောင်မှု၊ ဖောက်သည်များရဲ့လိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းပေးမှုမှာ ပိုမိုလျင်မြန်သွက်လက်စွာဆောင်ရွက်နိုင်တာကို ပုဂ္ဂလိကပိုင်းမှာ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ပြည်သူများ အပိုင်း၊ ပုဂ္ဂလိကအပိုင်းက E-Government  အကောင်အထည်ဖော်တဲ့အခါမှာ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင် ပိုမိုပြီးတော့ လျင်မြန်စွာအောင်မြင်နိုင်မှာဖြစ်ကြောင်းတင်ပြလိုပါတယ်။

ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ E-Government စနစ်ဟာ စဉ်ဆက်မပြတ်ရှင်သန်       ဖွံ့ဖြိုးတိုးတက်အောင် အမြဲဆောင်ရွက်ရတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကိုယ်စားလှယ် တော်ကြီး ဦးမျိုးဆွေမေးထားတဲ့အဖြေကိုဆက်ပြီးတော့ လက်ရှိဆောင်ရွက်မှုကို တင်ပြသွားပါမယ်။ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ ICT Master Plan ခုနက ကျွန်တော် တင်ပြခဲ့တဲ့ ၂၀၀၅-၂၀၁၀ ကို ရေးဆွဲပြီးတဲ့အခါမှာ ယခု ICT Master Plan ၂၀၁၁-၂၀၁၅ ကို ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများနဲ့ ပုဂ္ဂလိကကဏ္ဍမှပညာရှင်များ၊ ကိုရီးယားနိုင်ငံမှပညာရှင်များနဲ့ပူးပေါင်းပြီးတော့ ၁၈-၇-၂၀၁၁ ရက်      နေ့မှာ ထပ်မံရေးဆွဲလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ဒီ Master Plan မှာ ကျွန်တော်တို့ဆောင်ရွက်ဖို့ သတ်မှတ်ခဲ့တာကတော့ရှိပြီးသား Infrastructure ကိုအရည်အသွေးမြှင့်တင်ဖို့၊ ICT Industry ကို ယခုထက်ပိုမိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့ ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ်    တွေကို ICT နည်းပညာပိုမိုပြီးတော့ ကျွန်တော်တို့တတ်မြောက်အောင်ဆောင်ရွက်ဖို့နဲ့ အထူးသဖြင့်                    E-Education လို့ခေါ်တဲ့ အခြေခံပညာအဆင့်မှစ၍ လူငယ်များဟာ ICT  နဲ့ထိတွေ့သင်ကြားနိုင်ရေး တို့ကို ကျွန်တော်တို့ အထူးအလေးပေးပြီးတော့ရေးဆွဲခဲ့ပါတယ်။ ထို့အတူပဲ ဥပဒေပိုင်းနဲ့ပတ်သက် ပြီးတော့ ခေတ်မမီတော့တဲ့ ဥပဒေများကိုပြင်ဆင်နိုင်ဖို့အတွက် မူကြမ်းများရေးဆွဲပြီးတော့ ရှေ့နေချုပ်ရုံး ကိုတင်ပြခဲ့တာမှာ လျင်မြန်စွာတိုးတက်ပြောင်းလဲလာတဲ့ နည်းပညာအခြေအနေအရ ထပ်မံဖြည့်စွက်ရန် လိုအပ်ချက်တွေကို ဌာနအနေဖြင့် ထပ်မံဖြည့်စွက်နိုင်ဖို့ဆိုတဲ့မှတ်ချက်နဲ့ ကျွန်တော်တို့ဆီကို ပြန်လည် ရောက်ရှိလာတဲ့အတွက် ခေတ်နဲ့လျော်ညီတဲ့ဥပဒေဖြစ်ဖို့အတွက် မှတ်ချက်ပါအတိုင်း ထပ်မံပြင်ဆင် ရေးဆွဲလျက်ရှိကြောင်းတင်ပြအပ်ပါတယ်။ Telecom Infrastructure ခိုင်မာတောင့်တင်းဖို့အတွက် Teledensity တိုးတက်စေဖို့ကိုလည်း မိုဘိုင်းဖုန်းတို့ချဲ့တပ်ဆင်ရေးစီမံကိန်းများ ချမှတ်ဆောင်ရွက် နေတာကိုသိရှိကြပြီးဖြစ်ပါတယ်။ ထို့အတူပဲ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်အရ Online            E-Banking စနစ်ကို Online ပေါ်ကနေပြီးတော့ ဘဏ်လုပ်ငန်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လျက်ရှိရာမှာ လောလောဆယ် မြန်မာ့စီးပွားရေးဘဏ်၊ Asia Green Development  ဘဏ်၊ အဲဒီ ဘဏ်တွေနဲ့ပူးပေါင်းပြီးတော့ Online Telephone Payment စနစ်ကို ဆောင်ရွက်နေပါတယ်။ ဘဏ်နှစ်ခုပေါင်းမယ်ဆိုရင် User ၄၀၀၀ ကျော်ခန့်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကဘဏ် စုစုပေါင်း ကိုးခုနဲ့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားဖို့ ဆွေးနွေးလျက်ရှိပါတယ်။

ထို့အတူပဲ လျှပ်စစ်မီတာခများကိုလည်းပဲ သွားရောက်တန်းစီပြီးတော့ ပေးဆောင်နေရတဲ့အခြေ အနေကနေပြီးတော့ On Line နဲ့ပေးဆောင်နိုင်ဖို့အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ Online Payment စနစ်အပြင် Prepaid Online Payment စနစ်တွေကိုဆောင်ရွက်နေပါတယ်။ ထို့အတူပဲ တယ်လီဖုန်းမှာလည်းပဲ လိုင်းဖုန်းတွေ၊ တခြားကျွန်တော်တို့တန်းစီပြီးတော့ အခွန်ဆောင် နေရတဲ့ တယ်လီဖုန်းတွေအတွက်  Prepaid Top Up Card နဲ့ Online Payment စနစ်တွေကို ဒီဇင်ဘာလလောက်မှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဆောင်ရွက်မယ့်        အစီအမံတွေနဲ့ ITU ဆိုတဲ့ နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့အစည်းရဲ့ နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုဖြင့် Wireless Broadband Master Plan တစ်ရပ်ရေးဆွဲနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံကို Pilot Country   အဖြစ် သတ်မှတ်ထားတဲ့အတွက် ကျွန်တော်တို့ ရှေ့လထဲမှာ Master Plan ကိုရေးဆွဲသွားမှာဖြစ်ပါတယ်။ အခြားအစီအမံအနေနဲ့ ASEAN  ICT Master Plan ၂၀၁၅ ကို        ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှာ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့  ICT ASEAN Telecom ဝန်ကြီးများအစည်းအဝေးမှာ ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။  ဒီဆွေးနွေးဆုံးဖြတ်ချက်ထဲမှာ ပါဝင်တာကတော့ ကျွန်တော်တို့ ASEAN နိုင်ငံများအားလုံးဟာ ICT ဖြင့်စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခြင်း (Economic Transformation)၊ ICT လုပ်ငန်းများမှာ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် ဖန်တီးပေးခြင်း၊ ICT ဖြင့်ဆန်းသစ်တီထွင်မှုများကိုဆောင်ရွက်ခြင်း၊ ICT အ‌ြခေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနဲ့ ICT လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ICT နည်းပညာကွာဟမှုလျော့နည်းစေဖို့အတွက် ဆောင်ရွက် ခြင်းစတဲ့ ဒီအချက်‌ြခောက်ချက်ကို အာဆီယံနိုင်ငံဝန်ကြီးများအဆင့်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ ကြပြီးတော့ ဒီအချက်‌ြခောက်ချက်ဟာ  ၂၀၁၅ ခုနှစ်အထိ လုပ်ကိုင်ဆောင်ရွက်ရမယ့် အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့ ICT Master Plan ပဲဖြစ်ပါတယ်ခင်ဗျား။ ဒီအချက်တွေကို ဆွေးနွေးအကောင်အထည် ဖော်သွားကြဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် အာဆီယံ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် အာဆီယံဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို နေပြည်တော်မှာကျင်းပပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အဲဒီအချက်တွေကို အကောင်အထည်ဖော်ရေးအတွက် ထပ်မံဆွေးနွေးသွားမှာ ဖြစ်ပြီးတော့ ဒီဆွေးနွေးပွဲမှာအထူးပြုပြီး ကျွန်တော်တို့နိုင်ငံမှာ ဆွေးနွေးသွားမှာကတော့ ASEAN ICT Master Plan 2015 မှာပါတဲ့ စီမံကိန်းတွေကို လက်တွေ့အကောင်အထည်ဖော်သွားကြဖို့ ASEAN အဖွဲ့ဝင်နိုင်ငံတစ်ခုစီမှာဖြစ်ပေါ်နေတဲ့ နည်းပညာကွာဟမှု၊ ဆင်းရဲချမ်းသာကွာဟမှုကို ICT နည်းပညာ အထောက်အကူအဖြစ် ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ နည်းလမ်းများကိုရှာဖွေသွားဖို့နဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း ASEAN ECONOMIC COMMUNITY (AEC) ၂၀၁၅ ခုနှစ်မှာ အပြည့် အဝအကောင်အထည်ဖော်ရာမှာ ကျွန်တော်တို့ ICT နည်းပညာဖြင့် ဘယ်လိုအထောက်အကူပေး နိုင်မလဲဆိုတဲ့နည်းလမ်းများကို စုပေါင်းရှာဖွေဆွေးနွေးဆုံးဖြတ်သွားကြဖို့ဖြစ်ပါတယ်။ ထို့အတူပဲ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံး ကလည်းပဲ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ ပညာရှင်များပါတဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကောင်စီရဲ့အစည်းအဝေးကိုလည်း ကျင်းပ ခဲ့ပါတယ်။ အဲဒီလိုကျင်းပခဲ့သလို ကွန်ပျူတာအသင်းချုပ်များရဲ့ နှစ်ပတ်လည်ညီလာခံကိုလည်း ထပ်မံပြီးတော့ ကျင်းပခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီအစည်းအဝေးမှာ မျိုးဆက်သစ်များရဲ့ IT နည်းပညာ ဖွံ့ဖြိုးမှုပိုမိုတိုးတက်စေရန်အတွက် ကွန်ပျူတာနည်းပညာကိုအ‌ြခေခံပညာမှစ၍ သင်ကြားနိုင်ရေး အတွက်ကို ပညာရေးဝန်ကြီးဌာနကနေပြီးတော့ အဆိုတင်သွင်းစတင်ဆွေးနွေးပြီးတော့ ကျွန်တော်တို့ ကောင်စီဝင်များနဲ့ ပုဂ္ဂလိကပိုင်းမှဆွေးနွေး၍ ဒီဟာကို ဆောင်ရွက်သင့်ကြောင်းကို ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးရေးကောင်စီအနေနဲ့ ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။

ထို့အတူပဲ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းပဲ ဝန်ကြီးဌာနများရဲ့ ငွေလုံးငွေရင်းမှာ သင်‌့လျော်တဲ့ ဘဏ္ဍာငွေကြေးသတ်မှတ်ပေးဖို့အတွက်လည်းပဲ ဒီမှာ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါတယ်။ ဒီအချက်တွေကိုပဲ ကျွန်တော်တို့ ကွန်ပျူတာအသင်းချုပ်များရဲ့ နှစ်ပတ်လည်ညီလာခံကို တက်ရောက်တဲ့အခါကျတော့ အသင်းချုပ်လေးသင်းဟာလည်းပဲ ဒီအချက်တွေကိုပဲ ဦးစားပေး ဆွေးနွေးကြတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီအချက်နှစ်ချက်စလုံးဟာ မြန်မာနိုင်ငံ ICT နည်းပညာဖွံ့ဖြိုးရေး၊ ICT နည်းပညာအသုံးပြုမှု၊ New Economy လို့ခေါ်တဲ့ Digital Economy ဖြင့်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အကူပြုဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဒီ New Economy လို့ခေါ်တဲ့ Digital Economy ဟာ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုလို့ခေါ်တဲ့ လူသားရဲ့အသိပညာကို တိုးတက်အောင်ဆောင်ရွက်ပြီး၊ လူသားရဲ့စိတ်ကူးစိတ်သန်းများ ဖန်တီးဆန်းသစ်မှုများကို စီးပွားရေး  အနေအထားဖြင့် ကူးပြောင်းဆောင်ရွက်တဲ့ စီပွားရေးစနစ်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဟာ ကမ္ဘာမှာ ရှေ့တန်းရောက်ရှိနေတာကိုလည်း ကိုယ်စားလှယ်တော်ကြီးများအားလုံးအသိပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Isral, Singapore ,Taiwan, Korea စသည်ဖြင့် သဘာဝသယံ ဇာတနည်းပါးသော်လည်းပဲ အခုနကပြောတဲ့ New Economy မှာအားသန်တဲ့အတွက် ကမ္ဘာမှာ စီးပွားရေးမှာ ရှေ့တန်းရောက်ရှိနေတယ်လို့သုံးသပ်ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး များနဲ့ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒ ဟာလည်းပဲ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့မျိုးဆက်သစ်များကို အဲဒီနိုင်ငံများလို အဲဒီနိုင်ငံများမှာရှိတဲ့ လူသားအရင်းအမြစ်များလိုပဲ ကျွန်တော်တို့မျိုးဆက်သစ်များကို  ကျွန်တော်တို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုကြတာအမှန်ပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ပြောရရင် ပြည်သူတွေကိုကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများနဲ့ ကျွန်တော်တို့ရဲ့ဆန္ဒဟာ ပြည်သူတွေရဲ့ဆန္ဒလို့ပဲ ကျွန်တော်တင်ပြလိုပါတယ်။ ဒါ့ကြောင့် ကျွန်တော် တင်ပြလိုတာကတော့ တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ အပါအဝင် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ကျွန်တော်တို့ရဲ့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံမှ မျိုးဆက်သစ်လူငယ်များ ICT နည်းပညာကဏ္ဍမှာပိုမိုဖွံ့ဖြိုးတိုးတက်ပြီးတော့ အခြားကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေဖို့နဲ့ ပြည်သူတွေရဲ့ရင်ပေါင်တန်းနိုင်စေဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒ၊ ပြည်သူတွေ ရဲ့ဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် ကျွန်တော်တင်ပြခဲ့တဲ့ အ‌ြခေခံပညာမှစ၍ ကွန်ပျူတာ နည်းပညာကိုသင်ကြားနိုင်ရေး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများရဲ့ ဘတ်ဂျက်မှာ ICT တိုးတက်ဖို့ အတွက် ပိုမိုပြီးတော့ အသုံးပြုနိုင်ရေးအတွက် သင့်လျော်တဲ့ဘဏ္ဍာငွေကြေး ရာခိုင်နှုန်းသတ်မှတ် ပေးရေးတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများမှ အဆိုတင်သွင်းခြင်း၊ ဆွေးနွေး ဆုံးဖြတ်ခြင်းစသည်တို့ကို ဆောင်ရွက်သင်‌့ပါကြောင်း ဖြေကြားပါသည်။