(စ)-စာစစ်ဌာနများဖွင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၂) ရက်မြောက်နေ့ (၂၇-၁၀-၂၀၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်၊ ဆွမ္မရာအထကခွဲနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်ခွဲ အထကတို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင်‌့လှစ်ပေးနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ အခက်အခဲ၊ မိဘများရဲ့ကြိုးစားမှုကို သက်ညှာထောက်ထားပြီး သက်ဆိုင်ရာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့ အနေဖြင့် စာစစ်ဌာနဖွင်‌့လှစ်ပေးနိုင်ရေးတို့အတွက် မေတ္တာရပ်ခံတင်ပြလိုပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ၁၉၈၀ ကျော်ကနေ ၂၀၁၀ အထိ ပညာရေး ဝန်ကြီးဌာနမှာ လုပ်သက် ၃၀ နီးပါးတာဝန် ထမ်းဆောင်ခဲ့ခြင်းရဲ့ အတွေ့အကြုံနှင့်အတူ ၂၀၀၀ ခုနှစ် မတိုင်ခင်က လေရှီးမြို့နယ်ဟာ ဟုမ္မလင်းမြို့နယ်သို့ လည်းကောင်း၊ လဟယ်မြို့နယ်ဟာ ခန္တီးမြို့နယ် သို့လည်းကောင်း၊ နန်းယွန်းမြို့နယ်ဟာ မြစ်ကြီးနားသို့ လည်းကောင်း သွားရောက်ဖြေဆိုရပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၀ ခုနှစ်ကနေစပြီးတော့မှ လေရှီးမြို့နယ်စာစစ်ဌာန၊ လဟယ်မြို့နယ်စာစစ်ဌာန၊ နန်းယွန်းမြို့နယ်များမှာ အသီးသီး ဖွင့်လှစ် ပေးခဲ့ပြီးတော့မှ ကျောင်းသား၊ ကျောင်းသူများဟာ ၎င်းစာစစ်ဌာနမှာပဲ၊ မိမိနေရာမှာပဲ ဖြေဆိုခွင့် ရရှိပါတယ်။ အဲဒီ ၂၀၀၀ ခုနှစ်မှာ အထကခွဲ ဖွင့်လှစ်ခဲ့တဲ့ ဆွမ္မရာအထကခွဲနဲ့ ၂၀၀၀ ခုနှစ်မှာ အထကမြို့နယ်ခွဲ ဖွင့်လှစ်ပေးခဲ့တဲ့ ပန်ဆောင်တို့မှ ကျောင်းသား၊ ကျောင်းသူများအနက် ဆွမ္မရာ    အထကခွဲမှ ကျောင်းသား၊ ကျောင်းသူများဟာ လေရှီးမြို့နယ်နဲ့ ၄၂ မိုင်ဝေးတဲ့  စာစစ်ဌာနမှာ ခြေလျင်ခရီးနဲ့ မိမိရဲ့အဝတ်အစား၊ ရိက္ခာတို့ကို သယ်ဆောင်ပြီးတော့မှ သွားရောက်ဖြေဆိုခဲ့တာ ယခု ပညာသင်နှစ်နဲ့ဆိုရင် ၁၁ နှစ်ကျော်သွားပြီးဖြစ်ပါတယ်။ ထို့အတူပဲ ပန်ဆောင်မြို့နယ်ခွဲမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများဟာလည်းပဲ ၃၆ မိုင်ကွာဝေးတဲ့ နန်းယွန်း မြို့နယ်မှာ ခြေလျင်ခရီးနဲ့ မိမိအဝတ်အစားပစ္စည်းတို့ကို သယ်ဆောင်ပြီးတော့မှ ၁၁ နှစ် ဖြေဆိုခဲ့ပြီးဖြစ်ပါတယ်။ ထိုသို့ မဖြစ်ပေါ် နိုင်ရေးအတွက် ကျောင်းသားမိဘများအနေနဲ့လည်းပဲ မိခင်ပညာရေးဝန်ကြီးဌာန ကနေ သတ်မှတ် ထားသော ကျောင်းသားဦးရေပြည့်မီရေး၊ စာဖြေခန်းလုံလောက်ရေး၊ သက်ဆိုင်ရာမေးခွန်းတိုက်တို့ကို နိုင်ငံတော်အနေနဲ့ ကျောင်းဆောင်များ ဆောက်လုပ် ခြင်း၊ မိဘများရဲ့အစီအစဉ်နဲ့ မေးခွန်းတိုက်တွေ ဆောက်လုပ်ခြင်းတို့ကို ၂၀၁၀ ခုနှစ်အထိ ဆောက်လုပ် ထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ လေရှီးမြို့နယ်၊ ဆွမ္မရာ အထကခွဲ ကနေပြီးတော့မှ လေရှီးစာစစ်ဌာနကို သွားရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူဟာ ၁၄၁ ဦး Form တင်ထားပြီးသား ဖြစ်ပါတယ်။ ထို့အတူပဲ နန်းယွန်းစာစစ်ဌာနကို သွားရောက်ဖြေဆိုမယ့် အထကပန်ဆောင်မြို့နယ်အနေနဲ့လည်း ၁၂၂ ဦး လျှောက်လွှာ Form တင်ထားပြီးတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျွန်တော်တို့ ပညာရေးဝန်ကြီး ဌာနအနေနဲ့မိဘများရဲ့ အခက်အခဲ၊ သက်ဆိုင်ရာ ကျောင်းသားများရဲ့ အခက်အခဲ၊ မိဘများရဲ့ တစ်ဖက်က စာစစ်ဌာနရရှိရေးအတွက် ကြိုးပမ်းနေမှု တို့ကို ထောက်ထားပြီးတော့မှ ဒီနှစ်ပညာသင်နှစ် မှာ အလျင်မမီတော့သော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ စာစစ်ဌာနချပေးနိုင်ရေးအတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဇာတိမြေဖြစ်တဲ့ ဆွမ္မရာ၊ ပန်ဆောင်မှ သက်ဆိုင်ရာမိဘများရဲ့ သားသမီးများ အခက်အခဲကို သက်ညှာပြီးတော့ စာစစ်ဌာန ရရှိရေးကိုမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန အသစ် ဖွင့်လှစ်ရေးကိစ္စနဲ့ပတ်သက်ပြီး သတ်မှတ်ချက်များ ထားရှိပါတယ်။ ဖွင့်လှစ်မယ့် စာစစ်ဌာနမှာ ကျောင်းဝင်းလုံခြုံမှုအတွက် ခြံစည်းရိုးရှိရပါမယ်။ စာဖြေခန်းလုံခြုံမှုရှိရပါမယ်။ ဒါ့အပြင် မေးခွန်းနဲ့ ဖြေဆိုပြီး အဖြေလွှာများ လုံခြုံစွာသိမ်းဆည်းထားနိုင်တဲ့ ဘဏ်၊ ငွေတိုက်၊ တပ်ရင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စသည်‌ဖြင့် ရှိရမှာဖြစ်ပါတယ်။ စာစစ်ဌာနအသစ်ဖွင့်လှစ်မည့်ဒေသ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိပါ က သတ်မှတ်ချက်နဲ့ ကိုက်ညီသည့် မီးခံတိုက်ရှိရမှာဖြစ်ပါတယ်။ ထို့အပြင် အာဏာပိုင်အဖွဲ့အစည်း များက စာမေးပွဲချောမောအောင်မြင်စွာ ကျင်းပနိုင်ရန် စာမေးပွဲမေးခွန်းနှင့်အဖြေလွှာများရဲ့ လုံခြုံရေး ကို အပြည့်အဝတာဝန်ယူနိုင်ကြောင်း ခံဝန်ချက်ထားရှိရမှာဖြစ်ပါတယ်။ စာစစ်ဌာနအသစ် ဖွင့်လိုတဲ့ ကျောင်းက အထက်ဖော်ပြပါအချက်အလက်များကို ဓာတ်ပုံ၊ စာရွက်စာတမ်းအထောက်အထားများ ပြုစုပြီး မြို့နယ်ပညာရေးမှူးရုံး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှ တစ်ဆင့် သက်ဆိုင်ရာအခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်အဖွဲ့သို့ တင်ပြတောင်းခံရမှာ ဖြစ်ပါတယ်။ တင်ပြချက်များအပေါ်မှာ မှန်ကန်မှု ရှိ၊ မရှိကို အခြေခံပညာဦးစီးဌာနများက တာဝန်ရှိသူများက ကွင်းဆင်းစိစစ်ပြီးမှသာ စာစစ်ဌာနအသစ်ဖွင့်လှစ်ရေးအတွက် ဆောင်ရွက်ရပါတယ်။ စာစစ်ဌာနတစ်ခု မှာ ပြဿနာပေါ်ပေါက်လာလျှင် တစ်နိုင်ငံလုံးရှိစာစစ်ဌာနများအားလုံး ထိခိုက်နိုင်သဖြင့် စာစစ်ဌာန အသစ်ပေးရန်အတွက် အသေးစိတ် စိစစ်ဆောင်ရွက်ရပါတယ်။ သို့ပါ၍ လေရှီးမြို့နယ်၊ ဆွမ္မရာ အခြေခံပညာအထက်တန်းကျောင်းခွဲနဲ့ ပန်‌ဆောင်မြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်းတွင် ယခုနှစ်အတွက် စာစစ်ဌာန ဖွင့်လှစ်ရေးအတွက် အထက်တင်ပြပါအချက်များနဲ့ကိုက်ညီက ဖွင့်လှစ် ပေးနိုင်မည်ဖြစ်ပါကြောင်း တင်ပြဖြေကြားပါသည်။