ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့ရာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စ၊ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသားအသိပညာရှင်၊ အတတ်ပညာရှင် မြောက်မြားစွာတို့ သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသဖြင့် Brain Drain ဖြစ်ပြီးတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ တင်ပြရလျှင် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းကို ထူးချွန်စွာအောင်မြင်ပြီးတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ ပိုလီတက္ကနစ်ကျောင်းတွေမှာ သုံးနှစ်ခန့် နည်းပညာများ သင်ကြားအောင်မြင်ရုံဖြင့် စင်္ကာပူနိုင်ငံံမှ အလုပ်တွေပေး PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်တွေပေးပြီး အချို့ကို နိုင်ငံသားများအဖြစ် အသိအမှတ်ပြုပြီးတော့ စင်္ကာပူနိုင်ငံကို အလုပ်အကြွေးပြုပေးနေတဲ့ မြန်မာပြည်မှ အတတ်ပညာရှင်၊ အသိပညာရှင်သုံးသောင်းမှ လေးသောင်းခန့်အထိရှိကြောင်း လေ့လာသိရှိရ ပါတယ်။ ဒီ အသိပညာရှင်၊ အတတ်ပညာရှင် သုံး၊ လေးသောင်းခန့်မှာ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်းစာမေးပွဲကို အောင်မြင်ခဲ့တဲ့သူများဖြစ်တဲ့အတွက်ကျွန်တော်တို့ နိုင်ငံတော်မှကုန်ကျခဲ့တဲ့ ငွေကြေးများ၊ အချိန်များ အားလုံးကအလဟဿဖြစ်သလို ဖြစ်သွားပါတယ်။ ယခုအခါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြောင်းလဲချီတက် နေပြီဖြစ်ရာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအား ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းမပြုဘဲ မိမိနိုင်ငံနဲ့လူမျိုးအား အလုပ်အကြွေးပြုနိုင်ရန်အတွက် လိုအပ်သလို ဆောင်ရွက်ရန်လည်းကောင်း ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြသော ထူးချွန် ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအား မိမိတို့၏ အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူကာ တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံသားတိုင်း ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်ခွင့် ရရှိအောင်နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ကူးပြောင်းခဲ့ပြီဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား အတွက် မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပညာရှင်များ မထွက်ခွာအောင်၊ ထွက်ခွာသွားပြီးဖြစ်သော ပညာရှင်များအား အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိအောင် နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံက လူငယ်အချို့ဟာ နိုင်ငံခြားတိုင်းပြည်ကို သွားရောက်ပြီးတော့ ပညာသင်ကြားရာမှ မိမိနိုင်ငံသို့ ပြန်လည် လာရောက်ခြင်းမရှိတော့ဘဲ နိုင်ငံခြားတိုင်းပြည်မှာသာ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင် နေကြခြင်း၊ ပြည်တွင်းမှ အချို့ ပညာရှင်များကလည်း ပြည်ပနိုင်ငံများကို အကြောင်းအမျိုးမျိုးပြပြီး အပြီးအပိုင်ထွက်ခွာသွားခြင်းများရှိနေတာကို တွေ့ရှိရပါတယ်။ ဒါအပြင် အချို့ပညာရှင်များဟာ အပြီးအပိုင်ထွက်ခွာသွားခြင်း မဟုတ်ပေမယ်လို့ နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားရောက် လုပ်ကိုင် နေကြခြင်းလည်းရှိပါတယ်။ တင်ပြတဲ့အတိုင်း မိမိနိုင်ငံရဲ့ အကျိုးမပြုဘဲ အခြားပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေခြင်းဟာ အခြားသော အကြောင်းအခြင်းအရာများကို အကြောင်းပြနေ စရာမလိုဘဲ အဓိကအားဖြင့်ကတော့ နိုင်ငံသားတစ်ဦးချင်းရဲ့ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ပေါ်မှာသာ အခြေခံကြောင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုအခါမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကို ခံစားနိုင်အောင် ဥပဒေများပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ ဤဥပဒေတွေထဲမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၃၆၆(ဂ)မှာ သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနဲ့ အနုပညာ ခေတ်မီတိုးတက်ရန် တီထွင်ကြံဆဖော်ထုတ် ရေးသားမှု၊ ယဉ်ကျေးမှုကိစ္စရပ်တွေမှာ လွတ်လပ်စွာသုတေသန ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ထို့အတူပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၈ မှာ နိုင်ငံတော်က ပညာထူးချွန်တဲ့ နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမထားရှိဘဲ ၎င်းတို့၏အရည်အချင်းအလိုက် ချီးမြှင့်ထောက်ပံ့မယ်လို့ ပြဋ္ဌာန်းထားပြီးဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၀ မှာ နိုင်ငံသားများဟာ နိုင်ငံတော်အတွင်း အမျိုးသား စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြဋ္ဌာန်းထားပါတယ်။ ထို့အတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၁ မှာ နိုင်ငံတော်သည် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း၊ အစရှိသည်တို့ကိုရရှိစေရန် ကူညီမယ်လို့လဲ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၂ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင် လျှင် စီးပွားရေးကိစ္စရပ်များကို ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်၊ ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တွေကိုလည်း နိုင်ငံတော်က အာမခံမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံတော်က အထက်ပါအတိုင်း နိုင်ငံသားများရဲ့ အခွင့်အရေးတွေကို အပြည့်အဝပေးပြီး ဖြစ်တဲ့အတွက် ပညာရှင်များအနေနဲ့ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင် ကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ဆောင်ရွက်လျက်ရှိနေတာဖြစ်လို့ နိုင်ငံတော်အတွက် ဆောင်ရွက်ပေးမယ့်မည်သည့် မြန်မာနိုင်ငံသားပညာရှင်မျိုးကိုမဆို လက်ကမ်းကြိုဆိုလျက်ရှိကြောင်း တင်ပြလိုပါတယ်။ အချို့သော ပုဂ္ဂိုလ်များအနေနဲ့ ပြည်ပနိုင်ငံများကို သွားရောက်ကြရာမှာ တရားဝင်သွားရောက်ရာမှ စည်းကမ်း ဖောက်ဖျက်ပြီး ပြည်ပမှာဆက်လက် နေထိုင်ခြင်း၊ တရားမဝင်နည်းလမ်းနဲ့ ပြည်ပထွက်ခွာခြင်းစတဲ့ ဥပဒေနဲ့မညီတဲ့ နည်းလမ်းတွေကို အသုံးပြု လျက်ရှိကြောင်း တွေ့ရပါတယ်။ မည်သည့်တရားမဝင် သွားရောက်မှုမျိုးကိုမဆို တရားဥပဒေအရ အရေးယူအပြစ်ပေးနိုင်ကြောင်း တင်ပြလိုပါတယ်။ သက်ဆိုင်ရာဌာနများကလည်း အာဆီယံရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဥပဒေချိုးဖောက်ကျူးလွန်ပါက နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိနေသူများကို လည်း ဖမ်းဆီးနိုင်ရေးဆောင်ရွက်လို့ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မိမိနိုင်ငံမှ ပညာရှင်တွေကို ပြည်ပကိုမထွက်ခွာသွားစေရေးနဲ့ ပြည်ပကိုရောက်ရှိနေတဲ့ ပညာရှင်တွေကို မိမိနိုင်ငံကို ပြန်လည် ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့လည်း ပေါင်းစပ်ဆွေးနွေးပေးလျက်ရှိပါ တယ်။ ပြည်ပနိုင်ငံများကို အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆောင်ရွက်ပေးလျက်ရှိတဲ့နေရာမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုနဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီတွေ က တဆင့်စေလွှတ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေရှိပါတယ်။ ဒီ မြန်မာလုပ်သားတွေဟာ Semi - Skilled Labour လို့ခေါ်တဲ့ တစ်ဝက်တစ်ပျက်ကျွမ်းကျင်လုပ်သား၊ General Worker လို့ခေါ်တဲ့ အထွေထွေလုပ်သားတွေသာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ကနေပြီးတော့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံခြား၊ နိုင်ငံပေါင်း ၁၅ နိုင်ငံကို အလုပ်သမားပေါင်း ၅၈၆၈၀၆ ဦးကို စေလွှတ်ခဲ့ပါတယ်။ ဒီအထဲမှာ ပညာရှင်တွေမပါပါဘူး။ ထို့အတူ အိမ်ဖော်အလုပ်ကို လုပ်မယ့်သူတွေ လည်း စေလွှတ်ခြင်းမရှိပါဘူး။ ပညာရှင်များအတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းကို ပိုမိုဖန်တီးပေးနိုင်ရန်အတွက်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံလို သူများအား နည်းပညာမြင့်မားတဲ့ စက်ရုံ၊ အလုပ်ရုံဌာနတွေသုတေသနနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ပြည်တွင်းမှာထူထောင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား ပညာရှင်များကိုလည်း အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင် နိုင်အောင် ဆွဲဆောင် စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
