နိုင်ငံသားများ တစ်ဦးနှင့်တစ်ဦးဆက်ဆံကြရာတွင် ချေးငွေရလိုမှု၊ ကြွေးမြီပြန်ရလိုမှု၊ ပစ္စည်း ရလိုမှုနှင့် ကတိပဋိညာဉ် ဖောက်ဖျက်မှုများပေါ်ပေါက်၍ ညှိနှိုင်းပြေလည်မှုမရရှိကြပါက တရားလို ဖြစ်သူအနေဖြင့် တရားစွဲအဖွဲ့အစည်းသို့ ပြစ်မှုကြောင်းအရ တရားခံအပေါ် အရေးယူပေးရန် တိုင်တန်းလာလျှင် တရားစွဲအဖွဲ့အစည်းမှ တာဝန်ရှိသူက တရားစွဲပေးခြင်း၊ တရားမစွဲမီ ဥပဒေ အကြံပြုချက် တောင်းခံလာပါကလည်း ဥပဒေအကြံပေးသည့် ဥပဒေအရာရှိအနေဖြင့် ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုရန်ဥပဒေအကြံပေးခြင်းများကြောင့် တရားရုံးများတွင်တရားမကြောင်းဖြင့် တရားစွဲဆိုရမည့် အမှုများကို ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုမှုများရှိနေသဖြင့် တရားမမှုစွဲဆိုရမည့်ကိစ္စဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါလျက် ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် တိုင်ကြားသူ ရှိလာပါက သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်မှ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
တရားရုံးသို့ တရားစွဲတင်ပို့သော ပြစ်မှုဆိုင်ရာမူလအမှုများတွင် တရားစွဲ အဖွဲ့အစည်းမှ တရားစွဲဆိုတင်ပို့သောအမှုနှင့် ဦးတိုက်လျှောက်ထားစွဲဆိုသောအမှုဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ တရားစွဲအဖွဲ့အစည်းက တရားစွဲတင်ပို့သောအမှုတွင်လည်း အမှုစစ်ဆေးသည့်အခါ စွဲချက် တင်စစ်ဆေးနိုင်လောက်သည့် မြင်သာသောအချက်အလက် Primerfact ပေါ်ပေါက်ခြင်းမရှိလျှင် ဖြစ်စေ၊ တရားမကြောင်းအရ စွဲဆိုရမည့်အမှုဖြစ်ပါလျက် ပြစ်မှုကြောင်းအရ စွဲဆိုခြင်းဖြစ်ကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ စွပ်စွဲခံရသူအားမလိုအပ်ဘဲ ဖြေရှင်းနေစေရခြင်းမျိုးမဖြစ်စေရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃/၁ သို့မဟုတ် ၂၅၃/၂ အရ စွဲချက်မတင်ခင်လွှတ်သည့်အမိန့်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဦးတိုက်လျှောက်ထားစွဲဆိုထားသောအမှုတိုင်း ပင်တိုင်လျှောက်သူ၏ တိုင်လျှောက်ချက်ကို အခြေခံကာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ တိုင်လျှောက်သူ တရားလိုကိုစစ်ဆေးပြီး၊ တိုင်လျှောက်သူတရားလိုရဲ့လျှောက်ထားချက်၊ စစ်ဆေးချက်တို့ကို အခြေခံကာ စဉ်းစားဆင်ခြင်ပြီး ပြစ်မှုကြောင်းဖြင့်အရေးယူသင့်၊ မသင့်ကိုဆုံးဖြတ်ရပါတယ်။ တိုင်လျှောက်သူများ အနေဖြင့် ပကတိဖြစ်ရပ်မှန်ကိုထိမ်ချန်ပြီး တိုင်လျှောက်မှုများလည်းရှိနိုင်သဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ တိုင်လျှောက်သူအား စစ်ဆေးသည့်အပြင် သက်ဆိုင်ရာရဲစခန်းသို့ တိုင်လျှောက် ချက်မှာ မှန်၊ မမှန် သိသာရန်အလို့ငှာ စုံစမ်းစစ်ဆေးထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းပြုရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ရပါတယ်။ စုံစမ်းစစ်ဆေးချက်များ တင်ပြလာသည့်အခါ တိုင်လျှောက်သူတရားလိုအား တရားရုံးမှစစ်ဆေးသည့် စစ်ဆေးချက်နှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးအစီရင်ခံချက်တို့ကို ပေါင်းစပ်စဉ်းစားဆင်ခြင်ပြီး ပြစ်မှုကြောင်းဖြင့် ဆက်လက်စစ်ဆေးရန် လုံလောက်သည့်အခြေအမြစ် မရှိကြောင်းတွေ့ရလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၃ အရ ပလပ်သည့်အမိန့်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။
ဦးတိုက်လျှောက်ထားစွဲဆိုသောအမှုများတွင် ပကတိဖြစ်ရပ်မှန်ကိုထိမ်ချန်ပြီး ပြစ်မှုတစ်ရပ်ရပ် ဖြင့် အရေးယူ၍ ရနိုင်သမျှကိုသာ ကွက်ပြီးတိုင်တန်းခြင်းများ၊ ထွက်ဆိုခြင်းများလည်းရှိနိုင်ပါတယ်။ အမှု အား စစ်ဆေးသည့်အခါတွင်မှ ထိမ်ချန်ထားသည့် အရေးကြီးသောအချက်များပေါ်ပေါက်လာသဖြင့် စွပ်စွဲခံရသူကအမှုအားချေဖျက်ပေးရန် လျှောက်ထားလာသည့်အခါ ဦးတိုက်လျှောက်ထားမှုသည် ပြစ်မှုမမြောက်နိုင်ကြောင်း၊ ပြစ်မှုကြောင်းအရ အရေးယူနိုင်လောက်သည့် အခြေအနေမရှိကြောင်း တွေ့ရှိရလျှင် တရားစီရင်ရေးယန္တရားကို အလွဲသုံးစားပြုရာရောက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လည်းကောင်း၊ တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းခြင်းမှ ကာကွယ်ရန်အလို့ငှာလည်းကောင်း ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁(က)ပါ မူလဘူတအာဏာကို ကျင့်သုံး၍အမှုအားချေဖျက်သည့် အမိန့် ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁(က) ပါ မူလဘူတ အာဏာကို ယခင် တရားရုံးချုပ်ကသာကျင့်သုံးသော်လည်း ယခုအခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များက ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ပြစ်မှုကြောင်းအရတရားစွဲဆို သည့် အမှုများတွင်တရားရုံးသို့အမှုမတင်မီ အမှုတည်ဆောက်သောအပိုင်းသည် တရားစွဲအဖွဲ့အစည်း များနှင့်သာ သက်ဆိုင်ပါတယ်။ အမှုကိုတရားရုံးသို့တင်သည့်အခါတွင်မှ အမှုကိစ္စမှာတရားရုံးနှင့်သာ သက်ဆိုင်ပါတယ်။ ပြစ်မှုကြောင်းအရ တရားစွဲ သင့်၊ မသင့် ကိစ္စနှင့်စပ်လျဉ်း၍ အမှုတည်ဆောက်ရာ တွင် လည်းကောင်း၊ တရားစွဲဆိုစစ်ဆေးသည့်အခါတွင်လည်းကောင်း စစ်ဆေးခွင့်ရရှိကြပါတယ်။
တရားမကြောင်းအရ စွဲဆိုရမည့်ကိစ္စဖြစ်ပါလျက် ပြစ်မှုကြောင်းအရ စွဲဆိုနေခြင်းမျိုးမဖြစ် ပေါ်စေရေးနှင့် ထိုသို့စွဲဆိုခြင်းဖြင့် စွပ်စွဲခံရသူများအဖို့ မလိုလားအပ်ဘဲ ဖြေရှင်းစေရမည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် တရားရုံးများအပိုင်းမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
