(စ)-နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အိမ်ရာများ အရစ်ကျရောင်းချပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၂) ရက်မြောက်နေ့ (၅-၁၀-၂၀၁၁)

နိုင်ငံတော်တွင် စက်မှုဇုန်များ၊ မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များ စက်မှုဆိပ်ကမ်းများနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိ ပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမှုအရ မြို့ပြများတွင်အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အားသာချက်များကြောင့် မြို့ပြများကို အခြေချနေထိုင်ပြောင်း‌ရွှေ့မှုများဟာ တစ်နေ့တခြားတိုးတက် လာပြီးတော့မှ အိမ်ရာမဲ့များလည်းတိုးပွားလာပါတယ်။ ပြည်သူတို့ရဲ့ စားဝတ်နေရေးဖူလုံမှုအတွက် ခေတ်အဆက်ဆက် အစိုးရလက်ထက်များအနေနဲ့ နည်းလမ်းအဖုံဖုံဆောင်ရွက်ခဲ့သည်များကိုလည်း သာဓကများစွာရှိခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်းများကိုမြေကွက်များ ဖော်ထုတ်ပေးခဲ့ခြင်းကြောင့် ဝန်ထမ်းများပင်စင်ယူချိန်တွင် အထောက်အပံ့ဖြစ်စေပါတယ်။ အစိုးရသစ် တာဝန်ယူသောကာလများမှာ အိမ်ရာဖော်ဆောင်မှုများမတွေ့ရှိရသေးပါဘူး။ ယခုအခါမှာ လိုအပ်ချက် အရအိမ်ရာမဲ့များလျော့ကျနိုင်ရန် တန်ဖိုးနည်းအိမ်ရာများဖော်ထုတ်ရန် လိုအပ်လျက်ရှိနေပါတယ်။ တန်ဖိုးနည်းအိမ်ရာဆိုသည်မှာ ပြည်သူလူထုမှကုန်ကျစရိတ်သက်သာစွာဖြင့် အရစ်ကျဝယ်ယူ  နိုင်သော အဆင့်မီအိမ်ရာကို ဆိုလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အနည်းငယ်ဖြည့်စွက် ရှင်းလင်း တင်ပြခွင်‌့ပြုပါခင်ဗျား။ တပ်မတော်အစိုးရလက်ထက် ၁၉၉၁ ခုနှစ် နောက်ပိုင်းကာလမှာ           ဆောက်လုပ်ရေးကုမ္ပဏီအများအပြား ပေါ်လာပြီးတော့ တိုက်ခန်းအိမ်ရာများ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ တိုးချဲ့မြို့သစ်များလည်း ပေါ်ထွက်လာတဲ့အတွက် မြို့ပြကို မှီခိုပြီးနေထိုင်စားသောက်နေကြရတဲ့ အခြေခံလူတန်းစားများအတွက် အဆင်ပြေမှုများအသီးသီး ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်မှုနဲ့ ပြည်သူလူထုတည်ငြိမ်မှုဟာ ဆက်စပ် နေပါတယ်။ ပြည်သူလူထု တည်ငြိမ်ခြင်းဟာ နိုင်ငံတည်ငြိမ်ခြင်းကို ပိုမိုအားကောင်းစေတဲ့အတွက် တပ်မတော်အစိုးရလက်ထက်မတိုင်မီကာလများမှာ ပြည်သူလူထုရဲ့ စားဝတ်နေမှုကြပ်တည်းမှုများ ဖြစ်ပေါ်နေခြင်းနှင့်နိုင်ငံရေးမတည်ငြိမ်မှုများပေါင်းစပ်ပြီးတော့ ပြည်သူလူထုအုံကြွမှုများ ဖြစ်ပေါ်လာတဲ့ သာဓကများလည်းရှိပါတယ်။ တပ်မတော်အစိုးရတက်ပြီးနောက်ပိုင်းမှာ ၁၉၉၄ ခုနှစ်၊ ၁၉၉၅ခုနှစ်၊ ၁၉၉၆ ခုနှစ် ကာလများမှာ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်သောကာလနှစ်များဖြစ်သလို တပ်မတော်အစိုးရလက်ထက်မှာ အိမ်ရာကွက်အသစ်များကို ဖော်ဆောင်လာတဲ့အတွက် လူထု တည်ငြိမ်မှုတွေ အမြောက်အမြားဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုများရှိခဲ့ သော်ငြားလည်း လူထုမတည်ငြိမ်မှုလျော့ကျသွားတဲ့အတွက် လူထုတည်ငြိမ်မှုတွေ အားကောင်းလာတဲ့ အတွက် တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံတော်ကို ကြပ်မတ်ထိန်းသိမ်းနိုင်ခဲ့တာကို တွေ့ရပါ တယ်။ ဒီ့နောက်ပိုင်းကာလမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ တွင်ကျယ်တဲ့ ကာလမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို မှီခိုနေရတဲ့ ပြည်သူလူထုအများစုဟာ နယ်တွေကနေ၊ တောတွေ ကနေတက်လာပြီး မြို့ပေါ်မှာမှီခိုကြရပါတယ်။ အဲဒီကာလတွေမှာ ကျွန်တော်တို့နိုင်ငံမှာ လုပ်ငန်း တွေမှာ ရွှေဖြစ်တဲ့ကာလလို့ ပြောလို့ရတဲ့ ကာလတွေဖြစ်ခဲ့ပါတယ်။ လီမိတက်ကား၊ တက္ကစီတွေ ဝင်ရောက် လာတဲ့ ကာလများဖြစ်တဲ့ အတွက် ဆလွန်းကားတန်ဖိုးဟာ ၁၀ ဖိုး ၃ စီး၊ ၄ စီး။ ၁၀ ဖိုးဆိုတာ ၁၀ သိန်း ဖြစ်ပါ တယ်။ အဲဒီအချိန်မှာ တန်ဖိုးအနိမ့်ဆုံးတိုက်ခန်းတွေဟာ ခြောက်ထပ် အပေါ်ဆုံးထပ် ဟာ ၁၀ သိန်း ဝန်းကျင်ပဲ၊ ၁၅ သိန်းဝန်းကျင်ရှိခဲ့ပါတယ်။ မြို့တော်စည်ပင် သာယာရေး က တိုက်ခန်း တစ်ခန်းကို ၁၀ သိန်းနဲ့ ရောင်းချတာကိုလည်း အဲဒီအချိန်ကတွေ့ခဲ့ရပါတယ်။  နောက် ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ အာရှမှာ Economic Crisis ဖြစ်တဲ့အချိန်မှာ မြန်မာပြည်ကို မဝင်ဘူး။ မဝင်နိုင်ဘူး ဆိုပြီးတော့ ပညာရှင်တွေ သုံးသပ်ထားသော်လည်းပဲ ၁၉၉၈ ခုနှစ် လောက်မှာ Economic Crisis ဟာ မြန်မာပြည်ကိုဝင်ရောက်ခဲ့ပါတယ်။ အဲဒီကာလတွေမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အချို့ဟာ လုပ်ငန်းတွေကျဆင်းသွားတာ အချို့လည်းအဆုံးအရှုံးတွေ အများကြီးပေါ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ၁၉၉၈ ခုနှစ်၊ ၁၉၉၉ ခုနှစ်ဟာ အထိနာဆုံးအချိန်လို့ပြောလို့ရသလို တိုက်ခန်းတန်ဖိုး တွေကို ကုမ္ပဏီတွေကနေ လျှော့ရောင်းတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ထိုကာလ ကတော့ အိမ်ရာမဲ့များအနေနဲ့ တိုက်ခန်းပိုင်ဆိုင်မှုအများဆုံးကာလ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနစ်နာမှုများ မြေကွက်ပိုင်ရှင်များ ဒုက္ခရောက်မှုများရှိခဲ့ပါ တယ်။ အဖြစ်အပျက်များစွာ ဖြတ်သန်းခဲ့တဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၁-၂၀၀၂ ခုနှစ်၊ ကာလများ မှာတော့ ဈေးနှုန်းတွေတည်ငြိမ်မှုပေါ်လာပြီးတော့ ကွန်ဒိုမီနီယမ်များ ပေါ်ပေါက်လာသလို အလယ် အလတ် လူတန်းစားများရဲ့ သီးသန့်နေလိုမှု အခြေအနေတွေကို ကောင်းစွာဖန်တီးနိုင်ခဲ့ပြီးတော့မှ ဈေးနှုန်းတည်ငြိမ်မှုနဲ့ ကွန်ဒိုမီနီယမ်တိုက်ခန်းတွေနဲ့နေထိုင်သူ လူတန်းစားတွေ အဆင့်ဆင့်ပေါ်ပေါက် လာပြီးတော့မှ မိမိအဆင့်အတန်းအလိုက်နေထိုင်လိုတဲ့ လူလတ်တန်းစားများရဲ့ အဆင်ပြေမှုတွေ ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ ကွန်ဒိုတစ်ခုဖြစ်ဖို့ကတော့ မြေနေရာ၊ နိုင်ငံတော် သို့မဟုတ် ပုဂ္ဂလိက နောက် တည်ထောင်သူတွေ၊ တည်ဆောက်သူတွေ နေထိုင်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူ စသည်ဖြင့် ဖြစ်ပေါ်လာ၍ Condominium Law ဆိုတာနဲ့ ထိန်းညှိရမှာဖြစ်သလို ဒီတန်ဖိုးနည်း အိမ်ရာများ ကိုလည်း housing plan များချမှတ်ပြီးပြဋ္ဌာန်းပေးဖို့ လိုလိမ့်မယ်လို့လည်းထင်ပါတယ်။ တန်ဖိုးနည်း အိမ်ရာများဟာ ဒီ ၂၀၀၁-၂၀၀၂ ခုနှစ် နောက်ပိုင်းမှ ဈေးနှုန်းတည်ငြိမ်မှုရလာသလို တဖြည်းဖြည်း မြင့်တက်လာမှုက သာမန်ဝန်ထမ်းမက ဦးစီးအရာရှိအဆင့်အထိ မဝယ်နိုင်သေးတဲ့ ဈေးနှုန်းများ ဖြစ်ပေါ်လာတာကိုလည်း တွေ့ရပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အခုလို ဝန်ထမ်းအိမ်ရာတွေ မရှိသေးတဲ့ကာလမှာ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့ဆိုတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲလို့ မေးမြန်းစူးစမ်းလေ့လာတဲ့ အခါမှာဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက နိုင်ငံတော်ကသာ မြေကြီးပေးရင်၊ မြေကွက်တွေ ပေးမယ်ဆိုရင် သို့မဟုတ် ဈေးနှုန်းချိုချိုနဲ့ပေးမယ်ဆိုရင် ဈေးနှုန်းချိုချိုနဲ့ သူတို့ကလည်းတိုက်တွေကို ဆောက်ပေးနိုင်ပါတယ်။ ပြည်သူလူထုတွေကို တန်ဖိုးနည်းအိမ်ရာ‌တွေအထိ ပေးနိုင်ပါတယ်ဆိုတဲ့ စကားတွေထွက်လာပါတယ်။ သူတို့ဘက်ကလည်း တန်ဖိုးနည်းအိမ်ရာ‌တွေကိုအများကြီးဆောက်ပေး ချင်တဲ့ ဆန္ဒတွေရှိတယ်လို့လည်း သိရပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီး ဖန်တီးတည်ဆောက်ပေးခဲ့တဲ့ ယုဇနဥယျာဉ်မြို့တော်အိမ်ရာဆိုတာတန်ဖိုးနည်း အိမ်ရာ‌ထဲမှာပါတယ်လို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်။ အခုပြီးခဲ့တဲ့ လွှတ်တော်နှစ်ရပ်ကာလ ကြားထဲမှာတောင်မှ အပေါ်ဆုံးထပ်ရဲ့တန်ဖိုးဟာ ၃၅ သိန်း၊ သိန်း ၄၀ ဝန်းကျင်အထိရှိခဲ့ပြီး အောက်ဆုံးထပ်၊ မြေညီထပ်ဟာ သိန်း ၇၀ နဲ့ သိန်း ၁၀၀ ကြားထဲမှာပဲရှိခဲ့ပါတယ်။ အဲဒီ အခြေ အနေမျိုးဆိုရင် ဒီတန်ဖိုးနည်းအိမ်ရာ လိုချင်တဲ့သူများက ဝယ်နိုင်တဲ့အခြေအနေရှိပါတယ်။ သို့သော် များများစားစားမဖော်ဆောင်နိုင်သေးတာကို တွေ့ရပါတယ်။ အဲဒီတော့ဝန်ထမ်းများအတွက် အရစ်ကျ ပေးသွင်းနိုင်တဲ့ Reasonable Price ဟာလည်း အလွန်အရေးကြီးပါတယ်။ ဆင်းရဲသားတွေဆိုတာ  တောတွေ၊ ကျေးလက်တွေမှာမှရှိတာမဟုတ်ဘဲ မြို့ပြကိုအလုပ်အကိုင်တွေအခြေခံပြီးရောက်နေကြတဲ့ အခြေခံအလုပ်သမားလူတန်းစားများနှစ်စဉ်တိုးတက်များပြားလာတာကိုလည်းတွေ့ရပါတယ်။ ထိုကဲ့သို့ အိမ်ရာများ၊ တိုက်ခန်းများကို နိုင်ငံတော်၊ နိုင်ငံတော်နဲ့ပုဂ္ဂလိက နိုင်ငံတော်ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကတို့မှ ဆောင်ရွက်နိုင်ပါလျှင် တိုက်ခန်းများပိုင်ဆိုင်မှု၊ အိမ်ရာမဲ့များ လျော့ကျလာနိုင်ခြင်း၊ တိုက်ခန်းငှားရမ်းခ ဈေးနှုန်းများလည်း ကျဆင်းလာခြင်း၊ မြို့ပြကိုမှီခိုနေရတဲ့၊ ရပ်တည်နေရတဲ့ နိုင်ငံံံံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်း၊ ပုဂ္ဂလိကအလုပ်သမားမြောက်မြားစွာတို့ရဲ့ စားဝတ်နေရေးချောင်လည်မှုကို ပိုမိုမြင့်တက် လာစေမယ်ဖြစ်ပါတယ်။ ကြပ်တည်းမှုများ လျော့ပါးလာစေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေတချို့က ကျွန်တော်တို့ကို ပြောပါတယ်။ ယူနီဆက်က ဝန်ထမ်းတွေက ပင်စင်နီးလာပြီကို ကြောက်လာပြီလို့ နောက်ဆုံးစကားကတော့ ပင်စင်ယူရမှာကိုကြောက်တယ်။ အဖြေကတော့ အိမ်မရှိသေးလို့ဆိုတဲ့ စကားပြောပါတယ်။ အဲဒီတော့ တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် အဆင်သင့်ရှိနေကြတဲ့ ပြည်သူများ၊ နိုင်ငံံ့ဝန်ထမ်းများ၊ ကျွန်တော်အပါအဝင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသူများအတွက် အောက်ပါ မေးခွန်းကိုမေးလိုပါတယ်။ နိုင်ငံံ့ဝန်ထမ်းများအတွက်သော်လည်းကောင်း၊ အိမ်ရာလိုအပ်လျက်ရှိသော ပြည်သူများအတွက်သော်လည်းကောင်း တန်ဖိုးနည်းဝန်ထမ်းအိမ်ရာများ၊ တန်ဖိုးနည်းပြည်သူ့ အိမ်ရာများ အရစ်ကျစနစ်ဖြင့်ရောင်းချပေးနိုင်ရန်၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဖော်ဆောင်သောနည်း၊ ပိုမိုကောင်းမွန်သောနည်းလမ်းများ၊ ဥပမာ-အစိုးရမှမြေကွက်ပေး၍ ပုဂ္ဂလိကမှ ဆောက်လုပ်ရေး ပိုင်းကို တာဝန်ယူဖော်ဆောင်သော နည်းလမ်းများကဲ့သို့ နည်းလမ်းအသီးသီးဖြင့် ဖော်ဆောင်ပေးနိုင်မှု ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၁၉၆၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအိမ်ရာ တို့မှာ တန်ဖိုးနည်း ၅၀ ရာခိုင်နှုန်း ငွေပေးချေပြီး တက်ရောက်နေထိုင်ခွင့်ပေးပြီး ၁၅ နှစ်ကာလအကြာ အရစ်ကျဖြင့် ရောင်းချသွားတဲ့စနစ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ငွေပေးချေတဲ့နေရာမှာလည်း ဘဏ်အတိုးနှုန်းအတိုင်းဆောင်ရွက်ပြီး ငွေကျေသည့်အခါကျမှ ဦးပိုင် ဂရန်ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ယုဇနဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းကို နိုင်ငံတော်နဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အခါမှာ ၄ ထပ်အခန်းတွဲတိုက်များ၊ လုံးချင်းတိုက်များ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ထိုအချိန်က အနည်းဆုံးတန်ဖိုးဟာ ၄ သိန်းခန့်နဲ့ စတင်ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အနည်းဆုံး ၂၃ သိန်း ဖြစ်ပေါ်လာပြီးတော့ အများဆုံးဟာ ၄၇ သိန်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကျတဲ့အခါမှာ ခန့်မှန်းဈေးနှုန်းအရဆိုရင် ၄၄ သိန်း၊ အများဆုံး    ၇၈ သိန်းအထိ ရောင်းချ ခဲ့တဲ့အဆင့် ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ မြေနေရာသတ်မှတ်ပေးပြီး ကုမ္ပဏီများ အဆောက်အဦဆောက်လုပ်ရေး၊ မြေနေရာအကွက်အကွင်းအလိုက် အချိုးကျသတ်မှတ်ခွဲဝေလျက် ဌာနမှရရှိထားသောအခန်းများကိုလည်း ရာထူးအဆင့်အလိုက်ဝန်ထမ်းများကို ဆောင်ရွက်ပေးသလို လူမှုရေးအခက်အခဲအရ ဖြစ်ပေါ်နေတဲ့လူများကိုလည်း လျှောက်ထားလာသည့်လျှောက်လွှာ ပေါ်မှာ ဘုတ်အဖွဲ့နဲ့စိစစ်ပြီး ရောင်းချပေးတာမျိုးလည်းရှိခဲ့ပါတယ်။ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်ဖြင့်လည်း အဆောက်အဦများ ဆောက်လုပ်ပြီးတော့ လျှောက်ထားလာသည့် လျှောက်လွှာများကို ဘုတ်အဖွဲ့ဖြင့်စိစစ်ပြီးတော့လည်း ရောင်းချပေးခြင်း များလည်း ဆောင်ရွက်လျက်ရှိပါတယ်။

          နိုင်ငံ့ဝန်ထမ်းများအတွက်သော်လည်းကောင်း၊ အိမ်ရာ လိုအပ်လျက်ရှိသော ပြည်သူများအတွက်သော်လည်းကောင်း၊ တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးနည်း ပြည်သူ့အိမ်ရာရောင်းချပေးနိုင်ရေး၊ အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သောနည်းလမ်း၊ ပိုမို ကောင်းမွန်သောနည်းလမ်းအသီးသီးဖော်ဆောင်နိုင်ရန် ၁၉၆၇ ခုနှစ်တွင် ပြည်တွင်းထုတ်ချေးငွေဖြင့် ၁၅ ရစ်၊ အရစ်တစ်ရစ်လျှင်တစ်ကြိမ်၊ ၁၉၉၇ ခုနှစ်မှာ မြေနေရာပေးခြင်းနဲ့ ယုဇနကုမ္ပဏီကနေ အဆောက်အဦဆောက်လုပ်ခြင်း ရောင်းချမှုတစ်ကြိမ်၊ ယခင်က စုစုပေါင်း နှစ် ကြိမ် ဆောင်ရွက်ခဲ့ သော်လည်း တန်ဖိုးနည်းဝန်ထမ်းအိမ်ရာနှင့် တန်ဖိုးနည်းပြည်သူ့အိမ်ရာ အရစ်ကျဆောက်လုပ်နိုင်ရန် အတွက် လောလောဆယ်အစီအစဉ်မရှိသေးကြောင်း ဖြေကြားပါသည်။