ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကျွန်တော်တို့ အတွေ့အကြုံအရ ကင်ဆာရောဂါသည်တွေဟာ ဓာတ်ကင်ဖို့အတွက် အချိန်တော်တော်ကြာကြာစောင့် နေရတဲ့အနေအထားမျိုးတွေ့ရှိရပါတယ်။ အဲဒီရောဂါဟာ အားလုံးသိတဲ့အတိုင်းပဲ အချိန်ကြာလာတာနဲ့ အမျှ မြန်မြန်မကုဘဲနဲ့ အချိန်ကြာကြာစောင့်ရလို့ရှိရင် ရောဂါပိုရင့်ပြီးတော့မှ အသက်ဆုံးပါးမယ့်အခြေ အနေကိုအမြန်ရောက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လောလောဆယ် မှာ ဓာတ်ရောင်ခြည်ပြစက် သုံးလုံးရှိတဲ့အနက် တစ်လုံးဟာချို့ယွင်းသွားတဲ့အတွက် ကျွန်တော်တို့ ဒေသန္တရအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ဆေးရုံကဆရာဝန်ကြီးများပူးပေါင်းပြီးတော့မှ အလှူ ရှင်တွေလှူဒါန်းတဲ့ငွေနဲ့ အသစ်တစ်လုံးဝယ်ဖို့ ဆောင်ရွက်ထားတာရှိတယ်လို့ သိရှိရပါတယ်။ အဲဒီတစ်လုံးဟာလည်း ရောက်ရှိခြင်းမရှိသေးပါဘူး။ ကျန်တဲ့နှစ်လုံးကလည်း သက်တမ်းကြာမြင့်ပြီးတော့မှ ခေတ်မမီတဲ့အတွက်ရောဂါသည်တွေဟာ ဓာတ်ရောင်ခြည်ပြတဲ့အခါမှာအချိန်ကြာမြင့်စွာဆောင်ရွက် ရပါတယ်။ အဲဒီစက်နှစ်လုံးဟာလည်း ခေတ်မမီတဲ့အတွက် ရောဂါဆဲလ်ရှိတဲ့ နေရာတစ်ခုတည်းကိုသာ တိုက်ရိုက်ထိတွေ့တဲ့ စက်မျိုးမဟုတ်ဘဲနဲ့ရောဂါဖြစ်တဲ့ဆဲလ် ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းမွန်တဲ့ ဆဲလ်တွေကိုပါ ဆက်လက် ထိခိုက်စေနိုင်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခေတ်မီတဲ့ဓာတ်ရောင်ခြည်ပြစက်များ ဝယ်ယူဖြည့်တင်းပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးအောင်သိန်းလင်း(တောင်ဥက္ကလာပ မဲဆန္ဒနယ်) မေးခွန်းအား မေးခွန်း(စ)နှင့် တစ်ပါတည်းပူးတွဲဖြေကြားခဲ့ပါသည်။
