(စ)-ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါကု ဓာတ်ကင်စက်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ (၂၉-၈-၂၀၁၁)

ရန်ကုန်မြို့တော် ရှိ အထွေထွေရောဂါကုဆေးရုံကြီးများမှာ ဆေးဝါးအသုံးအဆောင်ပစ္စည်းများ၊ အောက်ဆီဂျင်အစရှိ သည့် အရေးပေါ်လိုအပ်ချက်များ များစွာချို့တဲ့၍ လူနာရှင်များမှာ မိမိတို့အစီအစဉ်ဖြင့် ပြင်ပတွင် ရှာဖွေဝယ်ယူရခြင်းနှင့် တခြားသောအခက်အခဲများ ကြုံတွေ့နေကြရသည်မှာ နှစ်ကာလရှည်ကြာ နေပြီဖြစ်ပါတယ်။ ဆင်ခြေဖုံးရပ်ကွက်များရှိ လူနာများမှာ အထူးသဖြင့် ချို့တဲ့ဆင်းရဲသူများပြားသဖြင့် ယနေ့ကျင့်သုံးလျက်ရှိသော စရိတ်မျှပေးကျန်းမာရေးအစီအစဉ်သည် လုံလောက်မှုမရှိသည်ကိုတွေ့ ရှိရပါတယ်။ ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ ဆေးရုံကြီးများမှ ရန်ကုန်မြို့တွင်းဆေးရုံကြီးများသို့ အရေးပေါ်လူနာများ လွှဲပြောင်းပို့ဆောင်ရန် လိုအပ်သည့်အခါမျိုးတွင် အရေးပေါ်လူနာတင်ယာဉ်များ စီစဉ်ပေးနိုင်မှုမရှိ၍ လူနာရှင်များမှာ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် ဖြစ်သလိုသွားလာနေရ၍ အချိန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ရပြီးဒုက္ခများစွာနဲ့ ကြုံတွေ့ကြရပါတယ်။ အထူးသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာရှိတဲ့ ကင်ဆာရောဂါကုဓာတ်ကင်စက်ကြီးမှာ ဟောင်းနွမ်းချို့ယွင်းပြီး ကင်ဆာဝေဒနာရှင် များမှာ ရှမ်းပြည်နယ်တောင်ကြီးဆေးရုံ သို့မဟုတ် နိုင်ငံခြားသို့ သွားရောက်ဓာတ်ကင်နေကြရပါတယ်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ အခြေအနေများကိုကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မည်သို့မည်ပုံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

မြောက်ဥက္ကလာပမဲဆန္ဒနယ်၊ ဒေါက်တာသန်းဝင်းရဲ့ မေးခွန်းကတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ အခြေအနေတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ ကင်ဆာရောဂါကုတဲ့ စက်အပါအဝင်ပေါ့။ အဲဒီမေးခွန်းကတော့ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း မေးတဲ့မေးခွန်းနဲ့လည်း OVERLAP ထပ်‌နေတဲ့ နေရာတွေရှိလို့ပေါင်းပြီး ကျွန်တော်တချို့ဟာလေး တွေတော့ ဖြေပါမယ်။ တချို့တော့ အသေးစိတ်ပြန်ရှင်းပါမယ်။ အဲ့ဒီတော့ ကိုယ်စားလှယ်တော်ကြီးများ သိတဲ့အတိုင်း ကျွန်တော်တို့က ချို့တဲ့သောလူနာများကို စောင့်ရှောက်တဲ့အခါမှာ နိုင်ငံတော်ကနေ ပြီးတော့ ရန်ပုံငွေအရ ချမှတ်ပေးထားတဲ့ငွေနဲ့ ဗဟိုဆေးသိုလှောင်ရုံကနေတစ်ဆင့် ဆေးရုံကြီးများမှာ ဖြန့်ဖြူးပေးထားတဲ့ အဓိကဆေးဝါးများကိုလည်း ကျခံပါတယ်။ အဲဒါအပြင် ဆေးရုံဆေးပဒေသာပင် တွေရှိပါတယ်။ အဲဒီကနေမှ ရရှိတဲ့ငွေတွေနဲ့လည်း အခမဲ့ကုသရေးအတွက် ကျခံပါတယ်။ ဆေးရုံကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့လည်း ကျခံထားတာရှိသလို ပြည်သူတစ်ဦးချင်း အပါအဝင် အဖွဲ့အစည်းများက လှူဒါန်းထားတဲ့ အလှူငွေနဲ့လည်း ချို့တဲ့လူနာများကို ကူညီစောင့်ရှောက် ပေးလျက်ရှိပါတယ်။ နိုင်ငံတော်မှ ချမှတ်ပေးတဲ့ ဘဏ္ဍာငွေတစ်ခုတည်းနဲ့ ချို့တဲ့လူနာများကို ကုသပေး နေတယ်ဆိုတာ မဟုတ်ဘဲနဲ့ ဒီလိုအခြား အစီအစဉ်များလည်းရှိကြောင်းကို ကျွန်တော် တစ်ခါတည်း ဖြေကြားလိုပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ ချို့တဲ့လူနာရှင်များအတွက် ဆေးဖိုးအဖြစ် ဆေးပဒေသာပင်မှ အတိုးရငွေ လစဉ် ကျပ် သုံးသိန်း၊ ဌာနဆိုင်ရာ အခြေခံငွေစာရင်းမှရငွေ သုံးသိန်း၊ စုစုပေါင်း ‌ြခောက်သိန်းကို ရန်ပုံငွေအဖြစ် ခွဲဝေပေးထားပါတယ်။ တကယ်ချို့တဲ့သူတွေအတွက် ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ Ultrasound နဲ့  CT Scan  ရိုက်ခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိဆရာဝန်ကြီးများရဲ့ထောက်ခံချက်နဲ့ အခမဲ့ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ရုံးချိန်ပြင်ပမှာ တာဝန်ကျ လက်ထောက်ဆရာဝန်လက်မှတ်နဲ့ ဆောင်ရွက်ခွင့်ပြုထားပါတယ်။ ရုံးချိန်အတွင်းမှာတော့ လက်ထောက်ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်နဲ့ ဆေးရုံအုပ်ကြီးတို့က ဒီကိစ္စကိုကြီးကြပ်ဆောင်ရွက် ပေးပါတယ်။ အရေးပေါ်ခွဲစိပ်ခန်းမှာကတော့ ခွဲစိပ်ကုသမှုကိုအရေးပေါ် လိုအပ်တဲ့လူနာများအတွက် သီခြားအလှူရှင်များမှ လှူဒါန်းတဲ့အလှူငွေကို လက်ထောက်ဆေးရုံအုပ်ထံမှာထားရှိပြီး လိုအပ်တဲ့ မေ့ဆေး၊ ချုပ်ကြိုးမှအစ ပြည့်စုံစေရန် အချိန်နှင့်တစ်ပြေးညီ ပေးနိုင်ရန်အတွက် ငွေသားကျပ် သုံးသိန်းမှ ငါးသိန်းအထိကို အဆင်သင့်ပေးအပ်ထားတာ ရှိပါတယ်။ အရေးပေါ်ဌာနရှိ ဆေးဆိုင်မှ လည်း အချိန်မရွေးဝယ်ယူပေးခြင်း၊ ကြိုတင်၍အသုံးပြုပြီးမှ ဆေးဖိုးစာရင်းရှင်းပေးခြင်းတို့နဲ့လည်း ဆောင်ရွက်ပေးနေပါတယ်။ အောက်ဆီဂျင်ကိစ္စနဲ့ပတ်သက်လို့တော့ အရေးပေါ်ဌာနမှာ ပိုက်လိုင်း စနစ်နဲ့ အောက်ဆီဂျင်ကိုသုံးနိုင်ရန် စီစဉ်ထားပါတယ်။ စုစုပေါင်း ၁၅ နေရာမှာ အောက်ဆီဂျင် အသင့်ရရှိနိုင်အောင် ရန်ကုန်ဆေးရုံကြီးမှာ ဆောင်ရွက်ထားတာ ရှိပါတယ်။ အတွင်းလူနာဆောင် များမှာရှိတဲ့ ဆေးရုံတက်ရောက်နေတဲ့ ချို့တဲ့လူနာများအတွက် သက်ဆိုင်ရာဌာနတာဝန်ခံကနေ စီစဉ် ဆောင်ရွက်ပေးရန် ဆေးပဒေသာပင်အတိုးငွေကို လူနာဆောင်တစ်ခုလျှင် တစ်နှစ်အတွက်ငွေကျပ် ကိုးသောင်းခွဲဝေပေးပြီး သီးခြားလိုအပ်ချက်ရှိပါက ဆေးသိုလှောင်ရေးဌာနသို့ တောင်းခံလွှာပေးပို့၍ ဒုတိယဆေးရုံအုပ်မှတစ်ဆင့် ထပ်မံဝယ်ယူပေးတယ်။ စရိတ်မျှပေးဆေးဖိုးငွေကို ဆေးရုံအုပ်ကြီး၏ ခွင်‌့ပြုချက်ဖြင့် အသုံးပြုပါတယ်။ လူနာဆောင်တာဝန်ခံ ဆရာဝန်ကြီး၏ အစီအစဉ်ဖြင့် ဆေးဝယ်ယူရန် အလှူငွေသီးခြား စုဆောင်းထားခြင်းများလည်းရှိပါတယ်။  ဒီဗဟိုဆေးသိုလှောင်ရေးဌာနက ထုတ်ယူ ရရှိတဲ့ဆေးများကို ချို့တဲ့နွမ်းပါးလူနာအတွက် အသုံးပြုရန် လူနာဆောင်များကို ထုတ်ပေးတယ်။ ဌာနဆိုင်ရာရန်ပုံငွေစာရင်းနဲ့ ဆေးဝါးဝယ်ယူဖြည့်ဆည်းပေးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီဆင်‌ြခေဖုံးဒေသနေရာတွေကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာများကို လွှဲပြောင်းတဲ့အခါမှာ လူနာတင်ယာဉ်အခက်အခဲရှိတယ်။ လုံလောက်မှုမရှိဘူးဆိုတာ မှန်ပါတယ်။ ဒါကြောင်‌့မို့လို့ လူနာတင်ယာဉ်များ ထပ်မံဖြည့်ဆည်းရန်အတွက် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ နောင်မှာလူနာလွှဲပြောင်းပေးပို့ရာမှာ ကြန့်ကြာခက်ခဲမှုများ တတ်နိုင်သလောက် လျော့နည်းသွားမှာ ဖြစ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။

ဒီကင်ဆာရောဂါအတွက်ကိုပေးတဲ့ Radio Therapy Machine နဲ့ပတ်သက်လို့ ကျွန်တော် ဖြေကြားရမယ်ဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရင်က Radio Therapy Machine စက်သုံးလုံးရှိ ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က တစ်လုံးဟာ လုံးဝပျက်စီးသွားပြီးတော့ ဘယ်လိုမှ ပြန်ပြင်လို့ မရဘူး။ ယခုအခါ စံနှုန်းမီတဲ့စက်တစ်လုံးနဲ့ အင်အားကျနေတဲ့စက်တစ်လုံး၊ စက်နှစ်လုံးဖြင့်သာ ကုသပေးနိုင်တဲ့ အတွက် လူနာများစောင့်ဆိုင်းချိန်ဟာ သုံး၊ လေးလအထိကြာတာရှိတယ်။ အဲဒီအခါကျလို့ရှိရင် အဲဒီလောက်ကြာမှကုသမယ်ဆိုရင်လည်း ထိရောက်မှုအားနည်းသွားမယ်။ ကင်ဆာအဆင့်မြင်‌့သွားတဲ့ အတွက်ကြောင့်မို့လို့ ထိခိုက်သွားတာတွေရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှ စပြီးတော့ ပြည်သူလူထု ထည့်ဝင် အလှူငွေကိုလက်ခံပြီးတော့ ကျပ်သိန်းပေါင်း ၁၁၅၀၀ တန်ဖိုးရှိတဲ့ Theratron Phoenix External Therapy System ကို ကနေဒါနိုင်ငံကမှာယူ တင်သွင်းခဲ့တဲ့အခါမှာ ၂၆-၇-၂၀၁၁ ခုနှစ်၊  ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနရှိ အသင့်ပြင်ဆင်ထားတဲ့ စံနှုန်းကိုက် အဆောက်အဦမှာ ရောက်ရှိပြီးဖြစ်ရာ ခုချိန်မှာတော့ သက်ဆိုင်ရာ နိုင်ငံခြားသား အင်ဂျင်နီယာကနေပြီးတော့ စတင်တပ်ဆင် နေပါတယ်။ စက်တင်ဘာလအတွင်းမှာ ပထမပတ်မှာ       ဒီကနေဒါက အင်ဂျင်နီယာ တစ်ဦးထပ်မံရောက်ရှိ လာပြီးတော့ I.A.E.A မှ တာဝန်ရှိပညာရှင်များ နှင့်အတူ စစ်ဆေးမှာဖြစ်ပါတယ်။ ဒီဟာသည် ရေဒီယိုဓာတ်ကြွပစ္စည်းကို သုံးရတဲ့အတွက် နိုင်ငံတကာ အနုမြူစွမ်းအားကော်မရှင်ကနေ တာဝန်ရှိတဲ့လူတွေ လာရောက်စစ်ဆေးပြီးမှ သုံးလို့ရတဲ့ပစ္စည်း ဖြစ်ပါတယ်။ ရောင်းတဲ့နိုင်ငံက အင်ဂျင်နီယာတွေ ကိုယ်တိုင်လာပြီးတော့ဆင်တယ်၊ စစ်ဆေးတယ်၊ ပြီးရင် IAEA ကလည်း လာစစ်ဆေးပြီးတော့ ရောင်ခြည် ထွက်နှုန်းတွေကို စံကိုက်ပြုလုပ်ပြီးမှသာ ဆေးရုံအုပ်ကြီးတွေကို လွှဲပြောင်းပေးရမှာ ဖြစ်တဲ့အတွက် လူနာကုသခြင်းကို အောက်တိုဘာလ လယ်မှစပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဒီလိုပျက်နေတဲ့စက်တွေကိုလည်း ပြင်မယ်။ အသစ်လည်း ထပ်ဝယ်တဲ့အခါမှာ I.A.E.A အကူနဲ့ ဆောင်ရွက်ပြီးတဲ့အခါမှာ သုံးလုံးစလုံး လည်ပတ်နိုင်မယ်ဆိုရင်တော့ လူနာများစောင့်ဆိုင်းချိန် တစ်လခန့်သာရှိတော့မယ်။ အဲဒီစောင့်ဆိုင်းချိန် ကာလအတွင်းမှာ လိုအပ်တဲ့ပြင်ဆင်မှုနဲ့ ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း ဆောင်ရွက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီမှာ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်းရဲ့ ဒီစက်တွေဟာ ကင်ဆာဆဲလ် တွေအပြင် ဘေးနားက တစ်ခြားကောင်းတာတွေကိုလည်း ထိခိုက်တယ်ဆိုတာမှန်ပါတယ်။ ဒါ့ကြောင့် ဒီပေးတာမှာ ဓာတ်ရောင်ခြည်နဲ့ကုသနည်း သုံးမျိုးရှိပါတယ်။ တစ်ခုက External radiation လို့ ခေါ်တဲ့ အပြင်ကနေ ရောင်ခြည်ပေးပြီး ကုသတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Battery Therapy လို့ခေါ်တဲ့ ဒီကင်ဆာဖြစ်တဲ့နေရာဘေးနားကို ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းလေးကိုထည့်ပြီးတော့ ရောင်ခြည်ကို အနီးကပ်ပြီးပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုကျတော့ ဒီသွေးကြောထဲကို ရေဒီယိုဓာတ်ကြွပစ္စည်းပါတဲ့ ဆေးတစ်ခုကိုထည့်ပြီးတော့ ကင်ဆာဖြစ်တဲ့နေရာကို သွေးကြောကနေတစ်ဆင့် ရောက်အောင်သွားပြီးတော့ ဓာတ်ရောင်ခြည် ပေးတာရှိပါတယ်။ ဒီသုံးမျိုး အကြမ်းဖျဉ်းပြောလို့ရပါတယ်။ အဲ့ဒီသုံးမျိုးစလုံးသည် ကင်ဆာဆဲလ်များကိုသာမက ပုံမှန်ဆဲလ်များကို ထိခိုက်စေတာချည်းပဲ ဖြစ်ပါတယ်။ အနည်းနဲ့အများပဲ ကွာပါတယ်။ ဆိုလိုရင်းကတော့ ဒီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စက်အသစ်တွေ ပေါ်လာတဲ့အခါမှာ ကင်ဆာဆဲလ်များကို ထိခိုက်စေတဲ့နှုန်းကများပြီးတော့ Normal ဆဲလ်တွေကို ထိခိုက်နှုန်းနည်းတဲ့စက်တွေ တစ်နေ့တခြား ပေါ်ပေါက်လာနေတဲ့အသစ်တွေရှိပါတယ်။ အဲဒါတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်သွင်းနိုင်ဖို့၊ နောက်ပြီးတော့ အဲဒါနဲ့ပတ်သက်တဲ့ နည်းပညာကို ကျွန်တော်တို့ရဲ့ ပညာရှင်များ ဒီ Training ရနိုင်ဖို့အတွက်ကိုလည်း စီမံဆောင်ရွက်လျက်ရှိပါတယ်ဆိုတဲ့ အကြောင်းဖြေကြားလိုပါတယ်။