(င)-မြစ်သားမြို့ ပန်းလောင်ရေတံခါးတပ်ဆင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၂-၉-၂၀၁၁)

မြစ်သားမြို့၊ ပန်းလောင်မြစ်ဖြတ် စမာရေလွှဲဆည်ကိုဆည်မြောင်းဦးစီးဌာနက ၁၉၉၇-၁၉၉၈ ခုနှစ်တွင် အသေးစားဆည်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပါတယ်။ ယင်းဆည်မှ စမာရေကူတူးမြောင်းဖြင့် ရေများလွှတ်ပြီးတော့ လယ်မြေများကို ရေပေးဝေလျက်ရှိပါတယ်။ ဆည်ရေတည်ရှိမှုမှာ မူလပန်းလောင်မြစ်၏ရေကြမ်းပြင်မှ အထက် ၁၅ ပေ ခန့်မြင့်တက်လျက်ရှိပြီး ရေလွှဲဆည်ရဲ့အထက်ပိုင်း ရေငြိမ်အိုင်တစ်ခုသဖွယ်တည်ရှိနေပါတယ်။ သို့ပါ၍ ဆည်အထက်ပိုင်းနဲ့ ဆည်တွင်းသို့စီးဝင်သောမြစ်သားမြို့ရဲ့တောင်ဘက် ကသောင်းချောင်းတို့မှာလည်း ဗေဒါပင်များ၊ ဝက်လာပင်များနှင့် ပြည့်နှက်လျက်ရှိပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ဗေဒါပင်နှင့် ဒိုက်များသည် ခြင်များပေါက်ဖွားရာနေရာတစ်ခုသဖွယ်တည်ရှိနေပြီး မိုးရွာသွန်းတဲ့အခါမှာလည်း မြို့တွင်းမှရေများဟာ မြစ်ထဲသို့စီးဆင်းနိုင်ခြင်းမရှိတဲ့အတွက် ရေဆိုးရေပုပ်များအဖြစ်တည်ရှိပြီး ခြင်များပေါက်ဖွားရာဖြစ်ပြီးတော့မှ ငှက်ဖျားရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါများဖြစ်ပွားမှုများ ပြားလာကြောင်းတွေ့ရှိရပါတယ်။ ဇယားအားဖြင့်ပြရမယ်ဆိုရင်တော့ သွေးလွန်တုပ်ကွေးဖြစ်မှုမှာ ၂၀၀၈ ခုနှစ်မှာ ၄၃ ယောက်ဖြစ်ခဲ့ပြီးမှ သေဆုံးသူမရှိပါဘူး။  ၂၀၀၉ ခုနှစ်မှာ ၆၈ ယောက်၊         ၂၀၁၀ ခုနှစ်မှာ ၅၆ ယောက် ဖြစ်ပွားခဲ့ပါတယ်။ ငှက်ဖျားရောဂါဖြစ်မှုကတော့ ၂၀၀၈ ခုနှစ်မှာ        ၃၇၆ ယောက်ဖြစ်ပြီးတော့မှ ၁၂၇ ယောက် ဆေးရုံမှာတက်ရောက်ကုသခဲ့ရပါတယ်။ သေဆုံးမှုမရှိပါဘူး။ ၂၀၀၉ ခုနှစ်မှာ ၂၂၈ ယောက်ဖြစ်ပွားပြီးတော့မှ ၄၆ ယောက်ဆေးရုံတက်ခဲ့ရပါတယ်။ သေဆုံးမှုမရှိခဲ့ ပါဘူး။ ၂၀၁၀ ခုနစ်မှာတော့ ၃၉၂ ယောက်ဖြစ်ပွားခဲ့ပြီးတော့မှ ၈၅ ယောက်ဆေးရုံတက်ကာ နှစ်ဦးကတော့သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သို့ပါ၍ လုပ်သားပြည်သူများရဲ့ ကျန်းမာရေးအတွက် ခြင်အန္တရာယ်ကင်းရှင်းစေရန်နဲ့ ပိုလျှံ ရေပုပ်ရေသိုးများ၊ ဗေဒါပင်၊ ဒိုက်များသန့်ရှင်းစေရန် ပန်းလောင်မြစ်ဖြတ် စမာရေလွှဲဆည်၏ အရှေ့ဘက်သဲထုတ်ရေတံခါးတပ်ဆင်ဖို့အတွက် ဆည်မြောင်းဦးစီးဌာနမှခွင့်ပြုထားပြီး အဆိုပါ ရေတံခါးတပ်ဆင်ရန်အတွက် ပစ္စည်းတချို့တစ်ဝက်လည်း စုဆောင်းထားရှိကြောင်းသိရှိရပါတယ်။ သို့ပါ၍ သဲထုတ်ရေတံခါးတပ်ဆင်ခွင့်ရရှိသော်လည်း ဆက်လက်တည်ဆောက်ရန် ရန်ပုံငွေများခွဲဝေ ချထားခြင်းမရှိသေးပါသဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီးတော့မှ ဆည်မြောင်းဝန်ကြီးဌာနမှ မည်သို့ ဆောင်ရွက်ထားသည် သို့မဟုတ် မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပန်းလောင်မြစ်ဖြတ် စမာရေလွှဲဆည်ကို ဆည်မြောင်းဦးစီးဌာနမှ ၁၉၉၇-၁၉၉၈ ခုနှစ်ကတည်ဆောက်ခဲ့ပါတယ်။ အဆိုပါ ဆည်မှစမာရေကူတူးမြောင်းဖြင့် လယ်ယာမြေများကို စိုက်ပျိုးရေပေးဝေလျက်ရှိပါတယ်။ ရေလွှဲဆည်အထက်ပိုင်းနှင့် ဆည်အတွင်းသို့စီးဝင်သော ကသောင်းချောင်းအတွင်းရှိ ဗေဒါနှင့်ဒိုက်များ ဖယ်ရှားရှင်းလင်းရန်နှင့် ရေစီးရေလာကောင်းမွန် စေရေးအတွက် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့်ဆောင်ရွက်ရန်စီမံထားရှိပြီး ဖြစ်ပါတယ်။ ထို့အပြင် စမာရေလွှဲဆည် သဲထုတ်ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်းအတွက် မြေပြင် တိုင်းတာခြင်း၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်း လုပ်ငန်းများကိုဆောင်ရွက်ပြီးဖြစ်၍ ဒီဇိုင်းပုံစံများလည်း ရရှိပြီးဖြစ်ပါတယ်။ သဲထုတ်ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်းဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ရန်ပုံငွေခွဲဝေပြုပြင်ပေးနိုင်မှုအပေါ်တွင်မူတည်ပြီး ဦးစားပေးအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ဦးစားပေး အစီအစဉ်များအရ ဘဏ္ဍာငွေများခွဲဝေသတ်မှတ်ခွင့်ပြုချက်ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိ နားလည်ပေးပါရန်နှင့် လက်ရှိတည်ဆောက်ပြီးစီးပြီဖြစ်နေသော ဆည်တမံကြီးများ၏ရေသွယ်မြောင်း စနစ်များ တည်ဆောက်ပြီးစီးနိုင်ရေးလုပ်ငန်းကြီးများကိုပင်လျှင် ရန်ပုံငွေဦးစားပေးအစီအစဉ်များ ထည်‌့သွင်းလျာထားပေးနိုင်ရေးအတွက် တင်ပြတောင်းခံလျက်ရှိနေပါကြောင်း သိရှိနားလည် ပေးနိုင်ရန် ဖြေကြားပါသည်။