(ခ)-ပညာရေးဌာနအကြီးအကဲများနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၂) ရက်မြောက်နေ့ (၂၇-၁၀-၂၀၁၁)

မေးခွန်းနံပါတ်(၁) နိုင်ငံတော်မှ နယ်စပ်ဒေသနှင့်ပြည်မ၊ ကျေးလက်နဲ့ မြို့ပြဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းရေးဆောင်ရွက်ရန် အထူးဒေသဖွံ့ဖြိုးရေးဇုန် ၂၄ ခုဖြင့် ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါတယ်။ ထို့အပြင် ယခုအခါ နိုင်ငံတော်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါတယ်။ ဝန်ထမ်းကောင်းမှ အစိုးရကောင်းဖြစ်မည်ဆိုသည့်အတိုင်း ပညာရေးဖွံ့ဖြိုး တိုးတက်မှုသည်လည်း နိုင်ငံတော်ရဲ့ရေရှည်ပြုလုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ယုံကြည်ပါတယ်။ သို့ရာတွင် တိုးတက်မှုနောက်ကျကျန်ခဲ့တဲ့ နယ်စပ်ဒေသများရဲ့ ဝန်ထမ်းခန့်ထားရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအကဲ အချို့ဟာ ခန့်အပ်တာဝန်ပေးအပ်ရာတွင် မြို့ကြီးများ ပေါ်မှ အပြစ်ရှိသူများ သို့မဟုတ် ရာထူးတင်ရန်များနှင့် ရာထူးလျှော့ရန်များ တစ်နည်းအားဖြင့် ပြစ်ချက်များဖြင့် ပေးပို့ခန့်ထားသည်ကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဒေသဖွံ့ဖြိုးမှုမညီမျှဘဲနှောင်‌့နှေး နေသည်ဟု ယူဆပါတယ်။ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ အရည်အချင်းရှိသူ၊ ထက်မြက်သော စီမံခန့်ခွဲသူ၊ အုပ်ချုပ်သူများအား အလှည့်ကျစနစ်ဖြင့် ခန့်အပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေနဲ့ စီမံခန့်ခွဲသူ၊ အုပ်ချုပ်သူများဟာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်ထိတွေ့နေရသော သဘောသဘာဝရှိတဲ့ဌာနတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်း အချို့အား စည်းကမ်းဖောက်ဖျက်မှုကြောင့် အခြားနေရာများသို့ ပြောင်းရွှေ့ရမှုများလည်း ရှိခဲ့ပါတယ်။ ပြစ်မှုကြောင့် ပြောင်းရွှေ့ရတဲ့ဝန်ထမ်းတွေကို မျက်ခြည်မပြတ်လေ့လာပြီး တိုးတက်ဆောင်ရွက်မှု မပြုလုပ်နိုင်ပါက ထပ်မံအပြစ်ပေးခြင်းမျိုးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာန ရှိ ဝန်ထမ်းများရဲ့သဘောသဘာဝမှာလည်း မိသားစုရှိရာမြို့သို့ ပြောင်းရွှေ့နေထိုင်တဲ့ အလေ့အထ ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းများရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းများကိုလည်း ကာယကံရှင် ဆရာ၊ ဆရာမများ၏ဆန္ဒအရ တောင်းခံတဲ့နေရာမှာ လစ်လပ်မှုအပေါ်မူတည်၍ ဆောင်ရွက်နေရခြင်းဖြစ်ပါ၍ စီမံခန့်ခွဲသူ၊ အုပ်ချုပ်သူများအပါအဝင် ဝန်ထမ်းများအား ကာယကံရှင်ရဲ့ ဆန္ဒသဘောထားမပါဘဲ အလှည့်ကျစနစ်ဖြင့် ခန့်ထားပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။