(ဇ)-တယ်လီဖုန်းအိတ်ချိန်းအဆောက်အဦကို ပြောင်းရွှေ့ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

ချောက်မြို့နယ်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၉၈၆ ခုနှစ်မှစတင်ပြီး ကြိုးဖုန်း အလုံးပေါင်း ၁၃၀၀၊ ၁-၈-၂၀၀၉ ရက်မှစတင်ပြီးတော့  GSM တယ်လီဖုန်းအလုံး ၅၀၀နဲ့ ၁၂-၁-၂၀၁၁ ရက်နေ့မှ စတင်ပြီး CDMA တယ်လီဖုန်းအလုံး ၁၂၀၀ တပ်ဆင်ခွင့်ပြုခဲ့၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ဝန်ကြီးဌာနတာဝန်ရှိသူများကို မြို့သူမြို့သားများက အထူးဝမ်းမြောက် ကျေးဇူးတင်လျက် ရှိပါတယ်။ သို့သော်လည်းပဲ ချောက်မြို့နယ်ရှိ တယ်လီဖုန်းဆက်သွယ်မှုများ မကြာခဏ ပြတ်တောက် လေ့ရှိပါတယ်။ အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များမှာ ပြတ်တောက်လေ့ရှိပါတယ်။ ချောက်မြို့ဟာ မိုးနည်းရေရှားဒေသဖြစ်ပြီး မိုးရွာတဲ့အတွက် ပျော်ရွှင်ကြရသော်လည်းပဲ တယ်လီဖုန်း များ ပြတ်တောက်လေ့ရှိသဖြင့်ဝမ်းနည်းကြရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ချောက်မြို့၊ ရတနာအိုင့် ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတယ်လီဖုန်း အိတ်ချိန်းအဆောက် အဦမှာ တမာအိုင့်ချောင်းနှင့် နီးကပ်စွာတည်ရှိသဖြင့် မိုးသည်းထန်စွာရွာသွန်းသည့် အချိန်မှာ ချောင်းရေများဝင်လေ့ရှိပါတယ်။ ၂၀၁၀ ခုနှစ်၊ ဂီရိမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာတဲ့ ရက်ကာလမှာ ရက်အတန်ကြာချောင်းရေကြောင့် ထိခိုက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်း လိုတဲ့ မေးခွန်းများကတော့ (၁) အဆိုပါ တယ်လီဖုန်းအိတ်ချိန်းအဆောက်အဦကို အခြား သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့တည်ဆောက်နိုင်မည့် အစီအစဉ်များရှိ၊မရှိ။ သို့မဟုတ် ချောင်းရေတက်သည့် အခါ မထိခိုက်စေရန် အစီအမံများဆောင်ရွက်ထားမှုအခြေအနေ (၂) ချောက်မြို့နယ်ရှိ  တပ်ဆင်ပြီး ဖုန်းလိုင်းများ၊ လက်ကိုင်ဖုန်းများဆက်သွယ်မှုမကြာခဏ ပြတ်တောက်လေ့ရှိခြင်းကို ပြုပြင်မည့် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

ချောက်အော်တိုအိတ်ချိန်းဟာ ရတနာအိုင့်ရပ်ကွက်၊ တမာအိုင့်ချောင်း အနီးမှာတည်ရှိတဲ့အတွက် ချောင်းရေတွေလွန်ကဲစွာ လျှံတက်မှုဖြစ်ပေါ်တဲ့အချိန်မှာ အော်တိုအိတ်ချိန်း ဝန်းအတွင်းကို ချောင်းရေဝင်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မှတ်တမ်းအရတော့ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ တိုက်ခတ်ခဲ့တဲ့ဂီရိမုန်တိုင်းတိုက်ခတ်စဉ်တစ်ကြိမ် အိတ်ချိန်း အတွင်းကို ရေဝင်ရောက်တဲ့အတွက် စက်ပစ္စည်းများ ပျက်စီးမှုကာကွယ်ဖို့ အဆိုပါကာလမှာ အိတ်ချိန်းကို ပါဝါပိတ်ထားခဲ့ခြင်းရှိခဲ့ဖူးပါတယ်။ ကျန်ကာလများမှာတော့ အိတ်ချိန်းအတွင်းကို ရေဝင် ရောက်မှုမရှိခဲ့ပါဘူး။ အော်တိုအိတ်ချိန်းတစ်ခု စတင်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်တဲ့အခါမှာ မြို့ပေါ်မှာရှိတဲ့ မြို့ရဲ့လူဦးရေ၊ အိတ်ချိန်းရဲ့လျှပ်စစ်မီးရရှိနိုင်မှု၊ ဆက်ကြောင်းများတည်ဆောက်နိုင်မှု အခြေအနေ၊ မြေအခြေအနေ စသည်တို့ကို တိုင်းတာပြီးတော့မှ ရွေးချယ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါ တယ်။ အော်တိုအိတ်ချိန်းမှ တယ်လီဖုန်းသုံးစွဲသူများကို တယ်လီဖုန်း ဖြန့်ဝေတပ်ဆင်ပေးနိုင်မှုကို လည်းပဲမြို့တွင်းကေဘယ်လ်၊ မြေအောက်ကေဘယ်လ်၊ မြေပေါ်ကေဘယ်လ် စသည်ဖြင့် အဆင့်ဆင့် တပ်ဆင်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး အော်တိုအိတ်ချိန်းတစ်ခုကို နေရာ ပြောင်းရွှေ့ ဆောက်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်လွန်စွာများပြားသည့်အပြင် ပြောင်းရွှေ့နေစဉ်မှာ ပြည်သူတွေ ဆက်သွယ်မှုမပြတ်ဖို့အတွက် အလားတူ ကျွန်တော်တို့ အရန်အိတ်ချိန်းတစ်ခုနဲ့           စက်ပစ္စည်းများ တပ်ဆင်ပြီးမှသာ ပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက် လောလောဆယ်တော့ ကျွန်တော်တို့ အဆိုပါချောက်အော်တိုအိတ်ချိန်းကို နေရာပြောင်းရွှေ့ဖို့ အစီအစဉ်မရှိသေးပါဘူး။ အိတ်ချိန်းဝင်း အတွင်းကို ရေဝင်ရောက်မှုမရှိစေရန်အတွက် အိတ်ချိန်းပတ်ပတ်လည်မှာလိုအပ်တဲ့ ရေတားနံရံများ တည်ဆောက်ခြင်း၊ ရေမြန်မြန်စီးပြီးတော့ ရေနုတ်နိုင်တဲ့အတွက် ရေနုတ်မြောင်းများတည်ဆောက်ခြင်း၊ ချောင်းရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား လိုပါတယ်။ ချောက်အော်တိုအိတ်ချိန်းကို ၁၅-၁၁-၁၉၈၆ မှာစတင်ဖွင့်လှစ်ခဲ့ပြီး ဆက်လက်ပြီးတော့ ကျွန်တော်တို့ ပိုမိုတိုးတက်ကောင်းမွန်တဲ့လိုင်း ၁၀၀၀ ပါအိတ်ချိန်းများနှင့် ထပ်မံတပ်ဆင်ထား တာဖြစ်ပါတယ်။ ချောက်အော်တိုအိတ်ချိန်းဟာ ကျွန်တော်တို့ မန္တလေး၊ မကွေး၊ ချောက် စသည်တို့နဲ့ ဒေသအသီးသီးကနေပြီးတော့ ချိတ်ဆက်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီလိုချိတ်ဆက် ဆောင်ရွက် ရာမှာ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဖိုင်ဘာပြတ်တောက်မှု ဖြစ်ပွားတဲ့အခါမှာ ယခုနှစ် အတွင်းမှာ စုစုပေါင်း ၁၄ ကြိမ်ပြတ်တောက်ခဲ့တာကိုတွေ့ ရှိရပါတယ်။ အဲလို ပြတ်တောက်တဲ့အချိန်မှာ ချောက်အိတ်ချိန်းရဲ့ အော်တိုတယ်လီဖုန်းတွေဟာ မြို့တွင်းခေါ်ဆိုမှုကိုသာ ရရှိနိုင်ပြီးတော့  နယ်ဝေးခေါ်ဆိုမှုမရရှိဘဲနဲ့ ချောက် CDMA ၊ GSM တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်မှု ဖြစ်ခဲ့ရပါတယ်။ ယခင်ရှိခဲ့တဲ့ ကျွန်တော်တို့ Micro ဆက်ကြောင်းဟာလည်းပဲ အဲဒီအချိန်မှာ မိုးကြိုးပစ်ထားတဲ့အတွက် ကျွန်တော်တို့ ပြတ်တောက်မှုဖြစ် နေပါတယ်။ အခုအခါမှာတော့ ဖိုင်ဘာ ပြတ်တောက်ပြီးတော့ ဆက်သွယ်မှုပြတ်တောက်မသွားစေရန် ရည်ရွယ်ပြီးတော့ ဆက်သွယ်မှု အရန်ဆက်ကြောင်းအဖြစ် ချောက်-ပုပ္ပါး Micro Wave ဆက်ကြောင်းကို ကျွန်တော်တို့ စတင် တည်ဆောက်နေပါတယ်။ ဆက်သွယ်နိုင်ဖို့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ချောက်၊ ပုပ္ပါး Micro Wave ဆက်ကြောင်းဟာ ကိုယ်စားလှယ်တော်ကြီး ဦးသိန်းလွင် သိချင်တဲ့ကာလဟာ ဒီဇင်ဘာလ စတုတ္ထပတ်လောက်မှ ကျွန်တော်တို့ ပြီးစီးမှာဖြစ်ကြောင်း ဖြေကြားပါသည်။