(က)-တောင်သူလယ်သမားအဖွဲ့အစည်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၁-၉-၂၀၁၁)

ယနေ့ကမ္ဘာ့လူဦးရေဟာ အင်မတန်မှတိုးတက် နေပါတယ်။ ဒါနဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက်ကို ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ရေးဟာ လိုက်မမှီဘဲနဲ့ အခက်အခဲတွေကြုံတွေ့နေရပါတယ်။ ဒါကိုလျော့ပါးစေဖို့အတွက်လည်းပဲ ဒီနေ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင် ငတ်ပြတ်နေတဲ့ တချို့နိုင်ငံတွေကို ဖြေရှင်းနေရတဲ့အခြေအနေရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ အေးချမ်း သာယာပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးအတွက်ကို အမျိုးသား စီးပွားရေးဘဝတိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးထားပြီး ဆောင်ရွက်နေရာမှာ ကျွန်တော်တို့ရဲ့နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်ကိုယ်ကျပံ့ပိုးအားပေးမှု၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ အနီးကပ်ကြိုးစားပမ်းစား ကြီးကြပ် အားပေးမှု၊ ကျေးလက်ဒေသမှာ အများစုနေထိုင်ကြတဲ့ တောင်သူလယ်သမားကြီးများရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေသယံဇာတသဘာဝစွမ်းအားစုတွေကို ဖော်ထုတ်မြှင့်တင်နိုင်ခဲ့ပြီးတော့ လက်ရှိအ‌ြခေအနေ‌မှာ ကျွန်တော်တို့ဟာ စိုက်ပျိုးမြေဧက ၅၇ သန်း ကျော်အထိ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပါးတင်းပေါင်း ၁၅၆၀ သန်းအထိ တိုးတက်ထွက်ရှိလာတဲ့အတွက် ရိက္ခာလိုနေတဲ့နိုင်ငံတွေကို အပြင်မှပံ့ပိုးနိုင်တဲ့ဂုဏ်ဒြပ်တစ်ခုဟာ ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ရရှိလာတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မှာ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှဒေသမှာ ဦးဆောင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာတယ်လို့ သိရှိရတဲ့အပြင် ကမ္ဘာမှာဒုတိယပဲအများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့လည်းပဲမှတ်သားခဲ့ရတဲ့ အတွက် အင်မတန်ဝမ်းမြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ ဒီနေ့ ထုတ်လုပ်လိုက်တဲ့ရိက္ခာတွေဟာ နောင်ဆယ်စုနှစ်များစွာအထိ တိုးတက်လာမယ့်နိုင်ငံ့လူဦးရေ အတွက် အာမခံချက်တွေရှိတယ်လို့သိရှိရပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့တောင်သူလယ်သမားများရဲ့ ဂုဏ်ဒြပ်တစ်ခုပဲဖြစ်တယ်လို့ ဒီလို ကျွန်တော်သုံးသပ်တင်ပြလိုပါတယ်။ လက်ရှိကျွန်တော်တို့ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာကျင့်သုံးလျက်ရှိတဲ့ မျက်မှောက်ကာလမှာ နိုင်ငံအသီးသီး ဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အပြိုင်အဆိုင်အကြိတ်အနယ်ကြိုးပမ်းဆောင်ရွက်နေသလို ကျွန်တော်တို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွေမှာလည်းပဲ  ပြိုင်ဆိုင်မှုတွေ အလွန်ပြင်းထန်လှ ပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက်နေရာရရေးဆိုတာ အရေအတွက်အရရော၊ အရည်အသွေးအရပါ တိုးတက်မြင့်မားမှုရှိဖို့နဲ့‌ြမေယာ၊ ငွေကြေးအရင်းအနှီး၊ မျိုးကောင်းမျိုးသန့်၊ ပံ့ပိုးပစ္စည်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ လူသားအရင်းအမြစ်နဲ့ လုပ်ငန်း ကျွမ်းကျင်မှုတို့အပြင် လက်ရှိရင်ဆိုင်‌နေရတဲ့ သဘာဝဘေးအန္တရာယ်ကျော်လွှားရေးကိုပါ ထည့်သွင်း တွက်ချက်ဆောင်ရွက်နေရတဲ့ အခက်အခဲတွေရှိ‌နေပါတယ်ခင်ဗျား။ ဒါကြောင့် နိုင်ငံတော်ရဲ့      စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့တိုးတက်ဖြစ်ထွန်းပြီးတော့ အခက်အခဲ၊ အဟန့်အတားများကို အောင်မြင်စွာကျော်လွှားနိုင်ရေးနဲ့ နိုင်ငံတကာဈေးကွက်အထိကို မြန်မာ့ လယ်ယာထုတ်ကုန်များ ထိုးဖောက်တင်ပို့နိုင်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်ထောင်စုကြီးအတွင်းမှာရှိတဲ့ တောင်သူလယ်သမားထုတစ်ရပ်လုံး စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ အသင်းအဖွဲ့တွေ၊ တောင်သူလယ်သမားတွေဟာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လက်ရှိကာလမှာ အင်မတန်အရေးကြီးတဲ့ကာလကို ရောက်ရှိနေပါတယ် ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေယာကို အရင်းတည်ပြီးတော့ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကြရတဲ့ တောင်သူလယ်သမားကြီးတွေဟာ လုပ်ငန်းခွင်အတွင်းမှာ တစ်ခါတစ်ရံြမေယာကိစ္စနဲ့  အငြင်းပွားကြတာတွေ၊ လယ်သမားထုအတွင်းမှာ စားကျက်မြေကျုးကျော်မှုတွေ၊ မြေနုကျွန်းကိစ္စတွေ၊ တစ်ရွာနဲ့တစ်ရွာ ပြဿနာလုပ်တာတွေ၊ လယ်ယာပတ်လမ်းကိစ္စတွေ၊ မြေကြီး‌ြမေပုံအရ လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ကိစ္စတွေ၊ တစ်ခါတလေမှာ ကျွဲ၊ နွား၊ တိရစ္ဆာန်ကျော်နင်းမှုနဲ့ ပတ်သက်လို့ အမှုဖြစ်ကြတာတွေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေချိုးဖောက်မှု ကိစ္စရပ်တွေ မကြာမကြာဖြစ်ပွားလျက် ရှိပါတယ်ခင်ဗျား။ ဒီကိစ္စကိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ‌ြဖေရှင်းဆုံးဖြတ်တဲ့နေရာမှာ တောင်သူလယ်သမားအဖွဲ့အစည်းဝင်များ ကိုယ်တိုင်ပါဝင်ဆွေးနွေး ြဖေရှင်းခွင့်မရတဲ့အတွက် တစ်ခါတစ်ရံမှာ မှားယွင်းဆုံးဖြတ်ပြီးတော့ တည်ဆဲမြေယာဥပဒေနဲ့ မညီညွတ်တာတွေ၊ ကျေးရွာတောင်သူလယ်သမားထု အတွင်းမှာလည်းပဲ စည်းလုံးညီညွတ်မှုပျက်ပြားမှု ကိစ္စတွေ မကြာခဏဖြစ်ပေါ်ခဲ့ကြောင်းကိုသိရှိရ ပါတယ်ခင်ဗျား။ ဒါကြောင့် မြေယာအငြင်းပွားမှုများ စစ်ဆေးကြားနာဆုံးဖြတ်ဆောင်ရွက်ပေးတဲ့နေရာမှာ တောင်သူလယ်သမားကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်တဲ့ မြေယာမှုခင်းအငြင်းပွားမှု စစ်ဆေးဆုံးဖြတ်တဲ့အဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းဆောင်ရွက် သွားမယ်ဆိုရင် မြေယာမှုခင်းမှာအမှားအယွင်း နည်းသွားပြီးတော့ တောင်သူလယ်သမားများအတွင်း စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်မှု နည်းသွားမယ်လို့သုံးသပ်လို့ရရှိပါတယ်။ ၎င်းအပြင် လက်ရှိ တောင်သူလယ်သမားတွေထုတ်လုပ် ဖြန့်ဖြူးလိုက်တဲ့ သီးနှံတွေကိုဝယ်ယူသိုလှောင်ကြိတ်ခွဲ ရောင်းဝယ်ဖောက်ကားကြတဲ့ကုန်သည်ကြီးများ၊ စက်ပိုင်ရှင်ကြီးများ၊ ပဲ၊ နှမ်း၊ စပါးနဲ့ဆီထွက်ကုန်သည် ကြီးများစတဲ့ တရားဝင်အဖွဲ့အစည်းများ ထူထောင်ပြီးတော့မှ စနစ်တကျလုပ်ငန်းတွေဆောင်ရွက် တယ်။ အသင်းစည်းမျဉ်းတွေကို စနစ်တကျရေးဆွဲတယ်။ နိုင်ငံ‌တော်ဦးဆောင်မှုကို ခံယူပြီး ဆောင်ရွက်တဲ့နေရာမှာ ဒီအဖွဲ့အစည်းတွေဟာ အင်မတန်မှလုပ်ငန်းတွေလည်ပတ်ပြီးတော့မှ အောင်မြင်မှုရရှိနေကြောင်းလည်းသိရှိရပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ပြည်ထောင်စု တနံတလျားမှာနေတဲ့  တောင်သူလယ်သမားကြီးများရဲ့ အရေးအရာကိစ္စတွေကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကိုတင်ပြခွင့်၊ ညှိနှိုင်းခွင့်၊ အကျိုးတူအသင်းအဖွဲ့ များနှင့်ပူးပေါင်း ပေါင်းစပ် ဆောင်ရွက်လျက်ရှိတဲ့ တောင်သူလယ်သမားအသင်းအဖွဲ့များဟာ ယနေ့တိုင်မရှိသေးပါဘူးခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကြီးမှာမိန့်ကြား သွားတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ တောင်သူလယ်သမားအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေများ၊ အစဉ်ခေတ်မီပြည့်စုံ နေအောင် ပြဋ္ဌာန်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ ထွက်ကုန်များ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ လယ်ယာထွက်ကုန်များ အရည်အသွေးမြင့်မားရေး တို့ကိုလည်း မြှင့်တင်လုပ်ဆောင် သွားမှာဖြစ်ပါတယ်ဟူ၍လည်းကောင်း၊ နောက်ပြည်ထောင်စုအစိုးရ အနေနဲ့ အောက်ပါဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာလွှတ်တော်များသို့တင်သွင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်အပိုဒ် ၄ မှာ တောင်သူ လယ်သမားများရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ဥပဒေများ ပြုစုနိုင်ရေးကိုလေ့လာခြင်း၊ လက်ရှိဥပဒေများကို ခေတ်နဲ့အညီပြင်ဆင်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ခြင်းလို့ အတိအလင်းမိန့်ကြားသွားတာကို ဝမ်းမြောက်ဖွယ်မှတ်သားခဲ့ရပါတယ်။ ဒါ့ကြောင့်  မနေ့က ၂၀ ရက်နေ့ကဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူ့လွှတ်တော်ကြီးမှာ လယ်ယာမြေဥပဒေသစ်ကို ရေးဆွဲပြီးတော့မှ လယ်သမားအကျိုးဖြစ်ထွန်း စေတဲ့ အဆိုတွေ၊ မေးခွန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဆွေးနွေးကြတဲ့ အခြေအနေဖြစ်ပေါ်လို့ လာပါပြီခင်ဗျား။ ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမား ဘဝတိုးတက်ရေးအတွက် လယ်ယာလုပ်သူတိုင်းလယ်မြေကို လက်ရှိထားနိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ မနေ့ကပဲ ကျွန်တော်တို့ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါတယ်။ လယ်ယာမြေတွေကို ဥပဒေမဲ့သိမ်းယူခြင်း၊ အခြားနည်းနဲ့ အသုံးပြုခွင့်မရှိစေရေး၊ အကယ်၍ နိုင်ငံတော်အကျိုးစီးပွားအတွက် ဆောင်ရွက်ရပါကလည်း သင့်‌လျော်သည့် နစ်နာကြေးများရရှိရေးကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ တောင်သူ လယ်သမားများ လယ်ယာထုတ်ကုန်လုပ်ငန်းများမှာ အမြတ်ထုတ်ချယ်လှယ်မှုကင်းရှင်းရေး၊ ရေမြေသဘာဝအခြေအနေအတိုင်းကိုက်ညီတဲ့သီးနှံတွေ တောင်သူလယ်သမားများရဲ့ဆန္ဒနဲ့အညီ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ခွင့်ရှိရေး၊ နောက် တောင်သူလယ်သမားများအတွက်လိုအပ်တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ရရှိရေးအတွက်ကို စိုက်ပျိုး စရိတ်ချေးငွေတွေ ပိုမိုတိုးမြှင့်ပြီးတော့မှ အဆင်ပြေချောမွေ့စေရေး၊ လယ်သမားများအတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ပစ္စည်းများ ဝယ်ယူတဲ့နေရာမှာမျှတတဲ့ဈေးနှုန်း၊ ထုတ်လုပ် ရောင်းချတဲ့သီးနှံဈေးနှုန်းကိုလည်းပဲ သင့်လျှော်မျှတတဲ့ ဈေးနှုန်းများရရှိစေရေး၊ နောက်တည်ဆဲ မြေယာဥပဒေများဆက်လက်တည်ရှိ အကာအကွယ်ပေးရေး၊ ခေတ်ကာလနဲ့အညီ ပြင်ဆင်တိုးချဲ့ ပြဋ္ဌာန်းပေးရေးကိစ္စတွေကိုလည်း လက်ရှိဆောင်ရွက်နေတဲ့အပြင် တောင်သူလယ်သမားများရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်းပဲ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ နိုင်ငံတော်မှာအကောင်အထည်ဖော်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ကြီးရှစ်ရပ်မှာ ကျေးလက်မှာ နေတဲ့ တောင်သူ လယ်သမားကြီးများ အဓိကပါဝင်ပူးပေါင်းဆောင်ရွက်ဖို့အကျုံးဝင်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံတော်လည်းအကျိုးရှိ၊ လယ်သမားထုတစ်ရပ်လုံးလည်း လူနေမှု အဆင့်အတန်း မြင့်မားမှုကိုဖော်ဆောင်နိုင်မယ့် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်တဲ့ တောင်သူလယ်သမား အဖွဲ့ကြီးကို ဖွဲ့စည်းဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါ့ကြောင့် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်တဲ့ တောင်သူလယ်သမားအဖွဲ့အစည်းကြီးကို နိုင်ငံတော်အစိုးရမှဦးဆောင်ပြီး အကောင်အထည်ဖော်ဖွဲ့စည်းသွားရန် အစီအစဉ် ရှိ၊ မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
အဖြေ

တောင်သူလယ်သမားများဟာ ကျွန်တော်တို့နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းသောပြည်သူများဖြစ်ကြပြီးတော့ နိုင်ငံရဲ့အဓိကအင်အားစုများဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်စီးပွားရေးအတွက် အဓိကကျတဲ့ကုန်ထုတ်စွမ်းအားစုများလည်း ဖြစ်ကြပါတယ်။ ဒါ့ကြောင့် လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၂၃ မှာ နိုင်ငံတော်အစိုးရ အနေနဲ့ တောင်သူလယ်သမားများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ ဥပဒေ‌တွေ ပြဋ္ဌာန်းဆောင်ရွက်သွားမှာဖြစ်တယ်။ တောင်သူလယ်သမားများက စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံများကိုလည်းပဲ သင့်တင့်မျှတတဲ့တန်ဖိုးရရှိအောင် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီပြဋ္ဌာန်းချက်များနဲ့အညီ  တောင်သူလယ်သမားများရဲ့အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်အောင်၊ တောင်သူလယ်သမားများရဲ့ အခွင့်အရေးကို  ကာကွယ်စောင့်ရှောက်ပေးနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာတော့ တောင်သူလယ်သမားများရဲ့ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်အောင် လည်း ဘက်စုံထောင့်စုံကဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တောင်သူလယ်သမားများရဲ့ ထုတ်လုပ်တဲ့ သီးနှံများ သင့်တင့်မျှတတဲ့ဈေးနှုန်းတွေရအောင်လည်း ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အလားတူ  တောင်သူလယ်သမားများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် အခြေခံကျတဲ့သူတို့တစ်တွေရဲ့ အသိ၊ ဗဟုသုတမြင့်မားဖို့၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း  ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ထို့အတူပဲ တောင်သူလယ်သမားများအတွင်းမှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် အချင်းချင်းသွေးကွဲပြီး ကျေးရွာများအတွင်း၊ ရပ်ကွက်များအတွင်း၊ နိုင်ငံတော်အတွင်းမှာ စည်းလုံး ညီညွတ်မှုပျက်ပြားတဲ့ အခြေအနေမျိုးတွေမရောက်အောင်လည်း ကာကွယ်တားဆီးဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားများရဲ့အတွင်းမှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေ အပေါ်မှာ အ‌ြခေခံတဲ့အယူအဆတွေ၊ အတွေးအခေါ်တွေ၊ စိတ်ထားမျိုးတွေဖြစ်ပေါ်မှုမရှိစေဘဲ တောင်သူလယ်သမားရဲ့အကျိုး၊ အမျိုးသားရေးအကျိုးစီးပွားကို အခြေခံတဲ့အယူအဆ၊ အတွေးအခေါ်၊ စိတ်နေစိတ်ထားခံယူချက်တွေ မြင့်မားပေါ်ပေါက်နေအောင်လည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်တဲ့အခါမှာ လယ်သမားများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ လယ်သမားများရဲ့အခွင့်အရေးကို ဖော်ဆောင်ပေးဖို့ ကူညီဆောင်ရွက်ပေးမယ့် တောင်သူလယ်သမား အဖွဲ့အစည်း ဖွဲ့စည်းထူထောင်ဖို့ဆိုတာလည်း လိုအပ်မှာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီလို အဖွဲ့အစည်းကိုထူထောင်ကြတဲ့အခါမှာ အနာဂတ်ကိုမျှော်မှန်းကြည့်ဖို့လိုသလို၊ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်အခြေအနေများကိုလည်း လေ့လာသုံးသပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

အတိတ်ကဖြစ်စဉ်တွေကို ပြန်လည်ကြည့်မယ်ဆိုရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံရေး ပါတီအသီးသီးက သူတို့ရဲ့ကိုယ်ပိုင် လယ်သမားအစည်းအရုံးတွေ အပြိုင်အဆိုင်ဖွဲ့စည်း စည်းရုံး ဆောင်ရွက်ခဲ့တာကိုတွေ့ကြရမှာဖြစ်ပါတယ်။ သခင်သန်းထွန်း၊ သခင်စိုးတို့ဦးစီးတဲ့ ကွန်မြူနစ် များကလည်း တောင်သူလယ်သမားသမဂ္ဂများထူထောင်ခဲ့ပါတယ်။ သူတို့တတွေ တောခိုသွားပြီးတဲ့ နောက်မှာလည်းပဲ သူတို့စိုးမိုးတဲ့နယ်မြေတွေမှာ တောင်သူလယ်သမားသမဂ္ဂတွေဖွဲ့ပြီးတော့ လယ်ယာ မြေသိမ်းဆည်းရေးနှင့် ဝေခြမ်းရေးတွေလုပ်ခဲ့တာကိုလည်းတွေ့ကြရမှာဖြစ်ပါတယ်။ ထို့အတူပဲ အာဏာရ “ဖဆပလ” ပါတီကလည်း ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး “ဗတလစ” ဆိုပြီးဖွဲ့စည်းဆောင်ရွက်ခဲ့တာကိုလည်းတွေ့ကြရမှာဖြစ်ပါတယ်။ အလားတူ “ဖဆပလ” အတွင်းမှာပါဝင်ခဲ့တဲ့ ဆိုရှယ်လစ်ပါတီက ဆိုရှယ်နီများကွဲထွက်ပြီးတဲ့နောက် ဆိုရှယ်နီများက “ပမညတ” ပြည်သူများရဲ့စည်းလုံးညီညွတ်သော အမျိုးသားတပ်ပေါင်းစုပါတီဆိုတာဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ “ပမညတ”ကလည်းပဲ ကျွန်တော်တို့ စည်းလုံးညီညွတ်သောတောင်သူလယ်သမားအဖွဲ့ United Peasant Organization  Burma UPOB ဆိုပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့တာလည်းတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အာဏာရဖဆပလပါတီအတွင်း တည်မြဲ၊ သန့်ရှင်းကွဲတဲ့အခါမှာ “ဖဆပလ” ကဖွဲ့စည်းခဲ့တဲ့ “ဗတလစ” ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး ကလည်းနှစ်ခြမ်းကွဲခဲ့ပါတယ်။ ဗဟိုမှာနှစ်ခြမ်းကွဲသလို ခရိုင်မြို့နယ်မှာဖွဲ့စည်းထားတဲ့ “ဗတလစ” များကလည်းကွဲပါတယ်။ အဲ့ဒီလို ကွဲပြီးတဲ့အခါမှာ မိမိတို့အချင်းချင်း ပဋိပက္ခတွေဖြစ်ပွား၊ ခိုက်ရန်မှုတွေဖြစ်ပွား၊ သွေးထွက်သံယိုမှု‌တွေဖြစ်ပွားတဲ့အထိ ဖြစ်ပေါ်ခဲ့တာတွေကို ကျွန်တော်တို့ တွေ့ရှိကြရပါတယ်။ ဒါ့ကြောင်‌့ အဲ့ဒီလို ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေနဲ့ ဖွဲ့စည်းဆောင်ရွက် ခဲ့တဲ့အတွက် တောင်သူလယ်သမားများရဲ့အရေး၊ တောင်သူလယ်သမားများရဲ့အကျိုး၊ နိုင်ငံ့ရဲ့ အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့တာနည်းပြီးတော့ တောင်သူလယ်သမားများအတွင်းမှာ စည်းလုံးမှုပျက်ပြားပြီး သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် လမ်းစဉ်ပါတီလက်ထက်မှာ တောင်သူလယ်သမားထုကြီးတစ်ရပ်လုံးအတွက် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်သော တောင်သူလယ်သမားအစည်းအရုံး ဖွဲ့စည်းဆောင်ရွက်ခဲ့တာကိုလည်း ကျွန်တော်တို့ လေ့လာကြဖို့လိုမှာဖြစ်ပါတယ်။ အဲ့ဒီလို တစ်စုတစ်စည်းတည်းသော တောင်သူ လယ်သမားအစည်းအရုံးကို ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့အခါမှာ ဗဟိုချုပ်ကိုင်မှုလွန်ကဲမှုတွေနဲ့ တစ်ဖွဲ့ တည်းသောအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းစတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် တောင်သူလယ်သမား များရဲ့အကျိုးနဲ့ လိုအပ်ချက်တွေကို ဖော်ဆောင်ဆောင်ရွက်ပေးနိုင်မှု အားနည်းခဲ့တာကိုလည်းတွေ့ရှိ ရမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်ကြီးများခင်ဗျား။ ပါလီမန်ဒီမိုကရေစီခေတ်မှာ တောင်သူလယ်သမားများအတွင်း အဲ့ဒီလို အကွဲကွဲအပြဲပြဲဖြစ်ခဲ့သလို အခြားသောအလုပ်သမား လူတန်းစားနဲ့ ကျောင်းသားထုအတွင်းမှာလည်း အလားတူကွဲပြဲမှုတွေဖြစ်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ အလုပ်သမားထုအတွင်းရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် သခင်သန်းထွန်း၊ သခင်စိုးတို့ဦးစီးတဲ့ ကွန်မြူနစ်များကလည်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့တတွေ တောခိုသွားပြီးတဲ့နောက်မှာလည်းပဲ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂများကို ထိန်းချုပ် လျှို့ဝှက်ညွှန်ကြားပြီး မြေပေါ်ဆူပူအုံကြွမှုတွေ၊ ဆန္ဒပြမှုတွေဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်။ အလားတူအာဏာရ “ဖဆပလ” အစိုးရကလည်းပဲ TUCB လို့ခေါ်တဲ့ Trade Union Congress Burma ဆိုတဲ့ အလုပ်သမားသမဂ္ဂများကွန်ဂရက် ဖွဲ့စည်းဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အလားတူ “ပမညတ”ပါတီကလည်းပဲ TUCB ရဲ့ပြောင်းပြန် BTCU Burma Trade Congress Union ဆိုပြီးတော့ ဆောင်ရွက်ခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်  “ဖဆပလ”အဖွဲ့ကြီးမှာ သန့်ရှင်း၊ တည်မြဲ ကွဲပြီးတဲ့အခါမှာတော့ TUCB ကတည်မြဲနဲ့အတူ ကျန်ရစ် ခဲ့ပါတယ်။ ဒါ့ကြောင့် သန့်ရှင်းအဖွဲ့များက ကျွန်တော်တို့ ULO လို့ခေါ်တဲ့ Union Labour Organization ဆိုပြီးဖွဲ့စည်းဆောင်ရွက်ခဲ့တာကိုလည်းတွေ့ကြရမှာဖြစ်ပါတယ်။  ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် အလုပ်သမားများအတွင်းမှာလည်းပဲ စည်းလုံးညီညွတ်မှုတွေပျက်ပြားခဲ့တဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။

တစ်ခါ ကျောင်းသားထုအတွင်းကိုကြည့်မယ်ဆိုရင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ၁၉၃၀ ခုနှစ်လောက်ကတည်းကစပြီး တိုင်းပြည်လွတ်လပ်ရေးကိုဖော်ဆောင်နိုင်ဖို့အတွက် ရန်ကုန်တက္ကသိုလ် မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းထူထောင်လှုပ်ရှားခဲ့ကြပါတယ်။ တစ်ခါ ဒုတိယ ကမ္ဘာစစ်ပြီးတဲ့နောက် လွတ်လပ်ရေးကြိုးပမ်းမှုတွေပိုမိုများပြားလာတဲ့အခါမှာ “တကသ” သာမက “ဗကသ” ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။ ဒါတင်မကဘဲနဲ့ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ “ရကသ” ဆိုတာလည်း ဖွဲ့စည်းဆောင်ရွက် ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုမြင်စေချင်တာက တက္ကသိုလ်ကျောင်းကိုအခြေခံတဲ့ ကျောင်းသားသမဂ္ဂများသာမကတော့ဘဲနဲ့ ခရိုင်တွေ၊ မြို့နယ်တွေကိုအခြေခံတဲ့ ကျောင်းသားသမဂ္ဂ များပါ ဖွဲ့စည်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ မြန်မာနိုင်ငံအနှံ့ ခရိုင်၊ မြို့နယ်များမှာလည်းပဲ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြတာကိုတွေ့ရပါတယ်။ တစ်ခါလွတ်လပ်ရေးရခါနီးနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်းရောက်တဲ့အခါကြတော့  နိုင်ငံရေးသမားများဟာ မိမိတို့ရဲ့ အင်အား ရရှိရေးနဲ့ မိမိတို့လိုအပ်သလိုအသုံးပြုနိုင်ရေးအတွက် ကျောင်းသားထုအတွင်းဝင်ရောက်ပြီးတော့ စည်းရုံးဆောင်ရွက်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ သခင်သန်းထွန်းဦးစီးတဲ့ “ဗကပ” က ‌ကျောင်းသားတပ်ဦးဆိုပြီး ဖွဲ့စည်းလှုပ်ရှားခဲ့ပါတယ်။ သခင်စိုးဦးစီးတဲ့ “ဗကပ” ကတော့ ကျောင်းသား တပ်ဦးသစ်ဆိုပြီးတော့ ဖွဲ့စည်းလှုပ်ရှားလာခဲ့ပါတယ်။ ဦးကျော်ငြိမ်းရဲ့ “ဖဆပလ” ကတော့ (DSO) Democratic Student Organization ကျောင်းသားရဲခေါင်ဆိုပြီးတော့ ဖွဲ့စည်းလှုပ်ရှား ခဲ့ကြပါတယ်။ ထို့အတူပါပဲ “ပမညတ” တုန်းကလည်း “ဗကသ”များအဖွဲ့ချုပ်လို့ ဒီလိုဖွဲ့စည်းပြီးတော့ စည်းရုံးလှုပ်ရှားဆောင်ရွက်ခဲ့ကြတာကို ကျွန်တော်တို့တွေ့ရမှာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့အခုလို လူထုလူတန်းစားအဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ကြတော့မယ်ဆိုတဲ့အခါမှာ အတိတ်က သင်ခန်းစာတွေကိုရယူပြီး အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့လိုအပ်မှာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုဆောင်ရွက်ကြတဲ့အခါမှာ ကျွန်တော်တို့ ပြည်တွင်းဖြစ်စဉ်အခြေအနေ များကိုသာမက ကမ္ဘာအရပ်ရပ်ရဲ့အခြေအနေများကိုလည်း လေ့လာသုံးသပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်ရဲ့ တောင်သူလယ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းမှုကို အနည်းငယ် အကျဉ်းချုပ် ကျွန်တော်ပြောကြားလိုပါတယ်။ အမေရိကန်နိုင်ငံမှာ လယ်သမားများအနေနဲ့ ဒေသ အလိုက်ဖွဲ့စည်းမှု ဥပမာ-တက္ကဆတ်ပြည်နယ်လယ်သမားအဖွဲ့ဆိုတာမျိုးရှိသလို စိုက်ပျိုးသီးနှံအလိုက် ဖွဲ့စည်းမှု ဥပမာ- ပြောင်းစိုက်ပျိုးသူများအသင်း National Corn Grower Association ဆိုပြီး ဖွဲ့စည်းဆောင်ရွက်တာလည်းတွေ့ရပါတယ်။ ဒါ့အပြင် American Farmers Association ဆိုတာလည်းဖွဲ့စည်းဆောင်ရွက်ပြီးတော့ လယ်သမားများရဲ့အကျိုးအတွက် အထောက်အပံ့ပြုရေး၊ လယ်သမားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ လယ်သမားအကျိုး စီးပွားအတွက်လိုအပ်တဲ့ ဥပဒေများပေါ်ထွန်းလာရေးတို့ကို တိုက်တွန်းဆောင်ရွက်တယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ အလားတူပါပဲ သြစတြေးလျနိုင်ငံမှာလည်း National Farmers Federation (NFF) ကို ဖွဲ့စည်းပြီးတော့ လယ်သမားမူဝါဒတွေချမှတ်နိုင်ဖို့၊ လယ်သမားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ဖို့၊ လယ်သမားအကျိုးစီးပွားဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့ အဆိုပြုနိုင်ရေးတို့ကို တိုက်တွန်း ဆောင်ရွက်တယ်လို့လည်းသိရပါတယ်။ ဆွီဒင်နိုင်ငံမှာတော့ Federation of Swedish Farmers ဆိုတဲ့ NGO အဖွဲ့ကိုဖွဲ့တယ်လို့သိရပါတယ်။ ဒီအဖွဲ့ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်တဲ့မူဝါဒတွေနဲ့ ဥပဒေများပေါ်ပေါက်ရေး၊ လယ်သမားများကို နည်းပညာအရည်အချင်း အကူအညီပံ့ပိုးမှုတွေပေးရေး ဒါတွေကိုဆောင်ရွက်တယ်လို့ဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ Thai Farmers Association TFA နဲ့ Farmers Fedration of Thailand ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ရှိတာကိုလည်းတွေ့ရပါတယ်။ မလေးရှားနိုင်ငံမှာတော့  National Farmers Association (NFA) ဆိုပြီး ဖွဲ့စည်းဆောင်ရွက်တာတွေ့ရပါတယ်။ ဒီမလေးရှားမှာ ဖွဲ့စည်းဆောင်ရွက်မှုကတော့ Farmers Association Act (1967)နဲ့ Farmers Association Act (1973) တို့အရ ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကိုလည်းပဲ ကျွန်တော်တို့တတွေ ကျယ်ကျယ် ပြန့်ပြန့် လေ့လာသုံးသပ်စဉ်းစားပြီးတော့ ဆောင်ရွက်ကြဖို့လိုမှာဖြစ်တယ်လို့ဆွေးနွေးလိုပါတယ်။  

ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တောင်သူလယ်သမားအဖွဲ့အစည်းတစ်ရပ် ထူထောင်ရာမှာ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံတွေ၊ အတိတ်ကသင်ခန်းစာတွေလေ့လာဖော်ထုတ်ပြီး မိမိနိုင်ငံနဲ့ လူမျိုးအတွက် အနာဂတ်မှာအကောင်းဆုံးဖြစ်အောင်  စီမံဆောင်ရွက်သွားကြရမှာပဲ  ဖြစ်ပါတယ်။

လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းမှာဖြစ်ပျက်ခဲ့တဲ့ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားကိုယ်စားပြုအဖွဲ့အစည်းများရဲ့ အကွဲအပြဲမျိုးတွေ၊ နိုင်ငံရေးသမားများရဲ့ အသုံးချခံဖြစ်ရတဲ့ အခြေအနေမျိုးတွေထပ်မံမကြုံတွေ့ရအောင် စနစ်တကျစီမံဆောင်ရွက်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ အမှန်တကယ် တောင်သူလယ်သမားရဲ့ အကျိုးစီးပွားနဲ့ အမျိုးသားအကျိုး စီးပွားကိုဖော်ဆောင်ပေးနိုင်မယ်‌့၊ တောင်သူလယ်သမားရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်တဲ့၊ တောင်သူလယ်သမားများရဲ့ အသိပညာလူ့စွမ်းအားအရင်းအမြစ်တွေကို မြှင့်တင်ဖော်ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးပဲဖြစ်သင်‌့တယ်လို့ယူဆရပါတယ်။ မြို၊့ ရွာ၊ ရပ်ကွက် များအတွင်း၊ မြို့နယ်များအတွင်း၊ နိုင်ငံအတွင်း လယ်သမားများစိတ်ဝမ်းကွဲပြားပြီး စည်းလုံးမှု ပျက်ပြားမှုကို ကာကွယ်ထိန်းသိမ်းပေးရမှာဖြစ်တယ်လို့ပဲ ပြောကြားလိုပါတယ်။ ဒါ့ကြောင်‌့ ကျွန်တော်တို့အနေနဲ့ တောင်သူလယ်သမားကိုယ်စားပြုအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရေးအတွက် မိမိ နိုင်ငံရဲ့ အတိတ်သမိုင်းအတွေ့အကြုံ၊ ယနေ့နိုင်ငံနဲ့ပြည်သူရဲ့ ပကတိအရှိတရားအခြေအနေ၊ အခြား နိုင်ငံများရဲ့ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ အားသာအားနည်းချက်များကို အသေးစိတ် သုံးသပ်ပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားရဲ့ ရေရှည် အနာဂတ် အကျိုးစီးပွားအတွက် ခိုင်မာပြည့်စုံအောင် လေ့လာသုံးသပ်ညှိနှိုင်းပြီး လိုအပ်တဲ့ဥပဒေများ စတင်ရေးဆွဲခြင်း၊ အဲ့ဒီဥပဒေများကို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်သို့တင်ပြပြီး အတည်ပြု ပြဋ္ဌာန်းခြင်း၊ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေနဲ့အညီ တောင်သူလယ်သမားကိုယ်စားပြု အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းစသည်ဖြင်‌့ တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနဲ့ ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်မှာမှ အဲ့ဒီဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း