ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်အတန်းမီအောင် ဘက်စုံထောင့်စုံမှ ဆောင်ရွက်နေတာကို တွေ့ရှိ ရပါတယ်။ နှစ် ၃၀ နှစ်ရှည်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ကိုလည်း သိရပါတယ်။ Ph.D ဘွဲ့များကိုလည်း နိုင်ငံတော်၌မှာပင် ချီးမြှင့်အပ်နှင်းနေတာကိုလည်း တွေ့မြင်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ Ph.D ဘွဲ့ရပညာရှင်များသည် ကိုရီးယားနိုင်ငံတွင် သော်လည်းကောင်း၊ အာဆီယံ ၁၀ နိုင်ငံတွင်သော်လည်းကောင်း မြန်မာနိုင်ငံမှ ပထမဆုရရှိခဲ့တဲ့ အစဉ်အလာများလည်း ရှိခဲ့ရပါတယ်။ ထို Ph.D ပညာရှင်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တန်ဖိုးရှိစွာလူမှန်နေရာမှန်ဖြင့် ဝင်ရောက်လုပ်ကိုင်စေလိုပါတယ်။ ဒါကြောင့်မို့လို့ ဥပမာအားဖြင့် နိုင်ငံတော်မှထွက်ရှိသော စားအုန်းဆီများကို မလေးရှားနိုင်ငံသို့ပို့ပြီးတော့ အရောင်ချွတ်ခြင်း၊ အနံ့ပြုပြင်ခြင်းများကို ပြုလုပ်ပြီးမှ နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်း ရသဖြင့် တိုင်းပြည်ရဲ့ဘဏ္ဍာငွေများ ဆုံးရှုံးနေရပါတယ်။ နစ်နာနေရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံ အတွင်းမှာပဲ အရောင်၊ အနံ့ ချွတ်နိုင်တဲ့ Research များ၊ Ph.D ပညာရှင်များလည်း ပေါ်ထွန်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပညာရှင်များနဲ့ နိုင်ငံတော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ပါက တိုင်းပြည်ရဲ့ထွက်ငွေသက်သာပြီး ကိုယ့်နိုင်ငံပညာရှင်များ၏ Research များကို သုံးစွဲပံ့ပိုးကူညီရာ ရောက်ပါသဖြင့် ပိုမိုကြိုးစားတီထွင်ချင်စိတ်များ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တခြားဥပမာလုပ်ငန်းစဉ် များလည်းများစွာရှိပါသေးတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်၏ပညာရေး တိုးတက်မှုကိုမျှော်ကိုး၍ လည်းကောင်း၊ တန်ဖိုးရှိသော Research များကို တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးရှိစွာ အသုံးချ နိုင်စေရေး အတွက်လည်းကောင်း ရည်ရွယ်ပြီးတော့ အောက်ပါမေးခွန်းကိုမေးမြန်းခြင်း ဖြစ်ပါတယ်။ Ph.D Thesis Paper များကိုနိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်အောင် မည်သို့ မည်ပုံ ဆောင်ရွက်ထားပါသနည်း။ တန်ဖိုးရှိသော Research များကို ပြည်သူများအကျိုးအတွက် အသုံးပြုမှု ရှိပါသလား။ အသုံးမပြုသေးသော Research များကို ပြည်သူများအကျိုးအတွက် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် အစီအစဉ်များ ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပါရဂူဘွဲ့သင်တန်းသား၊ သင်တန်းသူများသည် ဘာသာရပ်ဆိုင်ရာ အထူးပြု နယ်ပယ်အလိုက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ရရှိလာသော သုတေသနရလဒ်များဖြင့် Ph.D Dissertation များတင်သွင်းရပါတယ်။ Ph.D Dissertation များတွင် ဘာသာရပ်ဆိုင်ရာ အထူးပြုနယ်ပယ်အလိုက် ရရှိလာသောသုတေသန တွေ့ရှိချက်များပေါ်မူတည်၍ (၁)ဘာသာရပ် အကျိုးပြုသုတေသနလုပ်ငန်းများ၊ (၂) ဒေသအကျိုးပြု သုတေသနလုပ်ငန်းများ၊ (၃) နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများဟူ၍ သုံးပိုင်းသတ်မှတ်ထားပါသည်။
နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးပြုနိုင်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ
Ph.D Dissertation များနဲ့ အခြားဘာသာရပ်ဆိုင်ရာ အထူးပြုနယ်ပယ်အလိုက်ရရှိလာသော သုတေသနတွေ့ရှိချက်များအပေါ်မူတည်၍ (၁) နိုင်ငံအကျိုးပြုသုတေသနစာတမ်း စုစုပေါင်း ၆၇၁ စောင်ကို ပညာရေးဝန်ကြီးဌာမှ ထုတ်ဝေသောတက္ကသိုလ်များ၊ သုတေသနဂျာနယ်များတွင် လည်းကောင်း၊ (၂)ဒေသအကျိုးပြုသုတေသနစာတမ်းစုစုပေါင်း ၁၁၇၃ စောင်ကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ထုတ်ဝေသောတက္ကသိုလ်၊ ဒီဂရီကောလိပ်အလိုက် သုတေသနဂျာနယ်များတွင် လည်းကောင်း(၃) ဘာသာရပ်အကျိုးပြုသုတေသနစာတမ်းစုစုပေါင်း ၁၄၅၃ စောင်ကိုမြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များအဖွဲ့မှ ထုတ်ဝေသော သုတေသနဂျာနယ်များတွင်လည်းကောင်း ထည့်သွင်း ဖော်ပြ၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဖြန့်ဝေလျက်ရှိပါတယ်။ ဘာသာရပ်အကျိုးပြု သုတေသနလုပ်ငန်းများ၊ ဒေသအကျိုးပြုသုတေသနလုပ်ငန်းများ၊ နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်း များကိုဆောင်ရွက်၍ ရရှိလာသောသုတေသနရလဒ်များဖြင့် သုတေသန ပိုစတာများပြုလုပ်ပြီး ပညာရေးဆိုင်ရာပြပွဲများတွင် အများပြည်သူများသိရှိနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြသလျက် ရှိပါတယ်။
ပြင်ပစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်မှုအစီအစဉ်
သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် လက်တွေ့နယ်ပယ်၌ စီးပွားရေး၊ ကုန်ထုတ်လုပ် ရေး၊ စီမံခန့်ခွဲရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဝန်ဆောင်မှုလုပ်ငန်းများစသည့်လုပ်ငန်းများတွင် တိုက်ရိုက် အသုံးချနိုင်သော အသုံးချသုတေသနများ ပိုမိုဆောင်ရွက်ခြင်းကို အားပေးလျက်ရှိပါတယ်။ ထိုသုတေသနလုပ်ငန်းများဆောင်ရွက်၍ ရရှိလာသောသုတေသနရလဒ်များနှင့် သုတေသနတွေ့ရှိ ချက်များအား သုတေသနစာတမ်းများအဖြစ်ပြုစုပြီး သုတေသနဂျာနယ်များတွင် ထည့်သွင်းဖော်ပြခြင်း နှင့် သုတေသနပိုစတာများ ပြသခြင်းတို့ဖြင့် သုတေသနရလဒ်များနှင့် သုတေသနတွေ့ရှိချက်များပါ
အသုံးချနယ်ပယ်တွင် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် အသုံးချနယ်ပယ်သို့ ပြောင်းလဲပေးရေးတို့ကို ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှ သုတေသနရလဒ်များနှင့် သုတေသန တွေ့ရှိချက်များအား စိတ်ဝင်စား၍ ဆက်သွယ်လာသူများရှိပါက သုတေသနလုပ်ငန်းဆိုင်ရာ ပညာရှင်များအား လွှဲပြောင်းပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
