(၂) မေးခွန်းကတော့ရေရှည်တွင် အခြားနိုင်ငံများနည်းတူ ပညာရေးကဏ္ဍအတွက် တိုးတက် သုံးစွဲနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့်မည်ကဲ့သို့ အစီအမံများထားရှိသည်ကို သိလိုပါ သည်။ မေးခွန်း (၂) ခုကိုမေးမြန်းခွင့်ပြုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီမေးခွန်း (၂) ခုနဲ့ ပတ်သက်ပြီးတော့ ကျွန်မအနေနဲ့ လေးမိနစ်ခန့်ရှင်းလင်းခွင့်ပြုပါ။ ဥက္ကဋ္ဌကြီးရှင့်။ မြန်မာနိုင်ငံမှာ C S O ဗဟိုစာရင်းအင်းအဖွဲ့ကနေ ထုတ်ဝေတဲ့ Statistical Year Book 2008 ကနေပြီတော့ ပြည်သူ့ဘဏ္ဍာငွေရှင်းတမ်းမှာကဏ္ဍအလိုက် အသုံးစရိတ်တွေကိုဇယားတွေနဲ့ ဖေါ်ပြ ထားရှိသော်လည်း ကျန်မာရေးနဲ့ပညာရေးအသုံးစရိတ်တွေကို တိကျစွာဖော်ပြထားခြင်း မတွေ့ရပါ ဘူး။ အစိုးရအဖွဲ့ ဘဏ္ဍာငွေခွဲဝေချထားရေးနဲ့ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစု ကျင့်သုံးနေသည်များ ကို လေ့လာကြည့်ရှုပါက အထူးအားဖြင့် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍကို အထူးဦးစားပေးပြီး အသုံးပြုတာကို တွေ့မြင်ကြရပါတယ်။ နိုင်ငံများကို တစ်ဦးချင်းဝင်ငွေအလိုက် အုပ်စုကြီးသုံးခုခွဲပြီး ကြည့်လို့ရပါတယ်။ ပထမအုပ်စုကတော့ ဝင်ငွေအနိမ့်ဆုံးနိုင်ငံဖြစ်ပြီး တစ်ဦးချင်းပျမ်းမျှတစ်နှစ် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၀၀၀ အောက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒုတိယအလယ်အလတ်အုပ်စုမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၉၀၀၀ ကြားရှိတဲ့အုပ်စုဖြစ်ပြီး၊ တတိယအမြင့်ဆုံးအုပ်စုက တော့ အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ အထက်မှာရှိတဲ့နိုင်ငံများဖြစ်ကြောင်း တွေ့ရပါတယ်။ အဲဒီတော့ ဒီနိုင်ငံအသီးသီးရဲ့ အစိုးရရဲ့အသုံးစရိတ်ငွေ စုစုပေါင်းမှာ ပညာရေးကဏ္ဍအတွက်ခွဲဝေ သုံးစွဲမှုပမာဏ ဟာဆိုရင် အနည်းဆုံးခုနှစ်ရာခိုင်နှုန်းကနေပြီးတော့ ၃၀ ရာခိုင်နှုန်းထိသုံးစွဲတာကို တွေ့ရပါတယ်။ နမူနာအနေနဲ့ ကြည့်မယ်ဆိုရင် ဝင်ငွေအနိမ့်ဆုံးနိုင်ငံများအုပ်စုမှ အီသီယိုးပီးယား နိုင်ငံရဲ့ ပညာရေး အသုံးစရိတ်က အစိုးရအသုံးစရိတ်စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းရှိပါတယ်။ လူတစ်ဦးချင်းအတွက် အသုံးစရိတ်အမေရိကန်ဒေါ်လာက ၉.၉၅ ဒေါ်လာရှိပါတယ်။ အဲဒီတော့ ပထမအုပ်စုက ဒုတိယအုပ်စု ကို ကူးပြောင်းနေတဲ့ အာဆီယံနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပညာရေးအသုံးစရိတ်မှာ တစ်ဦးချင်းစီ အတွက် အမေရိကန်ဒေါ်လာက ၂၇ ဒေါ်လာရှိပြီးတော့ ဒုတိယအဆင့်အုပ်စုမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့မလေးရှားမှာဆိုရင် တစ်ဦးချင်းအသုံးစရိတ် ၂၃၅ ဒေါ်လာ ကနေ ၄၀၅ ဒေါ်လာ အသီးသီးဖြစ်တာကို တွေ့ရပါတယ်။ အဲဒီတော့ ပြန်ကြည့်မယ် ဆိုလို့ရှိရင် ကျွန်မတို့အဆင့်သုံး စာရင်းဝင်နိုင်ငံများထဲမှာ အမေရိကန်ဒေါ်လာ ၂၅၀၀ အထိ သုံးစွဲထားတာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေအရဆိုရင် ၉/၂၀၁၁ အရဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍအတွက် လူတစ်ဦးကျအသုံးစရိတ် ကျွန်မအတိအကျ တွက်ကြည့်တာ ကတော့ ၅၄၁၃ ကျပ်ပဲရှိပါတယ်။ အဲဒီတော့ ခုန ကျွန်မပြောပြထားတဲ့ အီသီယိုးပီးယား နိုင်ငံရဲ့ ၂၀၀၈ ရဲ့ အမေရိကန်ဒေါ်လာ အသုံးစရိတ်ကဆိုရင် ၉.၉၅ ဒေါ်လာ တစ်နည်းအားဖြင့် တွက်ကြည့်ရင် ၁၀၀၀၀ လောက် ရှိတယ်။ ၁၀၀၀၀ ကျော်ရှိတယ်။ မြန်မာငွေက မြန်မာပြည်ကကျတော့ ၅၄၁၃ ကျပ်ပဲ ရှိတာတွေ့ရ ပါတယ်။ အဲဒီတော့ ဒီအသုံးစရိတ်မှာဆိုလို့ရှိရင် တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၂၀၀၀ အောက်ရှိတဲ့ ပထမအုပ်စုဝင်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံကဲ့သို့ နိုင်ငံထက် ထက်ဝက် နီးပါး နိမ့်ကျတာကို တွေ့ရပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဖြေကြားပေးပါရန် မေးမြန်းပါသည်။
[ဒေါ်တင်နွယ်ဦး(ဒဂုံမြို့သစ်မြောက်ပိုင်း) ၏ မေးခွန်း(စ)တွင် တစ်ပါတည်းထည့်သွင်း ဖြေကြားခဲ့ပါသည်]
