သန်လျင်မြို့နယ်၊ သူဋ္ဌေးကွင်းကျေးရွာကနေပြီးတော့ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာကိုဖောက်လုပ်ထားတဲ့ ၁၈ မိုင်အရှည် ကျောက်ကြမ်းလမ်း၊ မြေသားလမ်းအား ဆက်လက်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးနိုင်ပါကမည်သည့် ကာလမှာ ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
သန်လျင်မြို့နယ်အတွင်းရှိ သူဋ္ဌေးကွင်း၊ ပန်းကန်တောင်၊ ဖားကူး၊ မောင်းမလမ်းဟာ ၁၈ မိုင် ၄ ဖာလုံ အရှည်ရှိပြီး ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်လမ်းမကြီးနှင့်အပြိုင် ဖောက်လုပ်ထားတဲ့လမ်း ဖြစ်ပါတယ်။ ယခု ၂၀၁၁ ခုနှစ်၊ မေလအထိ လမ်းအခြေအနေကတော့ ကတ္တရာလမ်း ၁ မိုင်၊ ကျောက်လမ်း ၁၀ မိုင်၊ မြေလမ်း ၇ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၈ မိုင်နဲ့ ၄ ဖာလုံရှိတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ မြေလမ်း လမ်းတာပေါင်ဆောင်ရွက်ထားပြီး မိုးရာသီရေပြည့်လျှံတဲ့အချိန်မှာ အချို့နေရာ များမှာ လမ်းတာပေါင်နိမ့်ကျတဲ့အတွက် ရေကျော်ရေဖြတ်လမ်းပိုင်းများရှိပါတယ်။ ဆက်သွယ်သွားလာ မှုမပြတ်တောက်စေရေးအတွက် သစ်သားတံတားများကို ဦးစားပေးထိန်းသိမ်းပြီး ဆောင်ရွက်နေတဲ့ လမ်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ သာမန်ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေ၊ ခွဲဝေရရှိတဲ့ ရန်ပုံငွေနဲ့ အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ပေးထားတာရှိပါတယ်။ လမ်းတံတား သာမန် ပြင်ဆင်ထိန်းသိမ်းခြင်း ၁၈ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်းပျက်များ၊ ချိုင့်များအား ကျောက်ဖြည့်ခြင်း၊ အနိမ့်အမြင့်မြေညှိခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၁ ဖာလုံ၊ ကျောက်လမ်းပျက်အား ကျောက်ဖြည့်ပြီးတော့ အပွန်းခံလွှာတင်ခြင်း ၃ မိုင် ၅ ဖာလုံ၊ သစ်သားကြမ်းခင်း၊ ယက်မကြမ်းခင်း၊ ဘီးလမ်းများလဲခြင်း၊ တံတားအမှတ် ၁/၂ အရှည် ၁၀၅ ပေရှိ ဘော်ချောင်းတံတားတစ်စင်း၊ ပျက်စီးနေသောသံကူကွန်ကရစ်တံတားကြမ်းခင်းများ အသစ်လောင်းခြင်းကတစ်စင်း၊ ကျောက်လမ်း များအား ပြင်ဆင်ထိန်းသိမ်းခြင်းက ၁၁ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်းအဆင့်တိုးမြှင့်ခြင်းက ၁ မိုင်၊ တံတား ၂/၄ ကွန်ကရစ်တံတားပြင်ဆင်ခြင်းက တစ်စင်း၊ ဘော်ချောင်းတံတား သစ်သားတိုင်စင် ကြမ်းခင်းဘီးလမ်းတွေလဲခြင်းက တစ်စင်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သူဋ္ဌေးကွင်း- ပုဂံတောင်- ဖားကူး- မောင်းမလမ်းဟာ မြေသားတာပေါင်တည်ငြိမ်မှုနည်းပြီး ရေလွှမ်းမိုးဧရိယာမှာဖြတ်သန်းသွားတဲ့ ဆက်သွယ်သွားလာမှု လမ်းဖြစ်ပါတယ်။ ၎င်းလမ်းမပြတ်တောက်စေရေးအတွက် လွယ်ကူမှုလည်းရှိလာအောင် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေနှင့် တိုင်းဒေသကြီးရဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကိုလျာထားချက်များမှာတင်ပြတောင်းခံသွားမှာဖြစ်ပြီး ခွဲဝေရန်ပုံငွေရရှိမှုအခြေအနေပေါ်မှာ မူတည်ပြီး လမ်းတံတားများအားအဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
