(စ)-မိုင်းတုံမြို့နယ် (၂၅)ခုတင်ဆံ့ဆေးရုံသည် သတ်မှတ်ထားသော ခုတင်အသုံးချမှု ၁၅၀ % ထက်ကျော်လွန် နေပြီဖြစ်ပါ၍ ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၅.၂၀၁၈)

 

မိုင်းတုံမြို့၏အရှေ့ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် အနောက်ဘက်တွင် မိုင်းပန်မြို့နယ်တို့ကို သံလွင်မြစ်ဖြင့် ပိုင်းခြားထားပြီး မြောက်ဘက်တွင် မိုင်းပျဉ်း မြို့နယ်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါကြောင်း၊ မိုင်းတုံမြို့နယ်သည် စတုရန်းမိုင် ၂၂၅၂.၂၈၈ မိုင်ကျယ်ဝန်းပြီး မြို့နယ်အတွင်း မြို့နှစ်မြို့နှင့် ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၁၆ ခု၊ ကျေးရွာပေါင်း  ၁၁၄ ရွာနှင့် တပ်ရင်းရှစ်ရင်း အခြေချစစ်ဗျူဟာ တစ်ခုရှိပြီး လူဦးရေ ၇၀၀၀၀ ကျော် နေထိုင်ကြပါကြောင်း၊ ‘ဝ အထူးဒေသ (၂) တပ်စွဲထားရာ ဒေသလည်းဖြစ်ပြီး သွားရေးလာရေး ခက်ခဲသည့် နယ်စပ်မြို့ဖြစ်သည့်အတွက် ဒေသအတွင်း ရှမ်း၊ လားဟူ၊ ဝ ၊ ဗမာ တိုင်းရင်းသားများ နေထိုင်ကြပြီး ကျန်းမာရေးအသိပညာ နည်းမှုကြောင့် အသည်းအသန်ဖြစ်မှသာ ဆေးရုံသို့ပြေးလာကြ သည့်အတွက် ကျန်းမာရေးအသိပညာပေးမှုများ၊ သင်တန်းပေးခြင်းများ အထူးဆောင်ရွက်ပေးရန် လိုအပ်သော ဒေသလည်း ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ် မိုင်းတုံမြို့နယ်ဆေးရုံ၏ ခုတင်အသုံးချမှုနှင့် ဆေးရုံမှတ်တမ်းကို ဝန်ကြီးဌာနအား ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ၂၅ ခုတင်ဆံ့ဆေးရုံတွင် ခုတင်အသုံးချမှုသည် ၁၅၉.၆ ရာခိုင်နှုန်း ရှိနေသည့်အတွက် ခြောက်ဆတိုးလာသည့် လူနာများနှင့် ဝန်ထမ်းများသည် အင်နှင့်အားမမျှတသည့်အတွက် နားချိန်မရှိဘဲ အလုပ်လုပ်နေကြရပါကြောင်း၊ မိုင်းတုံမြို့နယ်ဆေးရုံကို ၁၉၆၂ ခုနှစ်ကတည်းက တည်ဆောက်ထားသည့်အတွက် လက်ရှိအဆောက်အဦတွင် ဒိုင်းများနှင့် အမိုးများအချို့ မိုးယိုပျက်စီးလျက်ရှိနေပြီး ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေပါကြောင်း၊ နဂိုဆေးရုံအဆောက်အဦမှာ ကျယ်ဝန်းသည့်အတွက် လူနာခုတင် ၅၀ ဆံ့ဝင်နေပါသော်လည်း လူနာသည် ၅၀ ထက်မကဘဲ များပြားလာသည့်အတွက် အရေးပေါ်တိုးချဲ့ဆောင်အဖြစ် ၂၄ ပေ x ၉၆ ပေ အုတ်ညှပ်၊နံကပ်တစ်ထပ် တစ်ဆောင်ကို ခုတင် ၂၀ ဆံ့အဆောက်အဦနှင့် လိုအပ်သော ခုတင်၊ ထိုင်ခုံများကို ပြည်သူလူထုအားဖြင့် ၂၀၁၇ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားပြီး ဖြစ်ပါကြောင်း၊ ခုတင်အသုံးချမှုမှာလည်း ၁၅၀ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် လတ်တလောဆေးဝါး လုံလောက်စွာ ရရှိရန် ဝန်ထမ်းများနှင့် လူနာများမမျှဖြစ်နေသည့်အတွက် ဝန်ထမ်းဖွဲ့စည်းပုံ အမြန်တိုးမြှင့်ပေးရန်နှင့် ဝန်ထမ်း အိမ်ရာခွင့်ပြုချထားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) သတ်မှတ်ခုတင်အသုံးချမှု ၁၅၀ ရာခိုင်နှုန်း ပြည့်မီကျော်လွန်နေပြီဖြစ်ပါ၍ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ (၂) မူလ ဆေးရုံအား ပြင်/ထိန်းဆောင်ရွက်ပေးရန်၊ (၃) ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန်၊ (၄) ပထမဦးစား ပေးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်မရှိကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိမိတို့မှာ Criteria တွေရှိပါကြောင်း၊ ၂၅ ကနေ ၅၀။ Criteria များ ပြန်ကြည့်လိုက်သည့်အခါ ၂၀၁၇ ခုနှစ်တွင် ဆေးရုံခုတင် အသုံးချနှုန်းက ၁၆၀ ရှိသော်လည်း ပြည်သူ့ကျန်းမာရေးပညာတွင် စာရင်းဇယားကိုကြည့်ပြီး ဆုံးဖြတ်ချက်ချ၍ မရပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ခုတင်အသုံးချနှုန်း ၃၃ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၁၆၀ ထိ တက်လာပါကြေင်း၊ ဇူလိုင်လမှ နိုဝင်ဘာလအထိ တက်သွားသည်ကို  TMO ဖြင့် ကြည့်သည့်အခါ သွေးလွန်တုပ်ကွေး (Dengue he morrhagic Fever) ဖြစ်၍ တက်ခြင်းဖြစ်ပါကြောင်း၊ အကယ်၍သာ မိုင်းတုံတွင် ဆက်လက်ပြီး နောက်ထပ်တစ်နှစ်၊ နှစ်နှစ် တက်နေမည်ဆိုပါက ၂၅ ခုတင်ကနေ ၅၀ ခုတင်ကို ပေးရန် ဝန်မလေးပါကြောင်း၊ နောက်နှစ်ကို မိမိတို့စောင့်ကြည့်ပြီး နောက်နှစ်တွင်လည်း ၎င်းကဲ့သို့ မတက်အောင် ကောင်းကောင်းပညာပေးမည်ဆိုလျှင် မဖြစ်သင့်သည့်ရောဂါ မဖြစ်အောင်စပြီး အများကြီး လုပ်ဆောင်နေပါကြောင်း၊ နောက်တစ်ချက်က ထိုဆေးရုံတွင် လိုအပ်သည့် ECG စက်အသစ်တစ်လုံး၊ Blue Photo Stand တစ်ခုတို့၊ Baby Warmer တစ်ခု၊ Baby Cot ၁၀ လုံး၊ Locker ငါးလုံးကို ၂၀၁၈ ခုနှစ် ဇွန်လတွင် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆေးရုံတွင်ရှိသည့် ခြံစည်းရိုးကာရံရန် အတွက်ကို ၉.၄ သန်း၊ အမျိုးသမီးလူနာဆောင် အမိုးပြုပြင်ရန် ၅.၃ သန်း၊ ဆေးရုံအဝင်လမ်း ကွန်ကရစ်ခင်းခြင်းကို ၄.၄ သန်း၊ လူနာဆောင် ကြွေပြားခင်းခြင်းကို ၅.၂ သန်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ရေးလုပ်ငန်းများကိုလည်း ယခုဘဏ္ဍာတွင်  ခွဲဝေချထားမည် ဖြစ်ပါကြောင်း၊ တိုးချဲ့ဆောင်အသစ်နှင့် အဟောင်း အဝင်လမ်း ကွန်ကရစ် ခင်းခြင်းကိုလည်း ၁.၂ သန်း၊ ကူးစက်လူနာဆောင် ကြွေပြားခင်းခြင်းကိုလည်း ၁.၇ သန်း၊ တိုးချဲ့ဆောင်အဟောင်းနှင့် အသစ်ကြား ကွန်ကရစ်ခင်းခြင်းကိုလည်း ၁.၆ သန်း၊ ထုံးစံအရ ၂၅ ခုတင်ဆိုလျှင်  ၁၅ သန်း၊ ၁၅ သန်းကို ပိုပြီး ၃၂.၇၂ သန်း ပေးပါကြောင်း၊ ထို့အပြင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ဆေးရုံ၏အဓိက လိုအပ်ချက်ဖြစ်သည့် ရင်ခွဲရုံပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ နောက် ဆေးရုံ၏ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှင့် အခြားလိုအပ်ချက်၊ ကုသရေးလိုအပ်ချက်များကို ကုသရေးနှင့်ဆိုင်မည်ဆိုလျှင် ရန်ပုံငွေတိုးချဲ့ပြီး ပေးရန်လည်းဝန်မလေးပါကြောင်း၊ ယခုအခါ မိုင်းတုံပြည်သူ့ဆေးရုံ၏ လိုအပ်ချက်အရ ကုသရေးဝန်ဆောင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်သကဲ့သို့ ၂၀၁၈-၁၉ ခုနှစ်တွင်လည်း ငွေလုံးငွေရင်းနှင့် ခြောက်ခန်းတွဲတစ်ထပ် ဝန်ထမ်း အိမ်ရာတစ်လုံးနှင့် ခွဲစိတ်အဆောက်အဦတစ်လုံး တည်ဆောက်ခြင်းကို မိမိတို့စာရင်းထဲတွင် ထည့်ထားပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်ကျော်ဦး(မိုင်းတုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ခုတင် အသုံးချမှုရာခိုင်နှုန်းနည်းသည့် အကြောင်းရင်းက ယခင်က မိမိတို့ဆီတွင် ဆရာဝန်များသည် များသောအားဖြင့် ဆေးကုသခြင်းမပြုဘဲ မိုင်းဆတ်ကို သွားခိုင်းခြင်း၊ တာချီလိတ်ကို သွားခိုင်းခြင်း၊ ထိုင်းကိုသွားခိုင်းခြင်း စသည့် ကိစ္စများရှိခြင်းကြောင့် မိုင်းတုံတွင် စကားတစ်ခုကြားခဲ့သည်မှာ မိမိတို့ဆီတွင် သွားဆရာဝန်သာ ရှိပါသည်ဆိုပြီး စကားတစ်ခု ကျန်ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ခုတင်အသုံးချမှု နည်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးပြောသွားသည့် တစ်နှစ်တည်း လူနာများလာသည့် ကိစ္စကို စောင့်ကြည့်မည်ဆိုလျှင် နဂိုကလည်း ခုတင်အသုံးချမှု ၁၅၀ အထက်ကျော်လွန်မည်ဆိုပါက အဆင့်တိုးပေးမည်ဆိုပြီး ကတိပေးထားခြင်း ရှိပါကြောင်း၊ ၎င်းကတိအတွက် အဆင့်တိုးပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

အဆင့်တိုးပေးမည်ဆိုသည်မှာ ၁၆၀ တက်လာခြင်း၏ အကြောင်းရင်းက ဖြစ်ရိုးဖြစ်စဉ်တက်ခြင်း မဟုတ်ပါကြောင်း၊ ဖြစ်ရိုးဖြစ်စဉ်ဆိုသည်မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ထိခိုက်ရောဂါနှင့် တက်လာသည်ဆိုလျှင် ၎င်းကို ချက်ချင်းပေးသင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ သို့သော် ၁၆၀ တက်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ် ခေတ္တခဏဖြစ်သည့် Epidemic Disease ကြောင့် တက်ခြင်းဖြစ်သည့်အတွက် နောက်နှစ် တက်မည့်အလားအလာ အလွန်နည်းသည့်အတွက် နှစ်နှစ်၊ သုံးနှစ် စောင့်ကြည့်မည်ဟု ပြောခြင်းဖြစ်ပါကြောင်း၊ နောက်နှစ်တွင် တက်မည်ဆိုလျှင် မိမိမှပေးမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အားလုံးကို ပေးချင်သော်လည်း ပေးသည့်အခါ ပေးသင့်ပေးထိုက်သည်ကို ပေးမည်ဖြစ်သည့်အတွက် မိမိတို့ စောင့်ကြည့်ပါမည်၊ ၁၅၀ ထက်ကျော်နေလျှင် စဉ်းစားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။