(ဆ)-ADSL အင်တာနက်သုံးစွဲသူများအတွက် လစဉ်ကျသင့်ငွေများကို တယ်လီဖုန်းခေါ်ဆိုခများကဲ့သို့ ပြောင်းလဲကောက်ခံရန်၊ငွေတောင်းခံလွှာများကိုအချိန်မီ စာတိုက်မှဖြစ်စေ၊ Onlineမှ ဖြစ်စေ တောင်းခံရန်နှင့်Service ဌာနတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၅. ၆. ၂၀၁၄)

အင်တာနက်ချို့ယွင်းမှုရှိပါက တာဝန်ခံဖြေရှင်းပေးမည့် Service ဌာနတစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း  ADSL အင်တာနက်သုံးစွဲသူများအတွက် လစဉ်ကျသင့်ငွေများကို တယ်လီဖုန်းခေါ်ဆိုခများကဲ့သို့ ပြောင်းလဲကောက်ခံရန်၊ ငွေတောင်းခံလွှာများကို သုံးစွဲသူများထံ အချိန်မီ စာတိုက်မှဖြစ်စေ၊ Onlineမှ ဖြစ်စေ တောင်းခံရန်နှင့် ADSL

         တယ်လီဖုန်းလိုင်းနဲ့ချိတ်ဆက်သုံးစွဲရတဲ့ ADSL အင်တာနက်ကို ကျွန်တော့်အနေနဲ့ ၂၀၀၆ ခုနှစ်ကတည်းက ကိုယ်တိုင်သုံးစွဲခဲ့ပါတယ်။ ဒီလိုသုံးစွဲရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအပေါ် မူတည်ပြီးတော့ ADSL အင်တာနက်သုံးစွဲသူများကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်။ တယ်လီဖုန်း လိုင်းနဲ့ ချိတ်ဆက်သုံးစွဲရတဲ့ ADSL အင်တာနက်များ ချို့ယွင်းမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ IT Section ကို ဆက်သွယ်ရပါတယ်။ အဲ့ဒီဆက်သွယ်တဲ့အခါတိုင်းမှာ တယ်လီဖုန်းလိုင်း များ စစ်ဆေးပေးရန် ပြောကြားလေ့ရှိပါတယ်။ သုံးစွဲသူအနေနဲ့တယ်လီဖုန်းလိုင်းများ၊ တယ်လီဖုန်း ဌာနနဲ့ ဆက်သွယ်စစ်ဆေးရပါတယ်။ တယ်လီဖုန်းလိုင်းများ ကောင်းမွန်ပါက IT Section ကို ထပ်မံ ဆက်သွယ်ပြီးတော့ အင်တာနက်ဆက်သွယ်မှုကို ထပ်မံစစ်ဆေးပေးရန် အကြောင်းကြားရလေ့ရှိပါ တယ်။ အမှန်စင်စစ်တယ်လီဖုန်းလိုင်းများနဲ့ အင်တာနက်ဆက်သွယ်မှုလုပ်ငန်းများမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတစ်ခုတည်း၏ ကြီးကြပ်မှုအောက်တွင်ရှိပါတယ်။ ADSL အင်တာနက်သုံးစွဲတဲ့ပြည်သူများအတွက် ချို့ယွင်းမှုများကို ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိဌာန တစ်ခုခုမှ တာဝန်ခံပြီးတော့ အဆင်ပြေအောင် စီစဉ်ပေးသင့်ပါတယ်။ ဒါကြောင့်မို့လို့ ADSL သုံးစွဲသူ ပြည်သူများအဆင်ပြေစေရေးအတွက် အောက်ဖော်ပြပါမေးခွန်းသုံးခုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းလိုပါတယ်။ (က) ADSL အင်တာနက်သုံးစွဲသူများအတွက် လစဉ်ကျသင့်ငွေများကို တယ်လီဖုန်းခေါ်ဆိုခများကဲ့သို့ သုံးစွဲမှုအလိုက် ပြောင်းလဲကောက်ခံရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်။ မရှိပါက မရှိရသည့်အကြောင်းကို  သိလိုပါသည်။ (ခ) ADSL အင်တာနက် Bill များကို  လက်ရှိအခြေအနေတွင် သုံးစွဲသူများထံ စာတိုက်မှ ပေးပို့ခြင်းမပြုဘဲ သုံးစွဲသူ များကသာ စာတိုက်သို့သွားရောက်ရှာဖွေ ပေးဆောင်ရလေ့ရှိပါတယ်။ ယင်းစနစ်အစား ငွေတောင်းခံ လွှာများကို သုံးစွဲသူများထံအချိန်မီ စာတိုက်မှဖြစ်စေ၊ Online မှဖြစ်စေ တောင်းခံရန်အစီအစဉ်ရှိ/မရှိ။ (ဂ) ADSL အင်တာနက်ချို့ယွင်းမှုရှိပါက တယ်လီဖုန်းလိုင်းများနှင့် အင်တာနက် Connection တို့ကို သုံးစွဲသူများအကျိုးအတွက် တာဝန်ခံ‌ဖြေရှင်းပေးမည့် Service ဌာနတစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက မည်သည့်အတွက်မရှိကြောင်းနှင့်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဦးဝင်းသန်း(ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန)
အဖြေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ ADSL Service ကို 512 kbps မှ 2.5 Mbps အထိ ကျွန်တော်တို့ Service Plan ငါးမျိုးခွဲခြားထားပြီး နှုန်းထားငါးမျိုးနဲ့ ကောက်ခံလျက်ရှိပါတယ်။ ADSL အင်တာနက်သုံးစွဲသူတွေအတွက် လစဉ်ကျသင့်ငွေတွေကို သုံးစွဲမှုအလိုက် ပြောင်းလဲကောက်ခံဖို့ အတွက် လက်ရှိ ADSL  စနစ်မှာ Billing နှင့်သက်ဆိုင်တဲ့ စက်ပစ္စည်းအချို့ကို ထပ်မံတပ်ဆင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။ ဒီလိုတပ်ဆင်မယ့်စက်ပစ္စည်းတွေအတွက် ခန့်မှန်းကုန်ကျငွေတွေကို တွက်ချက်ပြီးတော့ ရန်ပုံငွေရရှိရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်ပြီးတဲ့အခါမှာ စက်ပစ္စည်းကိရိယာတွေတပ်ဆင်ပြီး လုပ်ငန်းများကိုဆောင်ရွက် သွားမှာဖြစ်ပြီးတော့ ယခုလက်ရှိအသုံးပြုနေတဲ့ ပုံသေကောက်ခံလျက်ရှိတဲ့ စနစ်ကနေပြီးတော့ ပထမတစ်ချက်အနေနဲ့ သုံးစွဲမှုအလိုက်သော်လည်းကောင်း၊ ဒုတိယအချက်အနေနဲ့ သုံးစွဲတဲ့အချိန် အလိုက်သော် လည်းကောင်း နှစ်သက်ရာစနစ်ကို သုံးစွဲသူတွေကနေပြီးတော့ ရွေးချယ်အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားဖို့လည်း စီစဉ်ထားရှိပါတယ်။ အဲ့လိုပြောင်းလဲကောက်ခံဖို့ အစီအစဉ်တွေ ကိုလည်း အများပြည်သူတွေသိရှိနိုင်ဖို့ ကြိုတင်အသိပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာွဖစ်ပါသည်။

လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ADSL လိုင်းများ တပ်ဆင်ပြီးလို့ရှိရင် တပ်ဆင်ပြီးတဲ့ စာရင်းတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနကို ပေးပို့ပြီးတော့ ငွေစာရင်းဌာနမှာ ရှိတဲ့ Billing Center များမှာ ငွေတောင်းခံလွှာများ ထုတ်ဆင့်ပြီးတော့ အဲ့ဒီငွေတောင်းလွှာတွေကို သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မန်နေဂျာရုံးများမှတစ်ဆင့် သုံးစွဲသူတွေထံကို စာတိုက်ကနေပြီးတော့ ပေးပို့တဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ADSL အင်တာနက်ချို့ယွင်းမှုများဖြစ်ပေါ်ပါကလည်း  သက်ဆိုင်ရာမြို့နယ် အိတ်ချိန်းတာဝန်ခံများကို လည်းကောင်း၊ နံပါတ်(၁၀၂) သို့မဟုတ် (၁၀၆) Complaint Phone များသို့လည်းကောင်း၊ ဆက်သွယ်အသိပေးအကြောင်းကြားနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားပါသည်။