(က)-ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရေးနှင့်လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးနိုင်ရေးကို မည်သို့ဆောင်ရွက်လျက်ရှိပြီး တောင်ယာမြေများထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးစီမံကိန်း တစ်ရပ် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၄. ၆. ၂၀၁၄)

ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရေး၊ အတည်တကျတောင်ယာစိုက်ပျိုးမြေများ တိုးတက် လာစေရေးနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်ရေးကို မည်သို့အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပြီး တောင်ယာမြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီမံကိန်း တစ်ရပ် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော့်အနေနဲ့ ဖြစ်ပေါ်တိုးတက်လာတဲ့ ဒီမိုကရေစီပုံရိပ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရောက်ရှိလာတော့မယ့် အချိန်အခါနှင့်အညီ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို လည်းကောင်း၊ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ပြည်မပြည်နယ်မကျန်၊ လူနည်းစုလူများစုမကျန်၊ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒနဲ့လည်းကောင်း၊ အကျိုးခံစားမှုရရှိစေဖို့အတွက် လည်းကောင်း၊ တောင်ယာမြေနဲ့တောင်ယာမြေကိုအခြေပြု စိုက်ပျိုးရေးလုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ မေးခွန်းသုံးခုကို မေးမြန်းတင်သွင်း သွားမှာွဖစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်ယာမြေရဲ့ အနက်အဓိပ္ပာယ်ကို ယခင်ကတော့ ရွှေ့ပြောင်းတောင်ယာတစ်ခုသာ အနက်အဓိပ္ပာယ်ဖွင့်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ ရွှေ့ပြောင်းတောင်ယာနဲ့ အတည်တကျ စိုက်ပျိုးတဲ့ တောင်ယာဆိုပြီးတော့ ဒီလိုပဲ အသိအမှတ်ပြုလာခဲ့ကြပါတယ်။ တကယ်တော့ ရွှေ့ပြောင်း တောင်ယာဟာ ခေတ်မမီတော့တဲ့ စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်တဲ့အတွက် ဆိုးကျိုးများရှိခဲ့ပါတယ်။ တောခုတ်ရတဲ့အတွက် သစ်တောများပြုန်းတီးပါတယ်။ လုပ်အားတွေဆုံးရှုံးပါတယ်။ မီးရှို့ရတဲ့အတွက် ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိပါတယ်။ လေထုညစ်ညမ်းမှုတွေဖြစ်ပါတယ်။ အတည်တကျမဟုတ်တဲ့အ တွက် နေရထိုင်ရရွှေ့ပြောင်းရတဲ့အတွက် အတည်တကျမရှိပါဘူး။ ပိုင်ဆိုင်မှု၊ လုပ်ပိုင်မှုအနေနဲ့လည်း ရွှေ့ပြောင်းတောင်ယာကို သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်ထုတ်ပေးနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီရွှေ့ပြောင်းတောင်ယာစနစ်ဟာ ဖွံ့ဖြိုးမှုနောက်ကျ၊ စီးပွားရေးတွက်ခြေမကိုက်တဲ့ အတွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ ဒီရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းပပျောက်ဖို့ အတွက် မေးခွန်း(၁)ကို ကျွန်တော်အခုကို မေးချင်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစနစ် တဖြည်းဖြည်း လျော့နည်းလာစေရန်နဲ့ အတည်တကျ တောင်ယာစိုက်ပျိုးမြေများ တိုးတက်ထွန်းကားလာစေရေး အတွက် ဒေသအလိုက် မည်သို့သောအစီအမံများ ချထားဆောင်ရွက်လျက်ရှိသနည်းလို့ ဒီလိုနံပါတ်(၁) အနေနဲ့ မေးခွန်းမေးလိုပါတယ်။ မေးခွန်း(၂)အနေနဲ့ကတော့ ဒီရွှေ့ပြောင်းတောင်ယာ အတည်တကျ တောင်ယာစနစ်ကတော့ ကျွန်တော်တို့ လယ်ယာမြေမှတ်ပုံတင်တွေ ဆောင်ရွက်လို့ရပါတယ်။ ရွှေ့ပြောင်းတောင်ယာကိုတော့ လယ်ယာမြေမှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ ဒီလို လေ့လာ သိရှိရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွေမှာတော့ လယ်ယာမြေအဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ တောင်ယာဆိုတဲ့ တောင်ယာသည် လယ်ယာမြေထဲမှာပါပါတယ်။ တောင်သူ လယ်သမားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာလည်း မြေယာကိုအခြေပြုလုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တောင်သူလယ်သမားလို့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတွက် ဒီဥပဒေနှစ်ရပ်နဲ့လည်း ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်စားသောက်တဲ့ တောင်သူလယ်သမားတွေဟာ အကျုံးဝင်တယ်လို့ ဒီလို ကျွန်တော် နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်တွေရဲ့ ဒီတောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွား၊ အကူအညီတွေ၊ ဥပဒေအရ အကူအညီတွေ၊ အထောက်အပံ့တွေ၊ အကာအကွယ်ပေးမှုတွေ ဒါတွေကို ပြည့်ပြည့်ဝဝ ခံစားဖို့အတွက် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်တဲ့ တောင်သူလယ်သမားများကို အသိအမှတ်ပြုတစ်ခုခု ဆောင်ရွက်ပေးသင့်တယ်လို့ ဒီလိုမြင်ပါတယ်။

ဒါကြောင့်မို့လို့ မေးခွန်း(၂)ကို ကျွန်တော်ဒီလို မေးချင်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုး လုပ်ကိုင်သူများဖြစ်သော တောင်သူလယ်သမားများအား အတည်ပြုပြဋ္ဌာန်းပြီးသည့် လယ်ယာမြေ ဥပဒေအရလည်းကောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပ‌ဒေအရလည်းကောင်း၊ ခံစားခွင့်အခွင့်အရေးများနဲ့ ကူညီပံ့ပိုးမှုများအပြည့်အဝ အကျုံးဝင် ခံစားရရှိစေနိုင်ရန် ရွှေ့ပြောင်းတောင်ယာမြေများကို လက်ရှိပိုင်ဆိုင်မှု ဓလေ့ထုံးတမ်းအရဖြစ်စေ၊ အခြားသင့်လျော်သော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ဖြင့်ွဖစ်စေ၊ လယ်ယာမြေလုပ်ကိုင်ခွင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ရန်ရှိကြောင်း ဒီလို မေးလိုပါတယ်။

တတိယမေးခွန်းကတော့ ကျွန်တော့်အနေနဲ့ ဒီရွှေ့ပြောင်းတောင်ယာတွေကို အတည်တကျ တောင်ယာနဲ့ ရွှေ့ပြောင်းတောင်ယာဒေသတွေကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒနှင့် မေးခွန်းမေးသွားမှာ ဖြစ်ပါတယ်။ ယခင်တပ်မတော်အကြီးအကဲရဲ့ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး အထူးစီမံကိန်းကြီးကို အမြော်အမြင်ကြီးမားစွာနဲ့ဆောင်ရွက်ခဲ့တဲ့ အတွက် ယင်းရဲ့အသီးအပွင့်များဟာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးစတဲ့ဒေသရှိ တောင်ကတုံး၊ တောင်ခြောက်များစွာ စိမ်းလန်းစိုပြေလာခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ခဲ့လို့လည်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီးတော့ စိုက်ပျိုးရေပါ အကျိုးရှိနေပါတယ်။ ဒါဟာ အထူးစီမံကိန်းကြီးလုပ်ခဲ့တဲ့ သာဓကကို ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ လက်ရှိအခြေအနေမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး မလွဲမသှေရရှိအောင်ဆောင်ရွက်မယ်လို့ ဆိုလာတဲ့အတွက် အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဟာ တောင်တန်းဒေသ ပြည်နယ်တွေမှာ အခြေချလုပ်ကိုင်စားသောက်၊ စစ်ပြေးစစ်ရှောင် တွေဟာလည်း မကြာမီမှာ တောင်ပေါ်ဒေသတွေမှာ အခြေပြုကြရတော့မှာဖြစ်ပါတယ်။ ယင်းတို့ရဲ့ ရပ်တည်ရေးကို နိုင်ငံတော်က အရင်းမတည်ပျိုးထောင်ပေးရမှာလည်းဖြစ်ပါတယ်။ ဒီ့အတွက် လက်ရှိ ရပ်တည်နေကြတဲ့ တောင်ယာလုပ်သားတိုင်းရင်းသားများနဲ့ ရောက်ရှိလာမယ့် ညီအစ်ကိုမောင်နှမ များကို စိုက်ပျိုးရေးဖွံ့ဖြိုးဖို့၊ တောင်ယာလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် စီမံကိန်းကြီးများ ကြိုတင်ချမှတ် ပြီးတော့ ဒီအထူးစီမံကိန်းကြီးကို အကောင်အထည်ဖော်မယ့် တောင်ယာစိုက်ပျိုးမှုဖွံ့ဖြိုးရေးဦးစီးဌာန လိုဟာမျိုး ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ အထူးသင်‌့လျော်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးခွန်း(၃)ကို ယခုလို မေးမြန်းအပ်ပါတယ်။ ရွှေ့ပြောင်းတောင်ယာနဲ့ အတည်တကျတောင်ယာမြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှလည်းကောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့မှလည်းကောင်း အထူးစီမံကိန်းကြီးတစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)
အဖြေ

 ပြည်နယ်/တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ ဖြေကြားချက်များနှင့်အတူ ကျွန်တော်ရှင်းလင်းတင်ပြသွားမှာွဖစ်ပါတယ်။ ရှေးဦးစွာ ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရန်အတွက်  တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စီစဉ် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြအပ်ပါတယ်။

ကချင်ပြည်နယ်အတွင်း တောင်ပေါ်ဒေသတွင်နေထိုင်သည့် တောင်သူများ အသက်မွေး ဝမ်းကြောင်းပြုနိုင်ရေးအတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်သွားနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဧက ၂၀၀၀၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဧက ၃၀၀၀ ကိုတစ်ဧကလျှင် ကျပ် ၁၃ သိန်း နှုန်းဖြင့်တွက်ချက်၍ ပြည်နယ်ရန်ပုံငွေမှ ကျခံသုံးစွဲရန် စီမံထားရှိကြောင်း၊ ဘဏ္ဍာငွေရရှိပါက နယ်မြေ တည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ အတည်တကျစိုက်ပျိုးမြေများ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ကယားပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစနစ်မှ အတည်တကျလှေကားထစ် တောင်ယာ စနစ်သို့ ကူးပြောင်းဆောင်ရွက်ရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဒီမောဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ဧက ၁၀၀ စီဖော်ထုတ်ဆောင်ရွက်ရန် ရန်ပုံငွေရရှိပြီးဖြစ်၍ စုစုပေါင်း အတည် တကျ လှေကားထစ်တောင်ယာဧက ၃၀၀ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ် များတွင်လည်း ဖြစ်နိုင်ချေရှိသော နေရာများရွေးချယ်၍ ရွှေ့ပြောင်းတောင်ယာစနစ်မှ လှေကားထစ် တောင်ယာစနစ်သို့ တိုးတက်ကူးပြောင်းဆောင်ရွက်နိုင်ရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

ကရင်ပြည်နယ်တွင် ၂၀၁၃-၂၀၁၄ ခုနှစ် မြေအသုံးချမှုစာရင်းအရ တောင်ယာစိုက်ပျိုးမြေ ၇၀၀၀၀ ဧကကျော်ရှိပါကြောင်း၊ ဒေသခံတောင်သူများ၏ ဝမ်းစာစပါးလိုအပ်ချက်အရ တောင်ယာ စပါးမဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်လိုသူများအတွက် အတည်တကျ တောင်ယာစိုက်ပျိုးမှုဖြစ်စေရန် ကုန်းမြင်‌့လှေကားထစ်လယ်ယာများ ဖော်ထုတ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါ တယ်။

ချင်းပြည်နယ်အတွင်း ရွှေ့ပြောင်းတောင်ယာစနစ် တဖြည်းဖြည်းလျော့နည်းလာစေရန် လှေကားထစ်တောင်ယာစနစ်အား ၂၀၀၂-၂၀၀၃ ခုနှစ်မှစတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးစီမံကိန်းွဖင့်လည်းကောင်း၊ တောင်သူများ ကိုယ်တိုင် တစ်ပိုင်တစ်နိုင်လှေကားထစ်ဖော်ထုတ်၍လည်းကောင်း၊ NGO အဖွဲ့များ၏ ကူညီပံ့ပိုးမှု များဖြင့်လည်းကောင်း၊ နှစ်စဉ်ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်အတွင်း မြို့နယ် ကိုးခု၊ မြို့နယ်ခွဲ သုံးခုတွင် ယနေ့အထိ ကုန်းမြင်‌့လယ်ယာဦးစီးဌာနမှ ၂၅၉၀ ဧက၊ တောင်သူတစ်ပိုင် တစ်နိုင်ဖော်ထုတ်မှု ၄၈၈၈ ဧက စုစုပေါင်း ၇၄၇၈ ဧက ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း အတည်တကျ တောင်ယာစိုက်ပျိုးမြေများဖြစ်ထွန်းလာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေ့ပြောင်းတောင်ယာစနစ်၏ဆိုးကျိုးများ ခေတ်မီတောင်စောင်း မြေယာစနစ်၏ ကောင်းကျိုးများကိုနှိုင်းယှဉ်ပြီး တောင်ပေါ်ဒေသရှိ ဒေသခံတောင်သူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကွင်းဆင်းစည်းရုံးခြင်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ရွှေ့ပြောင်းတောင်ယာစနစ်အများဆုံး ဆောင်ရွက်သည့် နာဂဒေသတွင် ရွှေ့ပြောင်း တောင်ယာဧက ၂၀၀၀၀ ခန့်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၁၂-၂၀၁၃ အထိ လှေကားထစ်လယ်ယာ ၄၆၈ ဧက ဖော်ထုတ်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများ လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဒေသရန်ပုံငွေချမှတ်ပေး၍ စက်ယန္တရားများဝယ်ယူ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစနစ် တဖြည်းဖြည်းလျော့နည်းလာစေရန် အတည် တကျ ကုန်းမြင်‌့စိုက်ပျိုးမြေများ တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် ရခိုင်ပြည်နယ် သစ်တောဦးစီး ဌာနက ၂၀၀၂ ခုနှစ်မှစတင်၍ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးစီမံချက်ချ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရွှေ့ပြောင်းတောင်ယာနှင့် ကုန်းမြင့်လယ်ယာများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း၊ ပညာပေးဆွေးနွေးခြင်း၊ သင်တန်းပို့ချခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုစနစ် ပပျောက်စေရန်ရည်ရွယ်ပြီး စက်မှု လယ်ယာဦးစီးဌာနလက်အောက်ရှိ ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေးစီမံကိန်းရုံး သုံးရုံးအား လာရှိုး၊ ကျိုင်းတုံ၊ တောင်ကြီးတို့တွင် ဖွဲ့စည်းထားရှိ၍ နှစ်အလိုက်လုပ်ငန်းစီမံချက်များ ချမှတ်အကောင် အထည်ဖော်လျက်ရှိကြောင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ ကုန်းမြင့်လယ်ယာဖော်ထုတ်ရေး စီမံကိန်းအနေဖြင့် ၁၅၇၁၆ ဧက၊ တောင်သူအစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင်ဖော်ထုတ်မှု ၉၇၄၉ ဧက စုစုပေါင်း ၂၅၄၆၅ ဧက ဖော်ထုတ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကုန်းမြင်‌့လယ်ယာဖော်ထုတ် ရေးစီမံကိန်းရုံးမှ ဧက ၃၅၀ ဆက်လက်ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း တောင်စောင်း စိုက်ပိြုးနည်း ပညာပေးစာတွေ့/လက်တွေ့ သင်တန်းများကို ညောင်ရွှေ၊ လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်မဲ၊ တာချီလိတ်၊ ကျိုင်းတုံမြို့နယ်တို့တွင် ဖွင်‌့လှစ်ပို့ချလျက်ရှိကြောင်း သိရှိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု အနည်းငယ်စီသာရှိပြီး ၎င်းရွှေ့ပြောင်းတောင်ယာများကို ဒုတိယနှစ်တွင် နှစ်ရှည်ရော်ဘာပင်များ၊ သစ်တောစိုက်ခင်းများ စိုက်ပျိုးစေပြီး အဆိုပါစိုက်ခင်းများကို သီးညှပ်အဖြစ် ဝမ်းစာတောင်ယာစပါး နှင့် အခြားရာသီသီးနှံများ စိုက်ပျိုးရေးဆောင်ရွက်စေလျက်ရှိကြောင်း ရွှေ့ပြောင်းတောင်ယာ ထပ်မံ ခုတ်ထွင်စိုက်ပျိုးမှုမရှိစေရန် ပညာပေးထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါတယ်။

လယ်ယာမြေဥပဒေ အခန်း (၆) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပုဒ်မ ၁၇ ပုဒ်မခွဲ(ည)တွင် ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးရေးနှင့်စပ်လျဉ်းပြီး လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဟု ဖော်ပြထားရှိသည့်အားလျော်စွာ တောင်သူများ ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးခြင်းနှင့်စပ်လျဉ်းပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရေမြေတောတောင် သဘာဝ ပတ်ဝန်းကျင်အ‌ွခေအနေပျက်စီးယိုယွင်းခြင်း မဖြစ်ပေါ်စေရေး ဥတုရာသီကောင်းမွန်စေရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။

လယ်ယာမြေနည်းဥပဒေ ၁၁၆ တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေဝေရေလဲဧရိယာနှင့် သစ်တောသစ်ပင်မပြုန်းတီးရေး၊ မြေဆီလွှာ မပျက်စီးရေး၊ ရာသီဥတုထိန်းသိမ်းရေးတို့အတွက်၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးနှင့် ကုန်းမြင့်လှေကားထစ် လယ်ယာစိုက်ပျိုးရေးစနစ်များကို တိုးတက်ကောင်းမွန်လာစေရေးကို ထိရောက် စွာ အားပေးဆောင်ရွက်ရမည်ဟု ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းတောင်ယာခုတ်ထွင်ခြင်းသည် သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်း တို့ဖြစ်ပေါ်စေသောကြောင့် သစ်တောပြုန်းတီးခြင်းကို ကာကွယ်နိုင်ရန်နှင့် ရေဝေရေလဲဒေသများကို ထိန်းသိမ်းခွင်‌့အတွက် ခုတ်ထွင်ရန်မသင့်လျော်သော နေရာများကိုသတ်မှတ်ပြီး မိမိတို့ဒေသ ဓလေ့ ထုံးစံများနှင့်အညီ အတည်တကျ တောင်ယာစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာသစ်တော ဦးစီးဌာနနှင့်ညှိနှိုင်း၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ် ပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းချက်တွင်ပါရှိသည့် တောင်ယာစိုက်ပျိုးမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းအတွက် မေးမြန်းထားရှိရေးနှင့် ပတ်သက်၍ ရွှေ့ပြောင်းတောင်ယာများသည် တစ်နေရာတွင် တစ်နှစ်ခန့်စိုက်ပျိုးပြီး ယင်းမြေများကို မြေလှပ်အဖြစ်ထားကာ နေရာပြောင်းလဲစိုက်ပျိုးနေခြင်းဖြစ်၍ စာရင်းနှင့်မြေပုံမှတ်တမ်းတင်နိုင်မှု မရှိခြင်း၊ စိုက်ဧကများ အမြဲပြောင်းလဲနေခြင်းတို့ကြောင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရွှေ့ပြောင်းတောင်ယာများအား လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လက်မှတ် ပုံစံ(၇) နှင့် ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်စေရေးနှင့် ကုန်းမြင့်လှေကားထစ် လယ်ယာစိုက်ပျိုးရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး တောင်ယာခုတ်ထွင်ရှင်းလင်းစိုက်ပျိုးခြင်း လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူပေါင်း၍ ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် စက်ယန္တရားများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဖြည်‌့ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။