ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ကျေးရွာပေါင်း ၁၁ ရွာရှိပါတယ်။ ရပ်ကွက်ကြီးအားဖြင့် ၄ ရပ်ကွက် ဖွဲ့စည်းထားပါတယ်။ အခြေခံပညာအထက်တန်း ကျောင်းသူ၊ ကျောင်းသားပေါင်း ၆၀၀ ခန့်တက်ရောက် ပညာသင်ကြားနေရပါတယ်။ ရွာပေါင်း ၁၁ ရွာမှာ စက်ကလေးကျေးရွာ၌သာလျှင် တွဲဖက်အထက်တန်း ကျောင်းတစ်ကျောင်း ရှိပါတယ်။ အဲဒီ ၁၁ ရွာမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသား ၆၀၀ ခန့်အနက်မှ ၂၄၄ ဦးသာ အထက်တန်းကျောင်းမှာတက်ရောက်ခဲ့ရပါတယ်။ ကျန်ကျောင်းသား ၄၀၀ ခန့်သည် မြို့တစ်ဖက်ကမ်းသို့ကူး၍ နေ့စဉ်သမ္ဗာန်များဖြင့် ကျောင်းတက်နေရတာတွေ့မြင်နေရပါတယ်။ အဲ့ဒီလို ကျောင်းတက်နေရတဲ့အခါမှာ အသွားသမ္ဗာန်ခ ၂၀၀၊ အပြန်သမ္ဗာန်ခ ၂၀၀၊ စုစုပေါင်း တစ်ရက်ကို ၄၀၀ ခန့်ကုန်ကျမှာဖြစ်ပါတယ်။ ဒီကြားထဲ မိုးရာသီရောက်ပြီဆိုလျှင် လှိုင်းဒဏ်၊ လေဒဏ် ကြားထဲကနေပြီးတော့ ပင်ပန်းဆင်းရဲကြီးစွာဖြင့် ကလေးသူငယ်များသည် ကျောင်းတက်နေရတာကို တွေ့ရပါတယ်။ တချို့ဆိုရင်လည်း သမ္ဗာန်ခမတတ်နိုင်၍ ကျောင်းမှထွက်ရသည်အထိ ဖြစ်ရပ်များကို လည်းတွေ့ကြုံရပါတယ်။ သို့ပါ၍ ရွာပေါင်း ၁၁ ရွာအတွက်လိုအပ်နေသော အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းကို တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိသိလိုပါတယ်။ တည်ဆောက်နိုင်ရင်လည်း ဘယ်အချိန် ကာလမှာတည်ဆောက်မည်။ မတည်ဆောက်နိုင်ရင်လည်း မည်သည့်အကြောင်းအတွက်ကြောင့် မတည်ဆောက်နိုင်သည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းတွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ သုံးကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း နှစ်ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းသုံးကျောင်း ဖွင့်လှစ်ထားရှိပါ သည်။ ယင်းကျောင်းများတွင် အထက်တန်းကျောင်းသား ၂၂၄ ဦး၊ အလယ်တန်းကျောင်သား ၂၄၁၀ ဦး၊ မူလတန်းကျောင်းသား ၂၆၈၀ ဦး၊ စုစုပေါင်း ၅၃၁၄ ဦးပညာသင်ကြားလျက်ရှိပါတယ်။ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ စက်ကလေးတွင် တက္ကသိုလ်ဝင်တန်းကျောင်းသား ၈၈ ဦးနှင့် နဝမတန်း ကျောင်းသား ၁၃၆ ဦးတက်ရောက်လျက်ရှိရာ လက်ရှိကျောင်းဆောင်များအရ သင်ကြားနိုင်သော အနေအထားရှိပါတယ်။ စက်ကလေး၊ အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရေးအတွက် သတ်မှတ်ကာလအတွင်း သတ်မှတ် ထားသည့်အချက်အလက်များဖြင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားပါသည်။
