(က)-လှိုင်သာယာမြို့နယ်အတွင်း အချို့မူလတန်းကျောင်းများမှာ အုတ်နံရံများ၊ ကြမ်းခင်းများကွဲအက်ပျက်စီးနေသောကြောင့် ပြင်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၃-၈-၂၀၁၁)

ကျွန်တော်တို့ လှိုင်သာယာမြို့နယ်အတွင်း၌ အချို့သောမူလတန်းကျောင်းများမှာ အုတ်နံရံများ၊ ကြမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၄၅ မြို့နယ်တွင် လည်း အလားတူချို့ယွင်းပျက်စီးလျက်ရှိသော စာသင်ကျောင်းများရှိကြမှာလည်းဖြစ်ပါတယ်။ အဆိုပါ ချို့ယွင်းပျက်စီးနေသောကျောင်းများကို လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ တစ်နိုင်တစ်ပိုင်ပြုပြင်လျက်ရှိကြပါတယ်။ ယခုဘဏ္ဍာရေးနှစ် အတွင်းမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုပြင်မည့် ကျောင်းများအားသိရပါက ထိုပြင်ဆင်ကျောင်းများစာရင်းတွင် မပါသေးသည့်ကျောင်းများအနက် အချို့ကိုကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းပြုပြင်ပေးနိုင်ကြမှာဖြစ်ပါတယ်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးတွင် ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ပေး မည့် ကျောင်းများစာရင်းအားသိလိုပါ၍ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အလားတူစာသင်ကျောင်း ဆောင်များနှင့် ကျောင်းသားဦးရေမမျှတသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကြပ်တည်းစွာ ပညာသင်ကြားနေကြရသဖြင့် ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်ပေးရန်လည်းအစီအစဉ် ရှိ၊ မရှိကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
‌ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း အ‌ခြေခံပညာ ကျောင်းများအနက် တချို့‌သောကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသား၊ ကျောင်းသူများ‌ ဘေးအန္တရာယ် ကင်း‌ဝေး‌စေရန်လည်း‌ကောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်‌စေရန်လည်း‌ကောင်း၊ ပြန်လည် ပြင်ဆင်သင့်သဖြင့် အမှတ်(၃)အ‌ခြေခံပညာဦးစီးဌာနမှ ၁၉၉၉-၂၀၀၀ ဘဏ္ဍာ‌ရေးနှစ်မှစ၍ နှစ်စဉ်ရန်ပုံ‌ငွေများခွဲ‌ဝေချထား၍ ပြင်ဆင်‌ပေးခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာ‌ရေးနှစ်တွင် မြို့နယ် ပညာ‌ရေးမှူးရုံးနှင့် အ‌ခြေခံပညာ‌ကျောင်း ၃ ‌ကျောင်းကို ရန်ပုံ‌ငွေကျပ် ၂၄၄၈. ၇၆ သိန်းဖြင့် လည်း‌ကောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ‌ရေးနှစ်တွင် အ‌ခြေခံပညာ‌ကျောင်း ၃ ကျောင်းကို ရန်ပုံ‌ငွေ ကျပ် ၁၇၂၈ သိန်းဖြင့်လည်း‌ကောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ‌ရေးနှစ်တွင် အ‌ခြေခံပညာကျောင်း ၉ ကျောင်းကို ရန်ပုံ‌ငွေကျပ် ၃၃၆၆ သိန်းဖြင့်လည်း‌ကောင်း ပြင်ဆင်‌ပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်၍ ဥပဓိရုပ်မ‌ကောင်းသဖြင့် ပြန်လည်ပြင်ဆင်ရန်လိုအပ်‌သော အ‌ခြေခံပညာမူလတန်း ၇ ‌ကျောင်း၊ အန္တရာယ်ရှိသဖြင့် အသစ်ပြန်လည်‌ဆောက်လုပ်ရန်လိုအပ်‌သော အ‌ခြေခံပညာ‌ကျောင်း ၁၀ ‌ကျောင်း နှင့် ကျောင်းသားဦး‌ရေအရ တိုးချဲ့‌ဆောက်လုပ်ရန်လိုအပ်‌သော အ‌ခြေခံပညာ‌ကျောင်း ၄ ‌ကျောင်းအား ဌာနခွင့်ပြုရန်ပုံ‌ငွေဖြင့်လည်း‌ကောင်း၊ အလှူရှင်များမှလှူဒါန်းမှုဖြင့်လည်း‌ကောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာ‌ရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ‌ရေးနှစ်တွင်  ကွင်းဆင်းစိစစ်တွက်ချက်၍ ‌ဆောင်ရွက်‌ပေး သွားမည်ဖြစ်ပါ‌ကြောင်းေ‌ဖြကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေနှင့် စာသင်ဆောင်မလုံလောက်သဖြင့် ကြပ်တည်းစွာပညာသင်ကြားနေရသော ကျောင်းများအား အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ နှစ်စဉ်တိုးချဲ့ဆောင်များ ဆောက်လုပ်ပေးလျက်ရှိပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းကျောင်းသားဦးရေအရ တိုးချဲ့ဆောက်လုပ်ရန်လိုအပ်သော အခြေခံပညာ ကျောင်း လေးကျောင်းအား ဌာနခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ အလှူရှင်များမှလှူဒါန်းမှုဖြင့် လည်းကောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာ‌ရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ‌ရေးနှစ်အတွင်း ကွင်းဆင်း စိစစ်တွက်ချက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။