(င)-စစ်တောင်းမြစ်ကြောင်းတိုက်စားပြီး ကျွန်းအဖြစ်သို့ ရောက်ရှိသွားမည့် အခြေအနေအား မြစ်ကြောင်း ထိန်းသိမ်းမှု အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၉.၈.၂၀၁၂)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းမှာရှိတဲ့ သရဲသမိန်ကျေးရွာဆိုလျှင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တိုက်နယ်ကျေးရွာကြီးတစ်ရွာဖြစ်ပါတယ်။ အိမ်ခြေပေါင်း ၁၅၀၀ ခန့်ရှိပြီးတော့ အခုချိန်ခါမှာဆိုရင် စစ်တောင်းမြစ်ကြောင်းရဲ့ တိုက်စားမှုကြောင့် ကျွန်းအဖြစ်သို့ ရောက်ရှိမယ့်အခြေအနေ ဖြစ်နေပါတယ်။ ရွာရဲ့ မြောက်ဘက်မှာဆိုလို့ရှိရင် ယခင်အခါတုန်းကတော့ မချစ်ရိုးရှိပြီးတော့ အဲဒီ မချစ်ရိုးဟာ တဖြောင့်တည်းစီးဆင်းတဲ့အတွက် စစ်တောင်းမြစ်ရေဟာ တဖြောင့်တည်း စီးဆင်းနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီနေရာမှာ သဲနုန်းပို့ချမှုကြောင့် သောင်ခုံ အလျား ၄ မိုင်ခန့် ဖြစ်နေပါတယ်။ စက်ယန္တရားနဲ့ တူးဖော်လို့ရှိရင်တော့ မြစ်ကြောင်း တဖြောင့်တည်း စီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ မြစ်ကြောင်းထိန်းသိမ်းရေးဌာနက မြစ်ကြောင်းဖြောင့်ဖို့အတွက် ကွင်းဆင်း စစ်ဆေးတိုင်းတာခဲ့တဲ့အခါမှာ အလျား ၃.၇ မိုင်ခန့် တူးဖော်ရန်ရှိကြောင်း သိရှိခဲ့ရသော်လည်းပဲ ဆက်လက်ပြီးတော့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ စစ်တောင်းမြစ် ကြောင်း ထိုးဖောက်တိုက်စားမှုကို မြစ်ကြောင်းမပြောင်းနိုင်ပါက ရွာကြီးတစ်ရွာ ပျက်စီးသွားနိုင်တဲ့ အပြင် စိုက်ပျိုးမြေအမြောက်အမြားဆုံးရှုံးနိုင်တဲ့ ဆိုးကျိုးများလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် မြစ်ကြောင်း ထိန်းသိမ်းမှု အစီအစဉ် ရှိ၊ မရှိကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်စိန်
အဖြေ

ဝေါမြို့နယ် သရဲသမိန်ကျေးရွာ၏ အနောက်ဘက်မှ စစ်တောင်းမြစ်ဝှမ်းထိုးဖောက်တိုက်စားပြီး ကျွန်းအဖြစ်သို့ ရောက်ရှိသွားမည့် အခြေအနေအား မြစ်ကြောင်းထိန်းသိမ်းမှုအစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီးတော့ ပြန်လည် ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ထိန်းသိမ်းရေးဦးစီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းရဲ့မေးခွန်းမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု စစ်တောင်းမြစ်အခြေအနေနဲ့ ပတ်သက်ပြီးတော့ စစ်တောင်းမြစ်တစ်လျှောက်မှာ ရေစားကမ်းပြိုမှုများမှ ကာကွယ်နိုင်ရန်နဲ့ ရေကြီး ရေလျှံမှုလျော့နည်းရေး၊ စိုက်ပျိုးမြေဖော်ထုတ်မှုတို့ကို ရည်ရွယ်ပြီးတော့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၀၇ ခုနှစ်၊ မတ်လအတွင်း ကွင်းဆင်းတိုင်းတာခဲ့ပါတယ်။ အဲ့ဒီကွင်းဆင်းတိုင်းတာ တွေ့ရှိချက် များအရ မြစ်ကွေ့ဖြတ်ဖောက်ခြင်း လုပ်ငန်းနေရာပေါင်း ၂၃ နေရာလောက်ဆောင်ရွက်ရမှာ ဖြစ် ကြောင်း တွေ့ရပါတယ်။ အဲ့ဒီလုပ်ငန်းတွေကို ဆောင်ရွက်ရမယ့် စုစုပေါင်းအလျားကတော့ မီတာပေါင်း ၅၁၃၆၆ မီတာရှိပြီး တူးဖော်ရမယ့် မြေသားပမဏာကတော့ ၁၉၉၈၁၀၀ လောက်ရှိပါတယ်။ စက်သုံးဆီ လိုအပ်ချက်ကတော့ ဂါလန်ပေါင်း ၅၇၀၀၀၀ ကျော် လိုအပ်မယ်လို တွေ့ရှိရပါတယ်။ ခန့်မှန်းကုန်ကျ စရိတ်ကတော့ ကျပ်သန်းပေါင်း ၂၅၃၃.၄၁ ဖြစ်ပါတယ်။ သရဲသမိန်ကျေးရွာ အနောက်ဘက်မှ မြစ်ကြောင်းပြောင်းလဲစီဆင်းခြင်းအား ကာကွယ်ရန်အတွက် သရဲသမိန်ရွာ မြောက်ဘက်ရှိ မြစ်ကွေ့ကို ဖြတ်ဖောက်ခြင်းလုပ်ငန်းကလည်း အထက်ဖော်ပြပါလုပ်ငန်း ၂၂၃ ခုမှာ ပါဝင်ပြီးဖြစ်ပါတယ်။ အဲ့ဒီ လုပ်ငန်း ဆောင်ရွက်ရန်အတွက်ကတော့ ၂၀၀၆-၂၀၀၇ တိုင်းတာတွေ့ရှိချက်များအရ စုစုပေါင်း တူးဖော်ရမယ့် အလျားမီတာ ၄၀၀၀ ခန့်ဖြစ်ပါတယ်။ တူးဖော်ရမယ့် မြေသားပမာဏကတော့ ကျင်း ပေါင်း ၁၀၀၀၀၀ ခန့်ရှိပါတယ်။ ခန့်မှန်းကုန်ကျစရိတ် ၁၂၈.၉ သန်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ရွှေ မေးမြန်းထားတဲ့ ဝေါမြို့နယ် သရဲသမိန်ကျေးရွာရဲ့ အနောက်ဘက်ကနေပြီး စစ်တောင်းမြစ်ကြောင်း ထိုးဖောက်တိုက်စားပြီးတော့ ကျွန်းအဖြစ်သို့ ရောက်ရှိသွားမည့် အခြေအနေ ကို မြစ်ကြောင်းထိန်းသိမ်းမှုဆောင်ရွက်ရန်အတွက် တာဝန်ရှိတဲ့ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြ အထူးခွင့်ပြုချက်ရန်ပုံငွေတောင်းခံပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။