ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှိပါတယ်။ ဒါ့အပြင် ကိုယ့်အားကိုယ်ကိုး မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်လည်းရှိပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းတွေ ကပဲ တာဝန်ယူပြီးတော့ ရုပ်သံဖမ်းလွှင့်လုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။ အလားတူ ပဉ္စဝတီ FM, MRTV-4, 5 Network ရုပ်သံတို့ကိုလည်း ထုတ်လွှင့်ပေးနေပါတယ်။ အဆိုပါထုတ်လွှင့်စက်တွေ ကတော့ သံတွဲမြို့ရဲ့ အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ရွှေနံတော်ဘုရားတောင်ကုန်းမှာ စက်များတပ်ဆင် ပြီးတော့ တစ်စုတစ်စည်းတည်း၊ တစ်နေရာတည်းမှာ ထုတ်လွှင့်ပေးနေပါတယ်။ ထုတ်လွှင့်ပေးတာမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြဝတီရုပ်သံတို့က နေ့စဉ် ညနေ ၆ နာရီမှ ညအစီအစဉ်ပြီးဆုံးတဲ့ အထိ၊ ပဉ္စဝတီ FM မှာ နံနက် ၆ နာရီက ည ၁၀ နာရီအထိ၊ MRTV-4 ရုပ်သံ၊ 5 Network က နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ မိမိကိုယ်ပိုင် လျှပ်စစ်ဓာတ်အားပေးစက်များနှင့် လည်ပတ်ကြပါတယ်။ ကုန်ကျတဲ့လောင်စာဆီတွေကတော့ တစ်လကိုဆိုရင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဂါလန် ၆၀၊ မြဝတီရုပ်သံက ၂၅ ဂါလန်၊ ပဉ္စဝတီ FM နှင့် MRTV-4 ရုပ်သံကတော့ ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့ အတွက်ကြောင့် ဂါလန် ၂၀၀၊ စုစုပေါင်း ၂၈၅ ဂါလန်လောက် ကုန်ကျပါတယ်။ အခုအခါ သံတွဲမြို့မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးရေးကုမ္ပဏီတစ်ခုက အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပြီးတော့ ၂၀၁၁ ခုနှစ်၊ မေလဆန်းကပဲ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးလျက် ရှိနေပါတယ်။ အဲဒီလျှပ်စစ်ဓာတ်အားကို ရယူပြီး ရင် ရုပ်သံလွှင့်လုပ်ငန်းများကို လွှင့်မယ်ဆိုရင် လောင်စာဆီကို သုံးစွဲဖို့ မလိုအပ်တော့ပါဘူး။ ဒါ့အပြင် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီး အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရခိုင်ပြည်နယ် တောင်ပိုင်းကို ဥသျှစ်ပင်-တောင်ကုတ် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် တောင်ကုတ်-သံတွဲ-သူဌေးရေအားလျှပ်စစ်စီမံကိန်းတို့မှာ ဓာတ်အားခွဲရုံတည်ဆောက်ဖို့အတွက် လုပ်ငန်းများကို အစပြု လျက်ရှိနေပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အကုန်လောက်မှာ သံတွဲမြို့မှာ မဟာဓာတ်အား လိုင်းမှ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် အခုကပဲ ကြိုတင်ပြီးတော့ မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဖြန့်ချီတဲ့လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲပြီးတော့ ရုပ်သံလွှင့် ခြင်းလုပ်ငန်းများကို နေပြည်တော်မှာလွှင့်နေတဲ့ ပုံမှန်အချိန်အတိုင်း နံနက်ပိုင်းက စတင်ပြီးတော့ စနေ၊ တနင်္ဂနွေ နေ့လယ်ပိုင်းများအပါအဝင် ထုတ်လွှင့်ပေးဖို့အတွက် ဒေသခံမိဘပြည်သူတွေက လိုလား တောင့်တလျက်ရှိပါတယ်။ ဒါကြောင့် သံတွဲမြို့မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ခြင်းနှင့် မြဝတီရုပ်သံထပ်ဆင့်လွှင့်ခြင်းတို့ကို ပုံမှန်ထုတ်လွှင့်ချိန်အတိုင်း နံနက်မှစတင်ပြီးတော့ စနေ၊ တနင်္ဂနွေ နေ့လယ်အပါအဝင် နေ့စဉ်ထုတ်လွှင့်ပေးနိုင်ပါမည်လား။ နောက်တစ်ခုက MRTV-4 ရုပ်သံတစ်လိုင်း တည်းကိုပဲ နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ သံတွဲမြို့မှာ Free to Air ထုတ်လွှင့်ပေးနိုင်ပါမည်လား မေးမြန်းအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ယနေ့အထိ ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံပေါင်း ၂၂၇ ရုံဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ယင်း ၂၂၇ ရုံမှာ စက်ရုံကြီးပေါင်း ၂၅ ရှိရာ၊ ဓာတ်အားရရှိသော စက်ရုံ ၂၃ရုံနှင့် ဓါတ်အားမရရှိသောစက်ရုံ ၂ရုံ ပါဝင်ပါတယ်။ မဟာဓါတ်အားလိုင်းရရှိသော စက်ရုံငယ် ၃၄ ရုံ၊ မြို့နယ်လျှပ်စစ်မီး အချိန်ပိုင်းရရှိသော စက်ရုံငယ် ၆၅ ရုံနှင့် မြို့နယ်လျှပ်စစ်မီးမရရှိသော စက်ရုံငယ် ၁၀၃ ရုံ ရှိပါတယ်။ ရုပ်မြင်သံကြားထုတ် လွှင့်သည့် အချိန်များမှာ နေ့စဉ် နံနက် ၇ နာရီမှ ၁၁ နာရီ၊ ညပိုင်းတွင် ညနေ ၄ နာရီမှ ည ၁၁ နာရီအထိနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက်ပိုင်း၊ ညပိုင်း အစီအစဉ်များအပြင် နေ့လယ် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်လွှင့်လျက်ရှိရာ နေ့စဉ်ပျဉ်းမျှ ထုတ်လွှင့်ချိန် ၁၃ နာရီနှင့် တစ်လပျဉ်းမျှထုတ်လွှင့်ချိန် ၃၉၀ နာရီ ရှိပါတယ်။ လျှပ်စစ်ဓာတ်အားရရှိသော စက်ရုံများမှာ လျှပ်စစ်ဓာတ်အားဖြင့် ဦးစားပေးထုတ်လွှင့်ပြီး ဓာတ်အားပြတ်တောက်ချိန်တွင် အရန်မီးစက်ဖြင့် စက်သုံးဆီရရှိမှုအပေါ်မူတည်ပြီးတော့မှ ထုတ်လွှင့်လျက်ရှိပါတယ်။ ဓာတ်အားမရရှိသော စက်ရုံများ မှာ စက်ရုံပိုင်မီးစက်ဖြင့်သာ စက်သုံးဆီ ရရှိမှုပေါ်မူတည်၍ ထုတ်လွှင့်ပေးနေပါတယ်။ နယ်စက်ရုံများ အတွက် စက်သုံးဆီခွဲတမ်းလစဉ် ဂါလန် ၁၀၀၀၀ ဝန်းကျင်ရရှိပြီး စက်ရုံ ၂၀၀ ကျော်ကို ခွဲဝေသုံးစွဲ နေရပါတယ်။ လွှင့်အားနည်းစက်ရုံများတွင် အချို့ ဂါလန် ၃၀၊ အချို့ ၄၀၊ အချို့ ၅၀ စသည်ဖြင့် ခွဲဝေချထားပေးပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိသော စက်ရုံငယ်များအနေဖြင့် ရရှိသည့် ဆီခွဲတမ်းပေါ်မူတည်၍ တစ်လလျှင် နာရီ ၆၀၊ နာရီ ၈၀၊ နာရီ ၁၀၀ ကျော်စသည်ဖြင့် သတင်းချိန်ပါဝင်သည့် ညနေ ၆ နာရီမှ အစီအစဉ်ပြီးဆုံးချိန်အထိ အချိန်ပိုင်းကို ဦးစားပေး ထုတ်လွှင့် နေပါတယ်။ သံတွဲရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားလွှင့်စက် 500 w နှင့် ဒေသခံကိုယ့်အားကိုယ်ကိုး မြဝတီရုပ်မြင်သံကြား အစီအစဉ်လွှင့်စက် 20 w တို့ကို စနေ၊ တနင်္ဂနွေ အပါအဝင် ညနေ ၆ နာရီမှ အစီအစဉ်ပြီးဆုံးချိန်အထိ ပုံမှန်အစီအစဉ်များနှင့် တိုက်ရိုက်ထုတ် လွှင့်သည့် အထူးအစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ သံတွဲစက်ရုံမှာ လျှပ်စစ်ဓာတ်အား မရရှိဘဲ ဌာနမှ ခွဲဝေချထားပေးသော စက်သုံးဆီဂါလန် ၆၀ နှင့် ဒေသမှ ပံ့ပိုးသော စက်သုံးဆီ ၂၅ ဂါလန်၊ ပေါင်းစက်သုံးဆီ ၈၅ ဂါလန်ဖြင့် လစဉ် နာရီ ၁၈၀ ကျော် ထုတ်လွှင့်ပေးလျက်ရှိပါတယ်။
သံတွဲမြို့မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးရေးကုမ္ပဏီတစ်ခုက အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ၂၀၁၁ ခုနှစ်၊ မေလဆန်းကပင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးလျက်ရှိကြောင်း ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းမှာ ဖော်ပြထားပါတယ်။ လျှပ်စစ်မီးဖြင့် ထုတ်လွှင့်နိုင်ရန်အတွက် သံတွဲစက်ရုံတည်ရှိရာ ရွှေနံတော်ဘုရား တောင်ကုန်းသို့ 11KV ဓါတ်အားလိုင်း ၁ မိုင်ခန့်၊ 100KVA Transformer နှင့် လိုအပ်သော ဓာတ်အားလိုင်းဆွဲရမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ တွက်ချက်ပေးထားပါတယ်။ သံတွဲမြို့၊ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီမှ ဓာတ်အားတစ်ယူနစ်လျှင် ၄၈၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ သံတွဲမြို့တွင် လက်ရှိ ထုတ်လွှင့်နေသော နာရီ ၁၈၀ ထုတ်လွှင့်ပါက ယူနစ် ၉၀၀ သုံးရမည်ဖြစ်ပြီး ဓာတ်အားခကျသင့်ငွေ လစဉ် ၄၃၂၀၀၀ ကျပ်ကုန်ကျပါ့မယ်။ နံနက်၊ နေ့၊ ည အချိန်ပြည့် တစ်လ ၃၉၀ နာရီ ထုတ်လွှင့်ပါက ယူနစ် ၂၀၀၀ ခန့် သုံးရမည်ဖြစ်ပြီး တစ်လဓာတ်အားခ ကျသင့်ငွေ ကျပ် ၉၆၀၀၀၀ ကုန်ကျမှာ ဖြစ်ပြီး တစ်နှစ်ဆိုပါက ၁၁၅၂၀၀၀၀ ကျပ်ကုန်ကျမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် သံတွဲမြို့နည်းတူ မြို့နယ် လျှပ်စစ်ဓာတ်အားမရဘဲ စက်သုံးဆီနှင့် လည်ပတ်နေရပြီး မြို့မီးလင်းရေးကော်မတီ သို့မဟုတ် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးရေးမှ လျှပ်စစ်ဓာတ်အားရယူပြီး ရုပ်မြင်သံကြားထုတ်လွှင့်နိုင်သော ထပ်ဆင့်လွှင့်စက်ရုံ ၁၅ ရုံရှိပါတယ်။ ဒါကြောင့် သံတွဲထပ်ဆင့်လွှင့်စက်ရုံကို ပုဂ္ဂလိက လျှပ်စစ်ဓာတ် အားပေးရေးကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားရယူပြီး ထုတ်လွှင့်ပေးပါက ကျန်စက်ရုံများကိုလည်း တစ်ပြေးညီထုတ်လွှင့်ပေးသွားရမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်လွှင့်ပေးသွားမည်ဆိုပါက လစဉ် တစ်လကို စက်ရုံတစ်ရုံ နာရီ ၁၈၀ ထုတ်လွှင့်ပါက လစဉ်ဓာတ်အားခကျသင့်ငွေ ကျပ် ၆၄၈၀၀၀၀ ကုန်ကျပါမယ်။ နံနက်၊ နေ့၊ ည အချိန်ပြည့် တစ်လ ၃၉၀ နာရီ ထုတ်လွှင့်ပါက တစ်လ ဓာတ်အားခ ကျသင့်ငွေကျပ် ၁၄၄၀၀၀၀၀ ကုန်ကျမှာဖြစ်ပြီး တစ်နှစ်ဆိုပါက ၁၇၂၈၀၀၀၀၀ ကျပ် ကုန်ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် ဘတ်ဂျက်ငွေမှ ကျခံသုံးစွဲရန် ရေရှည်မှာ အခက်အခဲရှိလာနိုင်ပါတယ်။
ဒါကြောင့် သံတွဲမြို့မီးလင်းရေးကော်မတီအနေနဲ့ တစ်ယူနစ်ကို ၄၈၀ ကျပ်နှုန်း မဟုတ်ပဲ ၂၀၀ ကျပ်နှုန်းခန့်ဖြင့် ပေးနိုင်မည်ဆိုပါက မီတာခကျသင့်ငွေနှင့် ဓါတ်အားလိုင်း Transformer အတွက် ကုန်ကျမည့် ငွေကျပ် သိန်း ၃၀၀ တို့ကို ဘတ်ဂျက် တင်ပြတောင်ခံပြီး ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယူဆပါတယ်။ သို့ပါ၍ သံတွဲမြို့ မီးလင်းရေးကော်မတီနှင့် မီတာခဈေးနှုန်း ညှိနှိုင်းရရှိမှုအခြေအနေနှင့် ၎င်းသံတွဲတွင် ရုပ်မြင်သံကြား တိုးချဲ့ထုတ်လွှင့်ရေးအပါအဝင် ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းများ အတွက် ဘတ်ဂျတ်တောင်းခံရရှိမှု အခြေအနေအပေါ်မူတည်၍သာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ MRTV-4 Channel ကို Free to Air ထုတ်လွှင့်ရန် မေးခွန်းနှင့် ပတ်သက်၍လည်း ယင်းသို့ Free to Air လွှင့်မည်ဆိုပါက လွှင့်လိုသည့်နေရာတွင် လွှင့်စက် Feeder နှင့် Antenna တစ်စုံ ထပ်မံဝယ်ယူတပ်ဆင်ရပါမယ်။ လက်ရှိတွင် လူဦးရေထူထပ် သော ရန်ကုန်၊ စစ်ကိုင်းနှင့် တောင်ကြီးမြို့များမှာ MRTV-4 Channel ကို Free to Air ထုတ်လွှင့်ပေး လျက်ရှိပါသည်။ ဆက်လက်၍ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လတ်တလောအားဖြင့် သံတွဲမြို့တွင် MRTV-4 ရုပ်သံလိုင်းအား Free to Air ထုတ်လွှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
