ယနေ့မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ သွားလာရာတွင် လုပ်ငန်းရှင်များအနေနဲ့ရင်းနှီးမြှုပ်နှံမှု အတွက် ဘဏ်များကနေပြီးတော့ငွေများချေးယူရပါတယ်။ ယခုအခါမှာ ချေးငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းခွန်ဖိုး ၁၅၀၀ ကျပ်နှုန်းပေးဆောင်နေကြရပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့ကြီး ၅ မြို့အပေါ်မှာတော့ ချေးငွေအပေါ်မှာတံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရှိတယ်လို့ သိရပါတယ်။ ယခုအခါမှာ ဈေးကွက်စီးပွားရေးအရလည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာ AFTA စီးပွားရေး ဇုန်သို့ဝင်ရောက်မှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်များအနေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ မလိုလားအပ် သောဝန်ဆောင်မှုစရိတ်များမရှိမှသာလျှင် မြန်မာနိုင်ငံလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ ယခုကဲ့သို့ ချေးငွေအပေါ်စာချုပ်ချုပ်ရာတွင် တံဆိပ်ခေါင်းခွန် ပေးနေရခြင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကင်းလွတ်ခွင့်ပြုနိုင်၊ မပြုနိုင်သိရှိလိုပါတယ်။ ကင်းလွတ်ခွင့်ပြုမည် ဆိုပါက မည်သည်ျ့အချိန်တွင် ကင်းလွတ်ခွင့်ပြုနိုင်ကြောင်း သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ The Transfer of Property Act 1882 ပုဒ်မ ၅၈ ပုဒ်မခွဲ(စ)တွင် ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့၊ စစ်တွေမြို့နှင့် ဤကိစ္စအတွက် နိုင်ငံတော်သမ္မတက ပြန်တမ်းတွင်ကြော်ငြာ၍ သတ်မှတ်ထားသည့်အခြားမြို့တွင် လူတစ်ဦးကမြီရှင်သို့ဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်သို့ဖြစ်စေ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၏ ပိုင်ဆိုင် ခွင့်စာချုပ်များကို အပေါင်အဖြစ်ထားရှိရန်ပေးအပ်လျှင် ထိုပြုလုပ်မှုသည် ပိုင်ဆိုင်ခွင့်စာချုပ် အပ်နှံ၍ ပေါင်နှံခြင်း Title Deed ဟုခေါ်သည်ဟုပြဋ္ဌာန်းထားပါတယ်။ အဆိုပါပုဒ်မအရ ၁၉၁၅ ခုနှစ်တွင် Gazette of India Part 1 ၌ နိုင်ငံတော်သမ္မတကထည့်သွင်းကြော်ငြာ၍ မန္တလေးမြို့ကို နယ်မြေ တိုးချဲ့သတ်မှတ်ခဲ့သည့်အတွက် လက်ရှိကာလ၌ ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့၊ စစ်တွေမြို့နှင့် မန္တလေးမြို့များ၌ ပိုင်ဆိုင်ကြောင်းပြသသည့် စာချုပ်စာတမ်း Title Deed တင်ပြနိုင်ရုံဖြင့် အပေါင် စာချုပ်ချုပ်ဆိုရန်မလိုဘဲငွေချေးယူနိုင်သောကြောင့် တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ရရှိလျက်ရှိနေတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် အဆိုပါမြို့များနည်းတူ ငွေချေးယူခွင့်အပေါ် တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ရရှိစေရေး လေ့လာသုံးသပ်ပြီးပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ကိုင်တွယ် စီမံဆောင်ရွက်နေသော ဥပဒေမဟုတ်တဲ့အတွက် တွေ့ရှိသုံးသပ်ချက်များဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ အဆိုပါပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ The Transfer of Property Act, 1882 ကိုပြင်ဆင်သည့် ဥပဒေမူကြမ်းအား နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ပြည်သူသို့ထုတ်ပြန်ပေးပြီး အကြံဉာဏ်တောင်းယူသည့်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ The Transfer of Property Act, 1882 ကိုပြင်ဆင် သည့်ဥပဒေအား သတ်မှတ်ပြဋ္ဌာန်းပြီးပါက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပိုင်ဆိုင်ကြောင်းပြသသည့် စာချုပ်စာတမ်း Title Deed တင်ပြနိုင်ရုံဖြင့် အပေါင်စာချုပ်ချုပ်ဆိုရန်မလိုဘဲ ငွေချေးယူနိုင်မှာဖြစ်တဲ့ အတွက်ကြောင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရန် မလိုအပ်တော့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
