(ခ)-ပင်လယ်သဲများကို စင်္ကာပူနိုင်ငံသို့ ရောင်းချနေခြင်းကြောင့် ရေနေသတ္တဝါ သားငါးများ ရှားပါးလာသည့်အတွက် ပင်လယ်သဲများ မရောင်းချရန် တင်ပြ ထားသည်ကို ရောင်း/မရောင်း သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၅.၇.၂၀၁၂)

တနင်္သာရီတိုင်းဒေသကြီးမှာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ပင်လယ်သဲများကို စင်ကာပူနိုင်ငံကဝယ်ယူနေကြပါတယ်။ စင်ကာပူနိုင်ငံကဝယ်ယူနေတဲ့ သဲများကို နိုင်ငံတော်ကနေပြီးတော့ ပင်လယ်ရေကြောင်းမှာ ရေကြောင်းတွေတိမ်ကောလာလို့လည်းကောင်း၊ ပင်လယ်ခရီးသွားလာကြတဲ့လှေသင်္ဘောများ အန္တရာယ်ကင်းစေရေးအတွက်လည်းကောင်း နိုင်ငံတော် အတွက်ခွင့်ပြုချက်ရထားတဲ့ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ စင်ကာပူနိုင်ငံကိုရောင်းချနေတယ် ဆိုတာသိရှိရပါတယ်။ အဲ့ဒီရောင်းချတဲ့တန်ဖိုးကတော့ ကျွန်တော်တို့သဲတစ်တန်ကို မြိတ် FOB ၃ ဒေါ်လာနဲ့လည်းကောင်း၊ ကော့သောင်း FOB တစ်တန်ကို ၄.၅ ဒေါ်လာနဲ့လည်းကောင်းရောင်းချလျက် ရှိတယ်ဆိုတာကိုသိရပါတယ်။ အဲ့ဒီသဲတွေကိုရောင်းချခြင်းအားဖြင့် ကျွန်တော်တို့ပင်လယ်မှာရှိတဲ့ ပင်လယ်နေသတ္တဝါများရဲ့ စားကျက်တွေပျောက်ဆုံးတယ်။ နေရာတွေပြောင်းလဲတယ်ဆိုတဲ့အတွက် ကြောင့်လည်း ရေတိမ်သတ္တဝါတွေဟာ ပင်လယ်နက်ပိုင်းကို ပြောင်းရွှေ့ပြီးတော့ ပင်လယ်သတ္တဝါ တွေရဲ့ ဖမ်းဆီးတဲ့ငါးဖမ်းလုပ်သားတွေဟာ ငါးအရနည်းလာပါတယ်။ ပုစွန်တွေ အရနည်းလာပါတယ်။ တကယ်တမ်း တိုင်းတာကြည်‌့လိုက်မယ်ဆိုလို့ရှိရင်လည်း သဲတစ်တန်ဟာ ၃ ဒေါ်လာကနေ၊              ၄.၅ ဒေါ်လာပဲရပြီးတော့ ပုစွန်တစ်တန်ဟာ ဒေါ်လာ ၇၀၀၀ ကနေ ၉၀၀၀ အထိရတဲ့အတွက်ကြောင့် အဆပေါင်း ၂၅၀၀ ကနေ ၃၀၀၀ လောက်အထိ ကွာခြားနေတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကွြန်တော်ကိုယ်စားမေးမြန်းလိုတဲ့မေးခွန်းကတော့ သဲရောင်းခြင်းလုပ်ငန်းကို နိုင်ငံတော် ကနေပြီးတော့ ဆက်လက်ပြီးတော့ရောင်းချခြင်းရှိဦးမှာလား။ မရှိဘူးလားဆိုတဲ့မေးခွန်းကိုဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

ယခင်အစိုးရလက်ထက်တွင် ပြည်ပသို့ သဲတင်ပို့ရောင်းချလိုသူသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်၏ ထောက်ခံချက်ဖြင့် ကုန်သွယ်မှုကောင်စီ Trade Council သို့ တိုက်ရိုက်တင်ပြခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ၎င်းခွင့်ပြုချက် ရရှိမှသာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ သို့ရာတွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ သူဌေးကျွန်းနှင့် ဆလုံကျွန်း အနီးတစ်ဝိုက်တွင် သဲများစုပ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နေမှုအားတင်ပြလာသည်‌့ကိစ္စ အတွက် သဲတူးဖော်ထုတ်လုပ်မှုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ပို့ဆောင်ရေး ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ပို့ဆောင်ရေးဝန်ကြီး ဌာနမှတာဝန်ယူစီစဉ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားကြောင်းသိရှိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပင်လယ်သဲ၊ မြစ်သဲများတူးဖော်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းအတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သဲနှင့်ကျောက်စရစ်များထုတ်လုပ်ခြင်း ကြောင့်ထုတ်ယူမည့် သဲနှင့်ကျောက်စရစ်များနေရာသို့ ကမ်းခြေမှမြေသားနှင့်သဲများအစားထိုး ဝင်ရောက်၍ မြေများနိမ့်ဆင်းသွားခြင်း၊ ရေအောက်သယံဇာတများပျက်စီးဆုံးရှုံးကုန်သဖြင့် ရေနေ သတ္တဝါများ၏အစားအစာများ၊ နားခိုနေရာများ လျော့နည်းပျက်စီးပြီး စားကျက်ချနေထိုင်မှုသဘာဝ ပြောင်းသွားခြင်းနှင့် ဂေဟစနစ်ထိခိုက်မှုရှိခြင်း၊ ရေနေသတ္တဝါများ၊ ရေထွက်ပစ္စည်းများ ရှားပါးလာခြင်း၊ ဆက်စပ်နေသည့် ပတ်ဝန်းကျင်လူမှု စီးပွားရေးအခြေခံ အဆောက်အအုံများပျက်စီးလာခြင်းတို့ အပြင် သဲနှင့် ကျောက်စရစ်များ ထုတ်ယူမည်‌့ လုပ်ငန်းအတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) လုပ်ငန်းစဉ်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံး ဖြစ်စေမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှု စီမံကိန်း (Environmental Management Plan) အား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်ပေးလျော်ငွေ (Payment for Environmental Services-PES) စသည့်အစီအစဉ်များ ထည်‌့သွင်းရေးဆွဲ ဆောင်ရွက်စေသင့်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားပေးခဲ့ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနမှလည်း ကျောက်စရစ်နှင့် မြစ်သဲထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်ပသို့တင်ပို့ ရောင်းချမှုတို့အတွက် သဲအတွင်း၌ယူရေနီယမ်ကဲ့သို့ မဟာဗျူဟာမြောက်သတ္တုများ၊ အလေးစီး သတ္တုများ၊ အဖိုးတန်သယံဇာတဓာတ်သတ္တုများ ပါဝင်ခြင်းရှိ/မရှိကို သတ္တုတွင်းဝန်ကြီးဌာနမှ ကွင်းဆင်းစိစစ်ပြီး ဓာတ်ခွဲစမ်းသပ်၍ကင်းရှင်းမှုရှိလျှင် အတည်ပြုထောက်ခံချက်ထုတ်ပေးပါကြောင်း၊ သတ္တုဆိုသည်‌့စကားရပ်တွင် အလေးစီးသဲကို သတ္တုဖြစ်သည်ဟု ဖြည်‌့စွက်သတ်မှတ်ထားကြောင်း သဘောထားမှတ်ချက်ပြန်ကြားပေးပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သော ပင်လယ်သဲ၊ မြစ်သဲများ ပြည်ပသို့တင်ပို့ရန်ကိစ္စအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း အစည်းအဝေးတွင်လည်း သဲတူးဖော်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာနသည် တာဝန်ယူကြီးကြပ်ရမည့်ဌာနဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ရေလမ်းကြောင်းကောင်းမွန်စေရန် စနစ်တကျသဲသောင်များမှ တူးဖော်ထားသော သဲများကို ပြည်ပသို့ရောင်းချခွင့်၊ တင်ပို့ခွင့်ပြုရန် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏တင်ပြချက်အရ မြိတ်ဆိပ်ကမ်းနှင့် မြိတ်မြို့သစ်အဝင်ရေလမ်းကြောင်းများဖြစ်သော မြိတ်မြစ်၊ ကျောက်ဖျာမြစ်နှင့် တနင်္သာရီရေကြောင်း လမ်းတစ်လျှောက်တို့တွင်လည်းကောင်း၊ ကော့သောင်းဆိပ်ကမ်းအဝင် ရေလမ်းကြောင်းဖြစ်သော ဆလုံကျွန်းအနီးရှိ ရေဒေသတွင်လည်းကောင်း ရေလမ်းကြောင်း တဖြည်းဖြည်းတိမ်ကောလာနေသောကြောင့် ရေယာဉ်များဝင်/ထွက်သွားလာရာတွင် နှောင့်နှေး ကြန့်ကြာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ပြင်ပဆိပ်ကမ်းရေလမ်းကြောင်းများတွင် လုံလောက်သော ရေအနက်ရရှိလာရေးအတွက် သောင်တူးဖော်ပေးရန် လိုအပ်လျက်ရှိပြီး ယင်းသို့သောင်တူးလုပ်ငန်း အား နိုင်ငံတော်မှဆောင်ရွက်ပေးရပါက ကုန်ကျစရိတ်များစွာကုန်ကျနိုင်ပြီး နိုင်ငံတော်ဘဏ္ဍာမှ ငွေကြေးအမြောက်အမြား ကျခံသုံးစွဲရမည့် အခြေအနေရှိသည့်အတွက် ယင်းအခက်အခဲအား ကျော်လွှားဖြေရှင်းနိုင်ရန် ပြင်ပဆိပ်ကမ်းရေလမ်းကြောင်း သောင်တူးခြင်းလုပ်ငန်းအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏အစီအစဉ်ဖြင့်တူးဖော်ပြီး ထွက်ရှိလာသည်‌့သဲများအားပြည်ပသို့တင်ပို့ရောင်းချ ပါက နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရှိနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဦးမောင်လှ၏ ယခုမေးခွန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်ကို ပေါင်းစပ်ဖြေကြားရမည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဒေသ၌ သဲတူးဖော်ထုတ်လုပ်မှုလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများထိခိုက်မှု ရှိ၊ မရှိကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာ ရှင်များပါဝင်သည်‌့အဖွဲ့ဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သဲတူးဖော်ထုတ်လုပ်ခြင်းကြောင့် ပင်လယ်ပြင်ရှိသတ္တဝါများ၏ စားကျက်ပျောက်ပျက်ခြင်း ရေနေသတ္တဝါများ၏ နေရာပြောင်းရွှေ့ခြင်းစသည်‌့ကိစ္စရပ်များအပေါ် မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန၏သဘောထားမှတ်ချက် ရယူဆောင်ရွက်သွားစေမည်ဖြစ်ပြီး လက်ရှိအခြေအနေအထိ ရေသယံဇာတထိခိုက်ပျက်စီးမှုသတင်းအချက်အလက် အထောက်အထားတစ်စုံတစ်ရာလက်ခံရရှိခြင်း မရှိပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် သဲတူး၊ သဲစုပ်လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဆိပ်ကမ်းအဝင်/ထွက်ရေလမ်းများပျက်စီးမှု ဖြစ်ပေါ်လာနိုင်သည်‌့အခြေအနေကို စိစစ်တွေ့ရှိရပါက လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်အား ပြန်လည် စိစစ်သွားမှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ဖြေကြားချက်အရ သိရှိရပါတယ်။ သို့ဖြစ်ပါ၍ ပင်လယ်သဲ၊ မြစ်သဲများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု အလို့ငှာ ပို့ကုန်လိုင်စင်များလွတ်လပ်စွာ တိုက်ရိုက်ထုတ်ပေးခြင်းမပြုပါကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိစေဘဲ မြစ်ကြောင်းများ၊ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ထောက်ခံချက်၊ သဲတူးဖော်ထုတ်လုပ်ရာတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းကောင်းမွန်စေရန် သောင်တူးရာမှ ထွက်ရှိသောပင်လယ်သဲ၊ မြစ်သဲများကိုသာ ပြည်ပသို့တင်ပို့ရန် ထောက်ခံတင်ပြမှုအပေါ် အထူးကိစ္စတစ်ရပ်အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုခဲ့ကြောင်း ရှင်းလင်းဖြေကြားပါသည်။