ဒီနေ့ ကျွန်တော်မေးမယ့် မေးခွန်းနှင့် ပတ်သက်လို့ကတော့ အပိုင်းနှစ်ပိုင်းနှင့် မေးသွားမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းနှင့် ပုဂ္ဂလိကစက်မှုလက်မှု ကဏ္ဍအပိုင်းဆိုပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ ခုနတုန်းက ဦးတင်မောင်ဦးကလည်း ပုဂ္ဂလိက ပိုင်းနဲ့အတန်အသင့် မေးမြန်းသွားပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာချုံ့ပြီးတော့ ထပ်မံပြီးတော့ သိချင်တာကို ထပ်မံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီလို မေးမြန်းရခြင်းဟာလည်းပဲ ကျွန်တော်တို့ တစ်တွေ နယ်အသီးသီး ရောက်တဲ့အခါမှာ သက်ဆိုင်ရာ ပြည်သူများကနေပြီတော့ စက်မှုလက်မှုကဏ္ဍနှင့် ပုဂ္ဂလိက စက်မှုလက်မှုကဏ္ဍ၊ ခုနကပြောတဲ့ အသေးစား အလတ်စား စက်မှုလက်မှုကဏ္ဍနှင့် ပတ်သက်လို့ သူတို့ခံစားနေရတာတွေကို တင်ပြတဲ့အတွက် ကျွန်တော်တို့ဒီမှာ မေးမြန်းရခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း ပဏာမ ရှင်းလင်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ ဒီနေ့မြန်မာနိုင်ငံမှာ ယခင်ကကျင့်သုံးခဲ့တဲ့ မူဝါဒတွေ ကို ယခုခေတ်စနစ်နှင့် ကိုက်ညီအောင်ယူပြီးတော့ မသင့်တာတွေကိုပယ်ပြီးတော့ ကျွန်တော်တို့နိုင်ငံ တိုးတက်ရေး အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့နေရာမှာ စက်မှုလက်မှုကဏ္ဍ ကလည်းပဲ အရှိန်အဟုန်နဲ့ ပြောင်းလဲ ဆောင်ရွက်နေတာ ကိုလည်းပဲ သိရပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ကမ္ဘာ့ဘဏ်က တိုက်တွန်းသလိုပဲ စက်မှုလက်မှုကဏ္ဍ အပိုင်းပြောင်းလဲရေးအတွက် အစိုးရ ပိုင်းကဏ္ဍကနေပြီးတော့ ကျွန်တော်တို့ ပြည်သူပိုင်အခန်းကဏ္ဍ၊ အများပိုင် အခန်းကဏ္ဍကို ပြောင်းလဲနေတာကိုလည်းပဲ လေ့လာမှတ်ရှု ရပါတယ်။ စက်ရုံအလုပ်ရုံ အားလုံးးနီပါးကိုလည်းပဲ အများပိုင်၊ ပြည်သူပိုင်အဖြစ် ပြောင်းလဲမယ်လို့လည်း ပဲသိရပါတယ်။ ပြောင်းလဲဖို့လည်းပဲ လက်ရှိဆောင်ရွက်ဆဲလို့ သိရပါတယ်။ ဒါကြောင့် စက်မှုကဏ္ဍနှင့် ပတ်သက်လို့ ကျွန်တော် မေးမြန်းလိုတာကတော့ စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိက အဖွဲ့အစည်းများကို ငှားရမ်းလွှဲပြောင်း ဖက်စပ်ဆောင်ရွက်ခြင်းများကို မည်ကဲ့ သို့သောမူများဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ကို အများပြည်သူများ သိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက် မည်ကိုသိလိုပါကြောင်း၊ ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက် ပေးနေသည်ကို ဒုတိယအချက်အနေဖြင့် သိလိုပါကြောင်း ကျွန်တော်တို့ ဒါကတော့ ခုနကဝန်ကြီး ဖြေသွားပြီးပါပြီ။ သို့သော်လည်းပဲ ဖြေတဲ့အပိုင်းမှာ တချို့ဟာတွေဟာ အပေါ်ယံပိုင်းဖြစ်တဲ့အတွက် ထိထိ ရောက်ရောက် မရှိတဲ့အတွက် ထပ်မံဖြေကြားပေးဖို့ မေးမြန်းအပ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီများအနေနဲ့ ပါဝင် ဆောင်ရွက်မည်ဆိုပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ဆိုသည့် စည်းကမ်း၊ နည်းလမ်းပိုင်းကိုလည်းသိလိုကြောင်း တင်ပြအပ်ပါတယ်။ ဒီလိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍပိုင်းဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်များကို သိလိုပါကြောင်း။ အဆိုပါမူဝါဒများဟာ ယခင်အစိုးရ လက်ထက်တွင် ယခင်အခြေအနေဖြင့် ရေးဆွဲထားခဲ့သော နှစ် ၃၀ စီမံကိန်းအပေါ် အခြေခံခြင်း ရှိ၊ မရှိ။ ယခုခေတ်သစ် စနစ်သစ်နှင့်အညီ မူဝါဒများ၊ ရည်မှန်းချက်များကို ချထားဆောင်ရွက်ခြင်း ရှိ၊ မရှိ သိလိုပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံး လျက်ရှိတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍအတွက် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများကို ယခုအခါ စက်မှုဝန်ကြီးဌာနအနေနဲ့ တိုးတက်မှုရရှိအောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ သို့သော် လည်းပဲ မည်သည့်မူဝါဒများဖြင့် ဆောင်ရွက်ပေးနေသည်ကို မသိရတဲ့အတွက် ဒီမူဝါဒများကိုသိလို ပါကြောင်းနှင့် မူဝါဒများချမှတ် ဆောင်ရွက် ပေးနေသည်ဆိုပါကလည်း မည်သည့် အတိုင်းအတာအထိ တိုးတက်မှု ရရှိနေသည်ကို သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ မူဝါဒများ ချမှတ် ဆောင်ရွက်ပေးနေသည်ဆိုပါက အဓိက အရင်းအနှီးများ ဆောင်ရွက်ပေးနေခြင်း ရှိ၊ မရှိ။ ရှိပါက မည်သို့မည်ပုံ ဆောင်ရွက်ပေးနေသည်ကို မည်သည့် အချိန်မှစတင် ဆောင်ရွက်ပေးနေသည်ကို သိလိုပါတယ်။ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများနှင့် ပတ်သက်လို့လည်းပဲ စက်မှုဝန်ကြီးဌာနအနေနဲ့ တာဝန်ရှိတဲ့ အတိုင်းပဲ နည်းပညာပိုင်းဆိုင်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများကို မည်ကဲ့သို့အကူအညီပေး၍ ဦးဆောင် ဦးရွက်ဆောင်ရွက်ပေး နေသည်ကိုသိလိုပါကြောင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိကိုလည်းသိလိုပါကြောင်း။ မိမိတို့ ပုဂ္ဂလိကပိုင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက် နည်းပညာပိုင်းရရှိရန် ယှဉ်ပြိုင်၍ တရားမျှတသော ယှဉ်ပြိုင်မှုနှင့် စီးပွားရေး အောင်မြင်တိုးတက်မှုရရန် အကာအကွယ်များ ပြုလုပ်ပေးခြင်း ရှိ၊ မရှိ။ ဥပမာ မကြာမီမှာ လာတော့မည့် AFTA ကဲ့သို့သောကိစ္စရပ်မျိုး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုး ဆောင်ရွက်တဲ့အခါမှာ စက်မှုကဏ္ဍမှ မိမိတို့အမျိုးသား အကျိုးစီးပွားကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့အကာ အကွယ်များ၊ အထောက်အကူများ ပြုလုပ်ပေးနေသည်ကို သိလိုပါကြောင်း၊ မိမိတို့ရဲ့စက်မှုဇုန်များ၌ အိမ်နီးချင်း နိုင်ငံများမှ စက်ပစ္စည်း အစိတ်အပိုင်းများနှင့်တကွ အခြားအစိတ်အပိုင်းများ ဝင်ရောက် နေမှုကြောင့် အခက်အခဲ တွေ့နေသည်ကို မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်ပေးနေသည်ကို သိလိုပါ ကြောင်းမေးမြန်ပါသည်။
၂၀၁၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပုဂ္ဂလိက ကဏ္ဍနှင့်တွဲဖက်၍ ရေရှည်ထိန်းသိမ်း နိုင်မည့် စီးပွားရေးကြီးထွားမှု ရရှိနိုင်ရေးအတွက်ချမှတ်ထားသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးမူဝါဒ ၈ ချက်၊ ရည်မှန်းထားသော ရည်မှန်းချက် ၂ ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် ၂၀ ချက် တို့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဖော်ပြပါ နိုင်ငံတော်စက်မှုကဏ္ဍပိုင်း ဆိုင်ရာမူဝါဒများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ချမှတ်ထားသောဈေးကွက် စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေမှု ရှိစေမည့် မူဝါဒရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၌ စက်မှုလက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ထည့်သွင်း ဖော်ပြထားသည့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးမူဝါဒ ၈ ချက်တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍပိုမိုမြှင့်တင်ရေး အချက် ကို ထည့်သွင်းဖော်ပြထားပါတယ်။ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများအနက် မဟာဗျူဟာအရ နိုင်ငံတော်မှ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်မှု မရှိသည့် စက်ရုံအလုပ်ရုံများကိုပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် အောက်ပါအတိုင်း စီမံဆောင်ရွက်လျက် ရှိပါတယ်။ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်သည့် စက်ရုံအလုပ်ရုံများ၏ အဆိုပြုချက်စာရင်းကို ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ တွင်အတည်ပြုချက်ရယူပြီး လုပ်ငန်းများရှိ တင်ဒါကြော်ငြာသင်ပုန်းများတွင် ကြော်ငြာထားသည့်အပြင် သက်ဆိုင်သည့်ဂျာနယ်များတွင်လည်း ထည့်သွင်း၍ကြော်ငြာခဲ့ပါတယ်။ အဆိုပြုလွှာတင်သွင်း လာသောကုမ္ပဏီများကို ဒုတိယဝန်ကြီးဦးစီးပြီး စက်မှုလုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ ပါဝင်သည့် စိစစ်ရေးအဖွဲ့မှခေါ်ယူပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုအပေါ်အခြေခံပြီး စက်ရုံအလိုက်ဆက်လက်အကောင်အထည်ဖော်နိုင်စွမ်းရှိသော သင့်လျော်သည့်ကုမ္ပဏီစာရင်းကိုပြုစု၍ နိုင်ငံတော်သမ္မတရုံးသို့တင်ပြပြီး လမ်းညွှန်မှုခံယူခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံး၏မူအရ ခွင့်ပြုချက်ရရှိပါက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့ တင်ပြ အတည်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ကို ဆက်လက်ရယူရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရရှိပါက ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၏အတည် ပြုချက်ဖြင့် ကုမ္ပဏီအလိုက်ဆောင်ရွက်မည့်အစီအမံအတွက် သက်ဆိုင်ရာစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးများမှ အသေးစိတ်ဆွေးနွေးခြင်း၊ စာချုပ်စာတမ်းမူကြမ်းများကိုပြုစု၍ သက်ဆိုင်ရာ ဌာနများသို့ပေးပို့ပြီး သဘောထားမှတ်ချက်ရယူခြင်းနှင့် သဘောထားမှတ်ချက်အရ ပြုပြင်ပြီး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးချုပ်ဆိုခြင်းများဆောင်ရွက်ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီ များဖြင့် Lease Joint Venture နှင့် Public Private Partnership (PPP) နည်းလမ်းများဖြင့် လုပ်ဆောင်မည်ဆိုပါက ဖော်ပြပါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြ အပ်ပါတယ်။ ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကစက်မှုကဏ္ဍတိုးတက်စေရေးအတွက် လိုအပ်သော မူဝါဒနှင့် နည်းပညာများကိုစက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်မှုညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုစီမံကိန်းဦးစီးဌာနတို့မှ ညွှန်ကြားလွှာများကိုထုတ်ပြန်ထိန်းကျောင်း ဆောင်ရွက်ပေးသလို ပုဂ္ဂလိကပိုင်စက်ရုံအလုပ်ရုံများ စနစ်တကျရှိစေရေးအတွက်လည်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှ ပုံမှန်စစ်ဆေးမှုများဖြင့်ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် လိုအပ်သည့်အရင်းအနှီးများ အတွက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လုပ်ငန်းအမျိုးအစား ၁၀ မျိုး၊ လုပ်ငန်းရှင် ၃၇၂ ဦးထံသို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဇွန်လအထိ ငွေကျပ် ၅၈.၃၈၂ ဘီလီယံကိုထုတ်ချေးပေးထားပြီး ဖြစ်ပါတယ်။ စိုက်ပျိုးရေး အမတော်ကြေးငွေကဲ့သို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ သို့တင်ပြခဲ့ရာမူအားဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်၏စက်မှုကဏ္ဍပိုင်းဆိုင်ရာမူဝါဒ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ် များဟာ ယခင်အစိုးရလက်ထက်တွင်ရေးဆွဲခဲ့သော နှစ် ၃၀ စီမံကိန်းများအပေါ် အခြေခံရေးဆွဲထား ခြင်းမဟုတ်ဘဲ ယခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ချမှတ်ထားသည့်မူဝါဒများအပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သောနည်းပညာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတို့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပညာပေးလုပ်ငန်းများနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆွေးနွေးပွဲများကိုကျင်းပပြုလုပ်ခဲ့ပါရာ SMEs Strategic Program Course ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော်၌လည်းကောင်း၊ ဂျာမနီနိုင်ငံFriedrich–Naumann Foundation (FNF) နှင့်ပူးပေါင်း၍ SMEs Supporting Methodology ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ဂျာမနီနိုင်ငံ Konard Adenauer Foundation နှင့်ပူးပေါင်း၍ SMEs Cluster Development Program ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် နေပြည်တော်၌လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် UNESCAP တို့ပူးပေါင်း၍ Public Private Partnership Readiness Workshop ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်မြို့တို့မှာလည်းကောင်း ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ပအဖွဲ့အစည်းများပူးပေါင်း၍ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိ ပါတယ်။ မကြာမီရောက်ရှိလာမည့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (AFTA) အကောင် အထည်ပေါ်လာလျှင် အာဆီယံနိုင်ငံများအတွင်း ကုန်စည်များလွတ်လပ်စွာစီးဆင်းမှု၊ ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းမှု၊ အရင်းအနှီးများလွတ်လပ်စွာစီးဆင်းမှုနှင့် ကျွမ်းကျင်လုပ်သားများလွတ်လပ် စွာရွှေ့ပြောင်းလုပ်ကိုင်နိုင်မှုတို့ကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။ ၎င်းအချိန်တွင် ပြည်ပမှ ကုန်စည်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်သို့ ပိုမိုဝင်ရောက်လာမှာဖြစ်ပြီး ပြည်တွင်းလုပ်ငန်း များအနေနဲ့ ပြည်ပမှဝင်ရောက်လာမည့် ကုန်ပစ္စည်းများ၏အရည်အသွေးနှင့် ဈေးနှုန်းကိုယှဉ်ပြိုင် နိုင်အောင်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ ထို့ကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ အတွက် နည်းပညာပိုင်းရရှိရန် ယှဉ်ပြိုင်မှုများ၌တရားမျှတစွာယှဉ်ပြိုင်၍ စီးပွားရေးအောင်မြင် တိုးတက်နိုင်ရေးအတွက် အကာအကွယ်ပေးရာတွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ဒေသမူဝါဒ မူဘောင်၊ ကမ္ဘာ့ကူးသန်းရောင်းဝယ်မှုအဖွဲ့ (World Trade Organization) မူဘောင်နှင့် အခြား အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုသဘောတူညီချက်မူဘောင်အတွင်းမှသာ ကူညီ ကာကွယ်မှုပေးနိုင်မည်ဖြစ်ပါတယ်။ ၎င်းမူဘောင်များအတွင်းမှသာ လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးတိုက်တွန်း၍ ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဈေးကွက်စီးပွားရေးအရ ဆောင်ရွက် ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များအခြေခံပြီး မိမိတို့အားသာချက်များကို ရှာဖွေ ဖော်ထုတ်အသုံးချလျက် Agro-based Industry, Agri-Product Value-Added Enterprise Supporting Factories, Supply Chain Mechanism အသွင်ဖြင့် ကူးပြောင်းနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် နည်းပညာများရရှိရေးနှင့် အခြားလိုအပ်သည်များကို တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
