(ဇ)-မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း တစ်ဖက် ၃ ပေအကျယ် အမာခံလမ်း ပခုံးတိုးချဲ့ဆောင်ရွက်ပေး နိုင်ပါရန်နှင့် တံတားအမှတ် (၃/၅၁) ခိုနားလီတံတားနှင့် တံတားအမှတ် (၁/၂၄) နမ္မဘေလီ တံတားတို့အား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ပါရန်တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းမှာရှိတဲ့ မယ်ဟန်-မိုင်းရယ်-ကျေးသီး ကားလမ်းပိုင်းဟာ မော်တော်ယာဉ်များ သွားလာမှု များပြားလာခြင်း နေ့စဉ်ကုန်တင်ယာဉ်ကြီးများသွားလာမှု ပိုမိုများပြားလာရာ အချို့သောကားလမ်းပိုင်း များ ကျဉ်း‌ြမောင်းသဖြင့် ယာဉ်ကြီးများရှောင်တိမ်းမှုခက်ခဲခြင်း၊ အန္တရာယ်များခြင်းအပြင် မယ်ဟန်-မိုင်းရယ်-ကျေးသီး ကားလမ်းပိုင်းမှာရှိတဲ့ နမ္မတံတားနှင့် ခိုနားလီတံတား ၂ စင်းမှာလည်း ယိုယွင်း ပျက်စီးလျက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ မေးမြန်းလိုတဲ့ မေးခွန်းကတော့ (က) မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ မိုင် ၂၃/၂ မှ ၃၀/၂ အထိ ၇ မိုင်နှင့် ၄၂/၀ မှ ၄၇/၀ အထိ ၅ မိုင် လမ်းအပိုင်းတို့အား တစ်ဖက် ၃ ပေအကျယ် အမာခံလမ်းပခုံး တိုးချဲ့ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါတယ်။ (ခ) မယ်ဟန်-မိုင်းရယ်-ကျေးသီး လမ်းတံတား အမှတ် (၃/၅၁) ခိုနားလီတံတား သံပေါင်သစ်သားကြမ်းခင်းတံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ပါရန်နှင့် တံတားအမှတ် (၁/၂၄) နမ္မဘေလီတံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ပါရန် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိုင်းရယ်မြို့နယ်အတွင်းမှာရှိတဲ့ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းဟာ မိုင် ၂၃/၂ ကနေပြီးတော့ ၇၁/၀ ထိ ၄၇ မိုင် ၆ ဖာလုံရှိပြီးတော့ ကတ္တရာလမ်းအမျိုးအစားအဆင့် ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေ ၅၃.၇၄ သန်းခွဲဝေရရှိပြီးတော့ ဟိုယရွာကနေ မိုင် ၄၁/၀ မှ ၄၂/၀ ထိ ၁ မိုင်ကို ၁၂ ပေအကျယ် ကတ္တရာလမ်းအဆင့်အထိ တစ်ဖက် ၃ ပေစီချဲ့ပြီးတော့ ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနဲ့ အမာခံလမ်းပခုံး ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ထားပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာပဲ အထူးပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၅၂၆.၁၆ သန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားတဲ့ လုပ်ငန်းများဖြစ်တဲ့ မိုင် ၂၃/၂ မှ ၃၀/၂ အထိ     ၇ မိုင်နှင့် မိုင် ၄၂/၀ မှ ၄၇/၀ ထိ ၅ မိုင်၊ စုစုပေါင်း ၁၂ မိုင်ကို တစ်ဖက် ၃ ပေအကျယ် အမာခံလမ်း လမ်းပခုံးလုပ်ငန်း ဆောင်ရွက်မည့်အပြင် လက်ရှိရှိနေတဲ့ကတ္တရာလမ်းကိုလည်း လမ်းပေါက်များ ဖာထေးပြီးတော့ ကတ္တရာရေပိတ်လွှာ တည်ဆောက်ခြင်းလုပ်ငန်းကိုပါ ၁၂ မိုင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။

ဒုတိယအပိုင်းဖြစ်တဲ့ တံတားအမှတ် (၃/၅၁) ခိုနားလီတံတား သံပေါင်သစ်သားကြမ်းခင်း တံတားကို သံကူကွန်ကရစ်တံတားတည်ဆောက်ပေးရန်နှင့် တံတားအမှတ် (၁/၂၄) နမ္မဘေလီတံတား ကို သံကူကရစ်တံတားအဖြစ် တည်ဆောက်ပေးပါရန် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းဖြေကြား မှာ ဖြစ်ပါတယ်။ မိုင်းရယ်မြို့နယ်မှာရှိတဲ့ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းပေါ်မှာရှိတဲ့ တံတားအမှတ် (၃/၅၁) ပေ အရှည် ၈၀ ရှိတဲ့ ခိုနားလီတံတားဟာ လက်ရှိတံတားအောက်ထည်မှာ ကျောက်စီကမ်း ကပ်ခုံနှင့် သစ်သားရေလယ်တိုင်ဖြစ်ပါတယ်။ တံတားအပေါ်မှာတော့ အာရ်ပီတီသံပေါင်နှင့် သစ်သား ကြမ်းခင်းအမျိုးအစားဖြစ်ပါတယ်။ တံတားအမှတ် (၁/၂၄) ၁၂၀ ပေ အရှည်ရှိတဲ့ နမ္မဘေလီတံတား ကတော့ လက်ရှိတံတားအောက်ထည်မှာ ကျောက်စီကမ်းကပ်ခုံနှင့် ကျောက်စီရေလည်တိုင်ဖြစ်ပြီး တော့ တံတားအပေါ်မှာ ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းဆောင်ရွက်ထားတဲ့ တံတားအမျိုးအစား ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘီးလမ်းရဲ့ကြမ်းခင်းတွေကို လဲလှယ်ပြီးတော့ ဒီတံတားကြီး ကြံ့ခိုင်ကောင်းမွန်အောင် ယာဉ်များပုံမှန်သွားလာနိုင်အောင် ဆောင်ရွက်ထားရှိလျက်ရှိပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တော်ကြီးတင်ပြသွားတဲ့ ခိုနားလီတံတားအား ၈၀ပေ×၂၄ပေ အကျယ်သံကူကွန်ကရစ်တံတားအဖြစ် လည်းကောင်း၊ နမ္မတံတားအား ၁၂၀ ပေအရှည်၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတားအဖြစ် လည်းကောင်း တည်ဆောက်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အထူးပြင်ဆင်ထိန်းသိမ်း ရေးရန်ပုံငွေဖြင့် စတင်ဆောင်ရွက်မှာဖြစ်ပြီးတော့ ၂၀၁၃-၂၀၁၄ ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေကိုပါ ဆက်လက်တင်ပြတောင်းခံသွားပြီး ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။