(ဃ)-အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်ကားလမ်းမကြီးအား ချောင်းရေတိုက်စားနေသည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် မြေထိန်းနံရံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၃. ၆. ၂၀၁၄)

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်- ပြည်ကားလမ်းမကြီးဟာ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတို့နဲ့ အဓိကကူးသန်းသွားလာမှုအတွက် လမ်းမကြီးတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာဆိုလို့ ရှိရင် ရန်ကုန်-ပြည် ကားလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် (၁၁၃/၁) မှ (၁၁၃/၂)ကြားမှာရှိတဲ့ သရက်ပင် ဆိပ်ကျေးရွာအနီး ယာဉ်သွားလမ်းအနီးမှာ သဖန်းပင်ဆိပ်ချောင်းခေါ် ညောင်ချောင်းရဲ့ရေတိုက်စား မှုများကြောင့် ကားလမ်းမကြီးနဲ့ချောင်းကမ်းပါးဟာ ၁၀ ပေခန့်သာ ကွာခြားနေပါတော့တယ်။ ယင်းချောင်းရဲ့ရေတိုက်စားမှုကို အချိန်မီထိန်းသိမ်းကာကွယ်နိုင်ခြင်းမရှိပါက ကားလမ်းမကြီးပျက်စီး စေမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတာကတော့ အုတ်ဖို မြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်ကားလမ်းမကြီးအား သဖန်းပင်ဆိပ်ချောင်းရဲ့ ရေတိုက်စားနေတဲ့ အန္တရာယ်ကာကွယ်ပေးနိုင်မယ့် မြေထိန်းနံရံတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါ၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးစားစွာဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးစိုးတင့်(ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိ တဲ့ ရန်ကုန်-ပြည်-မကွေးလမ်းဟာ အုတ်ဖိုမြို့နယ်အတွင်းမှာ မိုင်တိုင် (၁၀၅/၅) မှ (၁၁၉) အထိ ၁၃ မိုင်နဲ့ ၃ ဖာလုံပါဝင်ပြီးတော့ မက်စ်မြန်မာကုမ္ပဏီလီမိတက်က B.O.T စနစ်နဲ့ ဆောင်ရွက်လျက်ရှိတာ ဖြစ်ပါတယ်။ အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ရွာအနီးမှာရှိတဲ့ သဖန်းပင်ဆိပ်ချောင်းရဲ့ ရေတိုက်စားမှု အခြေအနေနှင်‌့ပတ်သက်ပြီးတော့ အဓိကအားဖြင့် အချက်ငါးချက်တင်ပြလိုပါတယ်။ (၁) အချက်က တော့ သဖန်းပင်ဆိပ်ချောင်းဟာ ယခင်နှစ်များစွာကပင် ရေစီးဆင်းမှုပမာဏလည်း ပုံမှန်အတိုင်း စီးဆင်းလျက်ရှိပါတယ်။ (၂)ကတော့ တောင်ပေါ်မှာမိုးများတဲ့အခါမှာ တောင်ကျရေများပြီးတော့ ရေစီးဆင်းမှုဟာ ကျွန်တော်တို့ပူးတွဲပါ တင်ပြထားတဲ့ပုံစံအတိုင်း တံတောင်ဆစ်ကွေး စီးဆင်းရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (၃)အချက်အနေနဲ့  မိုင် (၁၁၃/၁) အနီးမှာရှိတဲ့ သဖန်းပင်ဆိပ်ချောင်းမှာ သဲထုတ်ယူခြင်းဆောင်ရွက်မှုများ မူလကချောင်းအနက်ကို ပိုမိုနက်ရှိုင်းလာတဲ့အတွက် နှစ်ကာလ ကြာမြင့်လာတဲ့အခါမှာ ကမ်းပြိုတဲ့အန္တရာယ်ရှိနိုင်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ဒီနေရာလေး တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သဲထုတ်တဲ့အတွက် အခက်အခဲတွေဖြစ်လာ တာကြောင့် အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဒီမိုင်တိုင်တွေမှာ သဲမထုတ်ဖို့ဆိုပြီးတော့ တားမြစ် ထားပြီးဖြစ်ကြောင်း ကျွန်တော်တို့သိရှိရပါတယ်။ (၄)အချက်ကတော့ သဖန်းပင်ဆိပ်ချောင်းရဲ့အထက် ဖက်မှာ ဆည်မြောင်းဦးစီးဌာနကလည်း ဒါကကျွန်တော်တို့ အထက်ဖက် Up stream ဖြစ်ပါတယ်။ ဒီဘက်က Down stream ဖြစ်ပါတယ်။ ဒီအထက်ဖက်မှာ ဆည်မြောင်းဦးစီးဌာနကနေပြီးတော့ ရေတံခါးတစ်ခုကို ရေစီးရေလာကောင်းမွန်ရေးအတွက် တပ်ဆင်ပြီးဖြစ်ကြောင်း ကျွန်တော်တို့စစ်ဆေး တွေ့ရှိရပါတယ်။ အဲ့တော့ ၂၀၁၄ ခုနှစ် မေလအတွင်းမှာ စစ်ဆေးချက်အရတော့ လက်ရှိချောင်းရဲ့ အနက်ဟာ ၁၀ ပေကနေပြီးတော့ ၁၂ ပေကြားရှိနေတာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တော် ကြီး တင်ပြတဲ့အတိုင်း ချောင်းကမ်းပါးမှာ ရန်ကုန်-ပြည်လမ်း အနီးဆုံးနေရာနဲ့ ၂၇ ပေခန့်ကွာတာ ဖြစ်ပါတယ်။ ဒါတွေကို စစ်ဆေးတွေ့ရှိတဲ့အခါမှာ ဒီအနားမှာလည်း သစ်ပင်ကြီးများရှိနေတဲ့အတွက် ချက်ချင်းတော့ ဒါကိုကမ်းပြိုသွားဖို့မဖြစ်နိုင်သေးသော်လည်း ရေရှည်မှာ ကမ်းပြိုနိုင်စရာအကြောင်းရှိ ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ရန်ကုန်-ပြည်-မကွေးလမ်းရဲ့ မိုင်တိုင်(၁၁၃/၁)နဲ့ (၁၁၃/၂) ကြားမှာ ကျွန်တော့်တို့ ဒီနေရာမှာ ပေ ၁၀၀ ခန့်ရှိတဲ့ မြေထိန်းနံရံကို မက်စ်မြန်မာကုမ္ပဏီက နေပြီးတော့ အလျားပေ အရှည် ၁၀၀ နဲ့ အမြင့်ပေ ၅ ပေရှိတဲ့ ဂဝံကျောက် စီမြေထိန်းနံရံကြီးကို ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။