စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အတွင်းမှာ တမူး-ကလေး-ကလေးဝလမ်းမကြီးဟာ တောင်နဲ့မြောက်ဖြတ်သန်း လျက်ရှိပါတယ်။ တမူးမြို့မှာ မိုးများတဲ့ အချိန်ကာလများမှာ အနောက်ဘက်တောင်တန်းပေါ်ကနေ စီးကျလာတဲ့ ရေများဟာ အရှေ့ဘက် မြို့တွင်းသို့စီးဆင်းရန် တမူး-ကလေး ကားလမ်းမကြီးကို ဖြတ်သန်းစီးဆင်းရပါတယ်။ အဲ့လို စီးဆင်းတဲ့ အခါမှာ ကားလမ်းမကြီးကို ဖြတ်ပြီးတော့မှ အရှေ့နဲ့အနောက် ပြွန်လုံးများမြုပ်ထားမှု အားနည်းနေတဲ့ အတွက် ရေစီးဆင်းမှုများ လျင်မြန်မှုမရှိတဲ့အတွက် တောင်ခြေမှာရှိတဲ့အိမ်များဟာ ရေနစ်မြုပ်မှုများနဲ့ ကြုံတွေ့ကြရပါတယ်။ တစ်ခါတစ်ရံ နှစ်ရက်သုံးရက်ခန့်ထိ ကြာတတ်ကြောင်း တွေ့ရှိရပါတယ်။ မိုးကုန် သွားသော်လည်းပဲ ရေအိုင်များဖြစ်ထွန်းပြီးတော့မှ အိမ်များအကြားရေများ ကျန်ရစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ပြွန်ပိုက်လုံးများကို စနစ်တကျ နေရာအလိုက် ပြန်လည်ဖောက်လုပ် မြှုပ်နှံပေးမယ်ဆိုရင် ရေစီးရေလာကောင်းမွန်သွားပြီးတော့မှ ရေကြီးရေလျှံမှုကိုလည်းပဲ အထိုက် အလျောက် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဲ့ဒီလမ်းမကြီးဟာ ယခုအခါမှာ အဝေးပြေးလမ်းမကြီးအဖြစ် သတ်မှတ်ထားတဲ့အတွက် မြို့တွင်းလမ်းရဲ့တစ်ဖက်တစ်ချက် ပေ ၅၀ လမ်း ရဲ့အကျယ် ပေ ၁၀၀ ကိုယူမယ်ဆိုရင် ယခုမြို့ထဲမှာရှိတဲ့အိမ်များဟာ နောင်မှာအခက်အခဲများနဲ့ တွေ့ရှိ လာရမှာဖြစ်ကြောင်း ပြည်သူများက တင်ပြလာကြပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူများက မြို့ရဲ့ အနောက်ဘက်တောင်ကြောမှာ မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ပေးစေလိုကြောင်း တင်ပြလာခဲ့ပါ တယ်။ မြို့ရဲ့ Town Plan ရေးဆွဲတဲ့နေရာမှာလည်းပဲ မြို့ရှောင်လမ်းဖောက်လုပ်ဖို့အတွက် လျာထား ကြောင်းလည်းတွေ့ရှိရပါတယ်။ ဒီလမ်းကို ဖောက်လုပ်ပေးခြင်းအားဖြင့် မြို့ရှောင်လမ်းတစ်ခုတည်း သာမကဘဲနဲ့ မိမိတို့နိုင်ငံနဲ့ အိန္ဒိယနိုင်ငံနယ်နိမိတ်အားလည်းပဲ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပြီး ဖြစ်သွားမည်ဖြစ်ကြောင်းလည်းပဲ တင်ပြလိုပါတယ်။ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ များ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများနဲ့ မြို့မိမြို့ဖများတွေ့ဆုံပွဲမှာ မိမိအား အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြပေးရန် အကြံပြုလာတဲ့အတွက် ဒေသခံပြည်သူများရဲ့ ကိုယ်စား အောက်ပါမေးခွန်းများအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါ တယ်။ (၁) အထက်ဖော်ပြပါ ပြည်သူများ၏လိုလားချက်ဖြစ်သော အနောက်ဘက်တောင်ကုန်း ပေါ်တွင် မြို့ရှောင်လမ်းအားဖောက်လုပ်ပေးရန် အစီအစဉ်ရှိပါသလား။ (၂) မြို့ရေကြီးရေမြုပ်ခြင်းမှ ကာကွယ်ပေးရန်အတွက် လမ်းမကြီးအားဖြတ်လျက် လိုအပ်သောနေရာများတွင် ရေထုတ်ပြွန်များကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၃) ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းပါသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်အတွင်းမှာရှိတဲ့ တမူး-ကလေး-ကလေးဝလမ်းဟာ မိုင်ပေါင်း ၉၉ မိုင်နဲ့ ၁ ဖာလုံ ရှည်တဲ့လမ်းဖြစ်ပါတယ်။ ဒါ တမူး-ကလေး-ကလေးဝလမ်းဖြစ်ပါတယ်။ လမ်းဆုံကနေပြီးတော့ ကလေးဝကို ခွဲသွားတဲ့လမ်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ရောက်ရှိခဲ့တဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းရဲ့အရှည်ဟာ ၉၉ မိုင် ၁ ဖာလုံဖြစ်ပြီးတော့ ဒီလမ်းကို ၁၉၉၇ ခုနှစ်မှာ အိန္ဒိယအစိုးရကနေပြီးတော့ ဆောင်ရွက်ပေးခဲ့တဲ့လမ်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ လမ်းဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲတဲ့လမ်းအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ ဒီလမ်းပေါ်မှာတော့ လမ်းရဲ့နယ်နိမိတ် ကို မြို့တွင်းနှင့် ရွာတွင်းတွေမှာ ပေ ၁၀၀ နဲ့ မြို့ပြင်မှာ ပေ ၂၃၀ ဆိုပြီး သတ်မှတ်ထားပြီးတော့ ဒီလမ်းရဲ့ တမူးမြို့တွင်းမှာ သွားလာနေတဲ့ ယာဉ်သွားလာမှုနှုန်းကို ကျွန်တော်တို့ ကောက်ခံတဲ့အခါမှာ တစ်နေ့ ပျမ်းမျှသွားလာတဲ့နှုန်းဟာ ၃၁၅ စီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလမ်းရဲ့အကျယ်ဟာ ၁၈ ပေ ဖြစ်နေတဲ့အတွက် လမ်းနဲ့ယာဉ်သွားလာမှုကတော့ အခုအချိန်ထိ လုံလောက်မှုရှိနေတာဖြစ်ပါတယ်။ ဒီ့အပြင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့အတိုင်း Town Plan ရေးဆွဲတဲ့အခါမှာ လည်း ဒီအပိုင်းကို မြို့ရှောင်လမ်းရေးဆွဲဖို့ဆိုတာ ထည့်သွင်းပြီးတော့ ကျွန်တော်တို့ဌာနကပဲ ရေးဆွဲ တင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ လမ်းအူကြောင်းရှာဖွေပြီးတော့ ပထမ အဆင့်အနေနဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ဝန်ထမ်းများကို စေလွှတ်ပြီးတော့ ကွင်းဆင်း တိုင်းတာလျက်ရှိပါတယ်ဆိုတာကို တင်ပြအပ်ပါတယ်။
အဲဒီတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တမူး-ကလေး-ကလေးဝ လမ်းမကြီးဟာ တောင် နှင့်မြောက်စီးဆင်းနေတဲ့လမ်းမကြီးဖြစ်ပါတယ်။ မိုးများတဲ့အခါမှာ ဒီအနောက်ဘက်တောင်တန်းကနေ ပြီးတော့ ရေများဟာ တောင်ကျရေအဖြစ် အရှိန်အဟုန်နဲ့ စီးဆင်းတဲ့အခါမှာ ကားလမ်းကြီးကို ဖြတ်သန်းပြီး စီးဆင်းတာကြောင့် ရံဖန်ရံခါမှာ တောင်ခြေမှာရှိတဲ့ အိမ်များနစ်မြုပ်မှုရှိတာကိုလည်း တွေ့ရှိရတာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအတွက်ကြောင့် တမူးမြို့တွင်းမှာ ရှိတဲ့အိမ်များ ရေနစ်မြုပ်မှုကင်းဝေးစေရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၄၀ သန်းနဲ့ တမူးမြို့တွင်းမှာဖြစ်တဲ့ မိုင်တိုင် (၉၁/ဝ) နှင့် (၉၁/၁) ကြား တစ်နေရာ၊ (၉၂/၃) နှင့် (၉၂/၄) ကြားတစ်နေရာ ဒီနှစ်နေရာမှာ ကျွန်တော်တို့ အကျယ် (၁၀'x၄၀') Box Culvert နှစ်စီး ဆောင်ရွက်ပြီးတော့ ဒါကို လေ့လာစောင့်ကြည့်ပြီး လိုအပ်ရင်လည်း Box Culvert တွေထပ်မံ ဆောင်ရွက်ပေးခြင်းအားဖြင့် လောလောဆယ်မှာတော့ ရေကြီးရေလျှံနစ်မြုပ်တဲ့ကိစ္စကို ဖြေရှင်းပေးနိုင် မှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
